ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရေမှော်လေးတွေကြောင့် မီးစုန်းပြာ တောက်ပတဲ့ ကမ်းခြေ
- ရေးသားသူ, ဘာရာ ဘက်စ်
- ရာထူးတာဝန်, ဘီဘီစီ သတင်း၊ မြောက်ပိုင်း အိုင်ယာလန် ရာသီဥတု အစီအစဉ်တက်ဆက်သူ
"ကြည့်ရတာ အံ့မခန်းပဲ၊ လှိုင်းလေးတွေက သန်းနဲ့ချီတဲ့ မီးစုန်း အလင်းလေးတွေနဲ့ တလက်လက် တောက်ပနေပြီး ကမ်းခြေကို လာရိုက်ခတ်နေတာလေ။"
အိုင်ယာလန်နိုင်ငံ ကောခ့် ကောင်တီ အရပ်က ကမ်းခြေတလျှောက် အပြာရောင်မီးစုန်းတွေနဲ့ တောက်ပနေတဲ့ ရေလှိုင်းတွေကို ကြည့်ရင်း သဘာဝ ချစ်သူတယောက်ရဲ့ နှုတ်က တအံ့တဩ ထွက်ကျလာတဲ့ စကားလုံးတွေပါ။
ဒီသီတင်းပတ်အတွင်း ဖောင်တိန်စတောင်း ကမ်းခြေ (Fountainstown Beach) ကို ပြေးလာတဲ့ ပင်လယ်လှိုင်းလေးတွေကို မီးစုန်းတောက်နေတဲ့ ဇီဝ သက်ရှိ အကောင်လေးတွေ က လင်းလက်တဲ့ ရောင်စဉ်ပြာနဲ့ တန်ဆာဆင်ပေးထားပါတယ်။
အသက်ရှိတဲ့ အကောင်လေးတွေရဲ့ ဆဲလ်ကနေ မီးစုန်းအလင်းဓာတ်က ထွက်လာတာပါ။
ဆိုရှယ်မီဒီယာတခုမှာ အဲဒီအကြောင်း ပို့စ် တခုတွေ့လိုက်ရလို့ အဲဒီကမ်းခြေနဲ့အနီးအနား ခရော့စ်ဟာဗင် က ဓာတ်ပုံသမား ဂျိုလင်း ခရိုနင်က ကင်မရာနဲ့ ကမ်းခြေကို အပြေးသွား ခဲ့ပါတယ်။
"တွေ့လိုက်ရတာတွေက ကျွန်မကို ညှို့ယူ သွားပါတော့တယ်၊ တကယ့်ကို အံ့ဩမှင်တက် မိပါတယ်" လို့ ဂျိုလင်းက ပြောပါတယ်။
"ရေထဲမှာ ခြေထောက်ကို ချထားလိုက်ရင် ခြေထောက်နားတဝိုက် တဒုတ်ဒုတ်နဲ့ လာတိုး နေသလိုမျိုး ခံစားရတယ်"
"ရေလွှာလျှောစီးတဲ့ ဘုတ်ပြားတွေနဲ့ အဲဒီလှိုင်းတွေပေါ် ဖြတ်ရင် ဒစ္စကို(disco) ခန်းထဲ ရောက်သွားသလိုပဲ ရှင့်။"
ဆိုရှယ်မီဒီယာမှာ သူတွေ့လိုက်ရတဲ့ ပို့စ်ကိုတွေ့ပြီး တခြားလူတွေလည်း ညမိုးချုပ် အချိန်နက်နက်မှာ ဒီမြင်ကွင်းကို ကြုံရအောင်လို့ လာခဲ့ကြပါတယ်။
"အရင်တုန်းက ဒီကမ်းခြေမှာ ရေကူးဖူးပါတယ်၊ ဒါပေမဲ့ ဒါမျိုး တခါမှ မတွေ့ခဲ့ရပါဘူး" လို့လည်း ဂျိုလင်းက ပြောပါတယ်။
"ဒေသခံတွေ တချို့နဲ့ အဲဒီမှာ ဆုံရတယ်၊ ကျွန်မ အစ်ကိုနဲ့ သူ့ဇနီးကိုလည်း အဲဒီမှာ တွေ့လိုက်ရတယ်။"
"လူတိုင်းက ပျော်လို့၊ မြူးလို့ပါ၊ ညသန်းခေါင်ချိန်ပေမယ့် အိမ်ကနေထွက်ပြီး ဒီကို လာကြည့်ရတာ သိပ်တန်ပါတယ်။"
အဲဒီနေရာဟာ မီးစုန်းပြာရောင် တောက်ပတဲ့ ပင်လယ်အတွက်လည်း နာမည်ကျော်ပါတယ်။
"လွန်ခဲ့တဲ့ နှစ် ၃၀ လောက်တုန်းက ညဖက် ကာရက်ခ် လှေစီးတာကို ကျွန်တော်တို့ စလုပ်ခဲ့ဖူးတယ်" လို့ Atlantic Sea Kayaking အဖွဲ့က ဂျင်မ် ကနေဒီက ပြောပါတယ်။
"ကမ္ဘာတလွှားက (ဒီလို သဘာဝကို) ရိုက်ထားတဲ့ ပုံတွေပါတဲ့ စာစောင် မဂ္ဂဇင်းတွေ ကျွန်တော်တို့မှာ ရှိပါတယ်။"
"ဒီသီတင်းပတ်အတွင်း ရိုက်ထားတဲ့ ပုံတွေလိုမျိုးကို National Geographic မဂ္ဂဇင်းမှာပဲ အရင်က မြင်ဖူးပါတယ်" လို့ ဂျင်မ်က ပြောပြပါတယ်။
ဂျင်မ်က ကမ္ဘာတလွှားက ပင်လယ်တွေမှာ ကာရက်ခ် လှေစီးဖူးပါတယ်၊ မက္ကဆီကို ဘက်လည်း သူရောက်ဖူးပါတယ်။ ဒါပေမဲ့ ဒီကမ်းခြေက မီးစုန်းပြာ အလှက သိပ်လှ သိပ်ကောင်းလွန်းတယ်လို့ ဆိုပါတယ်။
"ဒီမှာ ကျွန်တော်တို့အတွက် သိပ်ကောင်းတဲ့ အခွင့်အလမ်းကောင်းတွေရှိပါတယ်။ ကျွန်တော်တို့ ပင်လယ်တွေဟာ အသစ်အတိုင်းကို ရှိနေသေးပြီး သင်္ဘောတွေလည်း အများကြီး အသွားအလာ မရှိသေးပါဘူး" လို့ ဂျင်မ်က ပြောပါတယ်။
အိုင်ယာလန် ပင်လယ် သုတေသနနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ရဲ့ အဆိုအရ sea sparkle ခေါ် dinoflagellate ပင်လယ်ရေမှော်ကောင်လေးတွေဟာ ဆဲလ်တခုထဲ ပါတဲ့ ဇီဝအကောင်လေးတွေ ဖြစ်ပြီး မီးစုန်းပြာရောင် အလင်းကို တောက်ပစေတယ်လို့ သိရပါတယ်။