ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျက်ကော့ဘလိပ်ခ် - ဝစ္စကွန်ဆင်း ဆန္ဒပြမှု သုံးရက်မြောက်မှာ လူနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
အမေရိကန်နိုင်ငံ ဝစ္စကွန်ဆင်းပြည်နယ် ကနိုရှာမြို့မှာ လူမည်း အမျိုးသားတစ်ဦးကို ရဲက ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဆန္ဒပြမှု သုံးရက်မြောက်နေ့မှာ ပစ်ခတ်ခံရလို့ လူနှစ်ယောက် သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
လူသုံးယောက် ပစ်ခတ်ခံရတယ်လို့ ရဲတပ်ဖွဲ့က ပြောပေမဲ့ ဘယ်သူတွေ ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့ကြတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။
စက်သုံးဆီဆိုင်ကို လုံခြုံရေးယူထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေအကြား ပဋိပက္ခဖြစ်ရာက ပြင်းထန်တဲ့တိုက်ခိုက်မှုတွေ ဖြစ်လာဖွယ်ရှိတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ အစောပိုင်းက ဖော်ပြခဲ့ကြပါတယ်။
ဒီမငြိမ်မသက်မှုတွေရဲ့ အစကတော့ တနင်္ဂနွေနေ့မှာ ဂျက်ကော့ဘလိပ်ခ်ကို ရဲက တိုက်ခိုက်လို့ ဒဏ်ရာရခဲ့ရာက စခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ဂျက်ကော့ဘ် ဘလိပ်ခ်ဟာ ဝစ္စကွန်ဆင်ပြည်နယ် မြို့တော် ကနိုရှာမှာ ကားတစီးဆီကို သွားပြီး ကားတံခါး ဖွင့်နေတုန်းမှာ သေနတ်နဲ့ အချက်ပေါင်းများစွာအပစ်ခံခဲ့ရတာပါ။
မစ္စတာဘလိပ်ခ်ကတော့ သေနတ်ပစ်ခံရလို့ အကြောသေသွားတယ်လို့ ဆရာဝန်တွေက ပြောကြောင်း သူ့ရဲ့ ရှေ့နေက အင်္ဂါနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သူ့ရဲ့ ရှေ့နေကတော့ မစ္စတာ ဘလိပ်ခ် လမ်းပြန်လျှောက်နိုင်ဖို့ဆိုတာ အင်မတန် ကံကောင်းမှပဲ မျှော်လင့်နိုင်တော့မယ်လို့ ပြောပါတယ်။
ဒီပစ်ခတ်မှုမှာ ရဲတွေဟာ မိသားစုအရေးကိစ္စတခုကို ဖြေရှင်းပေးဖို့ ကူညီဆောင်ရွက်တာလို့ ရဲဘက်က ပြောထားပါတယ်။
အဲဒီနောက်ပိုင်း ကြမ်းကြမ်းတမ်းတမ်း ဆန္ဒပြမှုတွေ ဖြစ်လာလို့ အစိုးရက အရေးပေါ်ထုတ်ပြန်လိုက်တဲ့ ညမထွက်ရ အမိန့်တွေကို ချိုးဖောက်ပြီး ဆန္ဒပြမှုတွေမှာ လူတွေက ပူးပေါင်း ပါဝင်လာကြပါတယ်။
အခုနောက်ဆုံး ဖြစ်ခဲ့တဲ့ လူနှစ်ဦးသေဆုံးခဲ့တဲ့ ပစ်ခတ်မှုကို စုံစမ်းရာမှာ စက်သုံးဆီဆိုင်လုံခြုံရေးယူထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး အဓိက စုံစမ်းသွားမယ်လို့ ကနိုရှာခရိုင် ရဲမှူး ဒေးဗစ် ဘတ်က အစောပိုင်းမှာ နယူးယောက်တိုင်းမ်စ် သတင်းစာကို ထုတ်ပြောထားပါတယ်။