နှစ်ဘက်ကြားညပ်နေတဲ့ အမေရိကန်တက္ကသိုလ်ရောက် တရုတ်ကျောင်းသားတွေ

အမေရိကန် တရုတ် ဆက်ဆံရေးဟာ ဒီနှစ်တွေ အဆိုးဆုံး အနေအထားတခုမှာ ရောက်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန် တရုတ် ဆက်ဆံရေးဟာ ဒီနှစ်တွေ အဆိုးဆုံး အနေအထားတခုမှာ ရောက်နေ
    • ရေးသားသူ, ကျောက်ယင်ဖန်
    • ရာထူးတာဝန်, ဘီဘီစီ တရုတ်ဌာန၊ ဝါရှင်တန်

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အမေရိကန်မှာ ပိတ်မိနေကြပြီး နိုင်ငံရေး တင်းမာမှုတွေကြား ကြားညပ်နေတဲ့ အမေရိကန်ရောက် တရုတ်ကျောင်းသားတွေဟာ သူတို့ မိခင်နိုင်ငံနဲ့ သူတို့လက်ရှိရောက်နေတဲ့ နိုင်ငံနဲ့ ပတ်သက်လို့ သူတို့ အမြင် သဘောထားတွေကို ပြန်လည် သုံးသပ်နေကြပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်အချိန်က အသက် ၁၃ နှစ်အရွယ် ရှိကျန့် တိုင်ဟာ တရုတ်နိုင်ငံကနေ အိုဟိုင်းယိုးပြည်နယ်က ကျေးလက်ဒေသဆီတယောက်တည်း ရောက်လာခဲ့ပါတယ်။

သူ့ရဲ့ တခုတည်းသော ရည်ရွယ်ချက်က ပညာရေးပါ။

သူ့မှာ အမေရိကန်အိပ်မက် အဲဒီအချိန်က မက်ခဲ့ပေမယ့် အခုတော့ နိုင်ငံတွင်းမှာ မလိုမုန်းတီးမှုနဲ့ ရင်ဆိုင်နေရပြီလို့ သူက ပြောပါတယ်။

"အမေရိကန်မှာ နေနေတဲ့ တရုတ်တယောက်အနေနဲ့ ကျွန်မ အခု သိပ်ကြောက်တယ်" လို့လည်း ဆိုပါတယ်။

အမေရိကန်မှာ ကသောင်းကနင်း ဖြစ်နေပြီး တရုတ်ဆန့်ကျင်ရေးတွေ ရှိနေတယ်လို့ ဂျွန်ဟော့ကင်းစ်တက္ကသိုလ်မှာအခု စီနီယာကျောင်းသူတယောက်ဖြစ်နေတဲ့ တိုင်က ပြောပါတယ်။

အမေရိကန်က ကျောင်းတွေမှာ တက်ရောက်နေတဲ့ တရုတ် ကျောင်းသား ကျောင်းသူ ၃၆၀,၀၀၀ လောက်ရှိပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေမှာ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ အရင်က မရှိခဲ့ဖူးတဲ့ အမေရိကန်နဲ့ တရုတ်ကြား တင်းမာမှုတွေ စတဲ့ သမိုင်းဝင် ဖြစ်ရပ် နှစ်ခုကို ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ပြီးနောက်မှာတော့ ဒီနိုင်ငံကြီး နှစ်နိုင်ငံအပေါ် သူတို့အမြင်သဘောထားတွေ ပြောင်းလဲသွားပါတယ်။

နိုင်ငံရေးအသွင်လုပ်ကြတာနဲ့အတူ စိုးရိမ်လာရမှုတွေ

အမေရိကန်မှာ ရောက်နေတဲ့ တရုတ်ကျောင်းသား အများစုဟာ သူတို့ ကိုယ်ပိုင်ငွေနဲ့ ကျောင်းတက်နေကြပြီး အနောက်နိုင်ငံက ရတဲ့ ပညာရေးကြောင့် အလုပ်အကိုင် ကောင်းကောင်းရလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ဒါပေမဲ့ အမေရိကန်ကတော့ တရုတ် ကျောင်းသားတွေအားလုံး က ပုံမှန် ကျောင်းသားတွေချည်းပဲ မဟုတ်ဘူးလို့ သတိပေးထားပြီး တချို့က စီးပွားရေး သူလျှိုလုပ်နေတဲ့ တရုတ်အစိုးရက ကိုယ်စားလှယ်တွေ၊ တရုတ်ထောက်ခံရေး အမြင်တွေကို အကောင်အထည်ဖော်နေသူတွေနဲ့ အမေရိကန်ကျောင်း ပရိဝုဏ်ထဲက တခြား တရုတ်ကျောင်းသားတွေကို စောင့်ကြည့်နေသူတွေလည်း ပါနေတယ်လို့ ဆိုပါတယ်။

တရုတ်စစ်တပ်နဲ့ ဆက်နွှယ်နေတယ်လို့ ယူဆတဲ့ တရုတ် ကျောင်းသား ၃,၀၀၀ ကျော်ရဲ့ ပြည်ဝင်ခွင့် ဗီဇာတွေကို သမ္မတ ထရမ့် အစိုးရက မကြာသေးခင်တုန်းကပဲ ပယ်ဖျက်ခဲ့ပါတယ်။

အထက်လွှတ်တော်အမတ် တယောက်က တရုတ်နိုင်ငံသားတွေ အမေရိကန်မှာ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေ လာရောက်သင်ကြားတာကို ပိတ်ပင်သင့်တယ်လို့တောင် ပြောနေပါတယ်။

အပြန်အလှန် စကားစစ်ထိုးတင်းမာမှုတွေကြား သူတို့ဟာ အမေရိကန် အစိုးရအတွက် နိုင်ငံရေးပစ်မှတ် ဖြစ်လာမှာကို တရုတ်နိုင်ငံသား အများစုက စိုးရိမ်နေကြပါတယ်။

ဟျူစတန်မြို့က တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ အမေရိကန်က ဇူလိုင်လမှာ ညွှန်ကြားခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဟျူစတန်မြို့က တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ အမေရိကန်က ဇူလိုင်လမှာ ညွှန်ကြားခဲ့

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံဘာသာရပ် အဓိကထား ယူထားတဲ့ တိုင်ကတော့ သိပ္ပံနဲ့ နည်းပညာ ဘာသာရပ်တွေ သင်ကြားနေတဲ့ တရုတ်ကျောင်းသားတွေနဲ့ ပညာရှင်တွေကို သေသေချာချာ စိစစ်မှုတွေ လုပ်နေတာကြောင့် အမေရိကန်မှာ သူ့ရဲ့ အနာဂတ် ပညာရေးနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်နေပါတယ်။

"အမေရိကန်မှာ ပါရဂူဘွဲ့ယူပြီး ဒီမှာပဲ အခြေချသွားမယ်လို့ စိတ်ကူးထားတာ။ ဒါပေမဲ့ အခုတော့ မဟာဘွဲ့ရပြီးရင် တရုတ်ကိုပဲ ပြန်လိုက်တော့မယ်" လို့ တိုင်က ပြောပါတယ်။

အမေရိကန်က တရုတ်ကျောင်းသားတွေဟာ နိုင်ငံရေးကစားပွဲထဲ အထည့်ခံနေရပြီး အရင်ကမကြုံစဖူးတဲ့ အခြေအနေမျိုးနဲ့ ဘေးဖယ်ထားခံနေရတယ်လို့ စီယားခရုစ် တက္ကသိုလ် (Syracuse University) က လူမှုသိပ္ပံဘာသာရပ်ဌာန တွဲဖက် ပါမောက္ခ ယင်ဂျီ မ က ပြောပါတယ်။

နှစ်နိုင်ငံကြား တင်းမာတဲ့ ဆက်ဆံရေးက လူထုသဘောထားကိုလည်း လွှမ်းမိုးမှု ရှိပါတယ်။

မကြာသေးခင်တုန်းက လုပ်ခဲ့တဲ့ စစ်တမ်းအရ အရွယ်ရောက်သူ အမေရိကန် ၇၃ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံအပေါ် မကြိုက်တဲ့ အမြင်သဘောထားတွေ ရှိတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

ဒါဟာ သမိုင်းမှာ အမြင့်ဆုံး နှုန်းထားတခုပါ။

အမေရိကန်ရောက် တရုတ်ကျောင်းသားတွေရဲ့ အတွေ့အကြုံတွေအကြောင်း အဓိကထား ရေးသားထားတဲ့ ရည်မှန်းချက် ကြီးမားမှုနဲ့ စိုးရိမ်ကြောင့်ကြမှုများ (Ambitious and Anxious ) ဆိုတဲ့ စာအုပ်ကို ဒီနှစ် ဇန်နဝါရီလတုန်းကပဲ ပါမောက္ခ မ ထုတ်ခဲ့ပါတယ်။

"အခု စာရေးရင် ခေါင်းစဥ်ကို စိုးရိမ်ကြောင့်ကြမှု တခုတည်းပဲ ပေးတော့မယ်" လို့ သူက ပြောပါတယ်။

ဇာတိနိုင်ငံကလည်း သူတို့ကို ပြန်မလိုချင်

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ဆက်လက်ပျံ့နှံ့နေတာကြောင့် တိုင်ဟာ တရုတ်နိုင်ငံကို ပြန်ချင်ပါတယ်။ တရုတ်မှာက ဒီဗိုင်းရပ်စ်ပိုးကို အတော်လေး ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမှာ ရှိနေပါပြီ။

ဒါပေမဲ့ ပြည်ပကပြန်ဝင်လာသူတွေဆီကနေ ပိုးကူးစက်ပျံ့နှံ့မယ့် အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် နိုင်ငံတကာ လေကြောင်းလိုင်းတော်တော်များများကို တရုတ်အစိုးရက ပိတ်ထားဖို့ ညွှန်ကြားထားတာပါ။

ဒါကြောင့် နိုင်ငံခြား တိုင်းပြည်တွေမှာ ရောက်နေကြတဲ့ တရုတ်ကျောင်းသား အတော်များများ မိသားစုနဲ့ မိုင်ထောင်ချီအဝေးမှာ သောင်တင်နေကြပါတယ်။

တရုတ်လူမှုကွန်ရက်တွေမှာလည်း ဒီကျောင်းသားတွေက နိုင်ငံက အားကောင်းတဲ့ ပညာရေးစနစ် ကနေ ကျောခိုင်းထွက်သွားကြတဲ့လူမိုက်တွေ၊ အခုပြန်လာကြရင် ဗိုင်းရပ်စ်ပိုးတွေ ပြန်သယ်လာဦးမယ် ဆိုပြီးတချို့က ရေးနေကြပါတယ်။

"အမေရိကန်ကလည်း ကျွန်မတို့ကို နှင်ထုတ်ချင်နေတယ်။ တရုတ်ကလည်း ပြန်လာခွင့် မပေးဘူး" လို့ တိုင်က ပြောပါတယ်။

အမေရိကန်ရောက် တရုတ်ကျောင်းသားတွေကြားမှာ ယေဘုယျအားဖြင့် အဲဒီလိုပဲ ခံယူနေကြပါတယ်။

အတ္တလန်တာက အမ်မိုရီ တက္ကသိုလ်မှာ တက်နေတဲ့ အသက် ၂၀ အရွယ် တရုတ်ကျောင်းသူ အိုင်းရစ်စ် လီကတော့ ကျောင်းသားတွေဟာ နှစ်နိုင်ငံကြားမှာ "ဘောလုံးတလုံးလို အကန်ခံနေရတယ်" လို့ ပြောပါတယ်။

"နှစ်နိုင်ငံလုံးကပေးတဲ့ ဆိုးကျိုးတွေကို ကျွန်မတို့ ခံစားနေရတယ်" လို့လည်း လီက ဆိုပါတယ်။

လူမျိုးရေးခွဲခြားမှုက ဘေကျင်းကို ထောက်ခံဖို့ အားပေး

မိခင်နိုင်ငံရင်းမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုနဲ့ ပတ်သက်လို့ အဝေးကနေ စိုးရိမ်ခဲ့ကြပြီးတဲ့နောက် ဒီတရုတ်လူငယ်တွေဟာ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုက်တဲ့ အခြေအနေကို လက်ရှိမှာ ကိုယ်တွေ့ကြုံနေရပါတယ်။

နှာခေါင်းစည်း တပ်တာနဲ့ ပတ်သက်လို့ ယဉ်ကျေးမှု မတူညီမှုကလည်း သူတို့ကို စိတ်ရှုပ်စေပါတယ်။

"တရုတ်ဗိုင်းရပ်စ်" "ကွန် ဖလူး (kung flu) " စတဲ့ သမ္မတ ထရမ့်ရဲ့ အသုံးအနှုန်းတွေကြောင့်လည်း နေမထိ ထိုင်မသာ ဖြစ်ခဲ့ကြပါတယ်။

တချို့ဆို လူမျိုးရေး ခွဲခြားနှောင့်ယှက်တာမျိုးတွေထိ ကိုယ်တွေ့ကြုံခဲ့ရပါတယ်။

"ဒီကပ်ရောဂါကြီးအတွင်း လူမျိုးရေးခွဲခြားမှုက ချုပ်တည်းလို့မရနိုင်ဘဲ ပေါက်ထွက်လာခဲ့ပါတယ်" လို့ ပါမောက္ခ မက ပြောပါတယ်။

တရုတ်ဆန့်ကျင်ရေး လူမျိုးရေးခွဲခြားမှုတွေဟာ အမေရိကန်က တရုတ်ကျောင်းသားတွေကြားမှာ တရုတ်အာဏာပိုင်တွေရဲ့ အုပ်ချုပ်ပုံကို ထောက်ခံဖို့ တွန်းအားပေးစေတယ်လို့ စာတမ်းအသစ်တစောင်က ထောက်ပြပါတယ်။

ပြည်ပရောက်နေတဲ့ တရုတ်ကျောင်းသားတွေဟာ တရုတ်ကွန်မြူနစ်ပါတီကို အကြွင်းမဲ့ ထောက်ခံဖို့ အယူဝါဒသွတ်သွင်းခံရတယ်ဆိုတဲ့ အဆိုကို ယေဘုယျအားဖြင့် ယုံကြည်ကြတယ်လို့ စတန်းဖို့ဒ် တက္ကသိုလ်မှာ ဆက်ဆံဆက်သွယ်ရေး ဘာသာရပ် သင်ကြားနေတဲ့ တွဲဖက် ပါမောက္ခလည်းဖြစ်အဲဒီစာတမ်းကို တွဲဖက်ရေးသားသူလည်းဖြစ်တဲ့ ဂျနီဖာ ပန်က ပြောပါတယ်။

"အဲဒီလို ထောက်ခံအောင်သွတ်သွင်းခံနေရတယ်ဆိုတာက အဓိက မဟုတ်ပါဘူး။ သူ့တို့ရဲ့ နိုင်ငံရေး အမြင်တွေ ပြောင်းလဲသွားတာက လူမျိုးရေးခွဲခြားတာခံရတာကြောင့်ပါ " လို့ ပါမောက္ခ ပန်က ပြောပါတယ်။

တရုတ်လူမျိုးတွေအကြောင်း ရိုင်းစိုင်းတဲ့ မှတ်ချက်ပေး ပြောဆိုမှုတွေကို ဖတ်ရတဲ့ တရုတ်နိုင်ငံက ကောလိပ် ပထမနှစ် ကျောင်းသား ကျောင်းသူတွေဟာ တရုတ်အစိုးရကို ပိုပြီး ထောက်ခံဖွယ်ရှိတယ်ဆိုတာကိုလည်း ဒီသုတေသနက တွေ့ရှိခဲ့ပါတယ်။

ဒီစစ်တမ်းကောက်ယူတာကို တုံ့ပြန်ဖြေကြားကြတဲ့ အမေရိကန်ရောက် တရုတ်ကျောင်းသားတွေဟာ သူတို့အသက်အရွယ်နဲ့စာရင် ပိုရင့်ကျက်သူတွေ၊ ပိုအတွေးအမြင်ကြွယ်ဝသူတွေ၊ ပိုစဥ်းစားမျှော်မြင်နိုင်သူ တွေဖြစ်ပြီး တရုတ်နိုင်ငံအပေါ် ဝေဖန်မှုတွေကို အကျိုးသင့် အကြောင်းသင့် လက်ခံသုံးသပ်နိုင်ကြတာကိုလည်း တွေ့ရတယ်လို့ ပါမောက္ခ ပန်က ပြောပါတယ်။

တရုတ်နဲ့ အမေရိကန်ကြား ပြန်လည် သုံးသပ်ချက်

သူပြန်လို့မရအောင်ဖြစ်နေတဲ့ တရုတ်နိုင်ငံက ကန့်သတ်ထားမြစ်မှုတွေအပေါ် စိတ်ပျက်မှုတွေ ရှိပေမယ့်လည်း နိုင်ငံခြားမှာ နေပြီးကတည်းက မျိုးချစ်စိတ်တွေ ပိုဖြစ်လာတယ်လို့ တိုင်က ပြောပါတယ်။

"အမေရိကန်ဟာ အိပ်မက်တွေအကောင်အထည်ဖော်ဖို့ အခွင့်အလမ်းတွေ အပြည့်၊ အားလုံးအပေါ် တန်းတူညီမျှမှုနဲ့ သဘောထားကြီးမှုတွေ ရှိတဲ့ နေချင်စရာနိုင်ငံလို့ ယုံကြည်ခဲ့ဖူးတယ်။ အခုတော့အဲဒါတွေ လုံးဝမယုံကြည်တော့ပါဘူး" ဆိုပြီး အမေရိကန်တို့ရဲ့ တရုတ်ဆန့်ကျင်ရေး အယူဝါဒ (Sinophobia) တွေကို ဝေဖန်ရင်း ဇွန်လတုန်းက ကျောင်းက သတင်းစာမှာ သူရေးခဲ့ပါတယ်။

ဟောင်ကောင်က ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေ ပါဝင်တဲ့ ဆွေးနွေးပွဲတခုကို သူ့တက္ကသိုလ်က လက်ခံကျင်းပတာနဲ့ ပတ်သက်လို့ ဆန့်ကျင်ဆန္ဒပြကြဖို့ ဖေဖော်ဝါရီလတုန်းက သူ အွန်လိုင်းကနေ လက်မှတ်တွေ လိုက်စုခဲ့ပါတယ်။

Students wave Chinese flags at Columbia University's commencement ceremony in May 2019.

ဓာတ်ပုံ ရင်းမြစ်, XINHUA

ဒါပေမဲ့ သူဟာ "လက်ဝဲဆန်သူတယောက် မဟုတ်ဘူး" လို့ တိုင်က ပြောပါတယ်။ အင်တာနက်ပေါ်မှာ တရုတ်လူငယ်တွေ မျိုးချစ်စိတ်ပြင်းထန်လွန်းတာကိုတော့ သူ မကြိုက်ဘူးလို့လည်း ဆိုပါတယ်။

"ကျွန်မက စဥ်းစားချင့်ချိန်ပြီးမှ မျိုးချစ်စိတ်ရှိတာပါ။ ဦးနှောက်ဆေးခံရတာမျိုးထိ မရောက်ဘူး။ " လို့ တိုင်က ပြောပါတယ်။

တရုတ်နိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မရှိတာကို ထောက်ပြရင်း ကျွန်မဟာ အမေရိကန်နဲ့ တရုတ် နှစ်ဖက်လုံးကို သေချာ ဆန်းစစ်ဝေဖန်ပါတယ်လို့လည်း ဆိုပါတယ်။

"နှစ်နိုင်ငံလုံးက ကျွန်မကို စိတ်ပျက်အောင် အကြိမ်ကြိမ် လုပ်တယ်။ ဒါပေမဲ့ တရုတ်က ကျွန်မ မိခင်နိုင်ငံလေ။ ဒီတော့ အမိနိုင်ငံက ပေးတဲ့စိတ်ပျက်မှုတွေကို ပိုသည်းခံချင်တယ်" လို့ တိုင်က ပြောပါတယ်။

တိုင်လိုပဲ လီကလည်းအမြင်တွေပြောင်းခဲ့ပြီး ဒီမှာ ပညာသင်ပြီးနောက်ပိုင်း တရုတ်ကို ပြန်ဖို့ ဆန္ဒရှိသူပါ။

နိုင်ငံတကာကျောင်းသားတွေ အမေရိကန်မှာ နေတာကို တားဆီးမယ့် မူဝါဒတခုကို ဇူလိုင်လအစောပိုင်းမှာ အမေရိကန်က ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီးနောက်ပိုင်း ဒီဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့ပါတယ်။

"အမေရိကန်နဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်တွေ ပိုရှိလာတယ်။ တရုတ်မှာဆို အဲဒီလို ဖြစ်လာမှာ မဟုတ်ဘူး" လို့ လီက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံလုံးရဲ့ နိုင်ငံရေးစနစ် အားနည်းချက် အားသာချက်တွေကို ဖော်ထုတ်ပြလိုက်တာပဲလို့ လူမှုသိပ္ပံဘာသာနဲ့ ဘာသာရေး အကြောင်းတွေ လေ့လာနေတဲ့ လီက ယူဆပါတယ်။

တရုတ်အစိုးရက ဗိုင်းရပ်စ်ပိုးပျံနှံ့မှုကို ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်ခဲ့ချိန်မှာ အမေရိကန်ကတော့ သူတို့အစိုးရနဲ့ အမြင်မတူတာတွေကို လက်ခံတတ်ပြီး၊ သူတို့ရဲ့ အမှားတွေကိုလည်း ပြင်လာနိုင်ပါတယ်။

"အမေရိကန် ပညာရေးက ကျွန်မကို တရုတ်ဆန့်ကျင်ရေးပိုဖြစ်အောင် လုပ်ခဲ့တယ် ထင်တယ်"လို့ လီက ရယ်မောရင်း ပြောပါတယ်။

ဟားဗတ်တက္ကသိုလ်ဝင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဟားဗတ်တက္ကသိုလ်ဝင်း

လွန်ခဲ့တဲ့ ၆ နှစ် သူ အမေရိကန် ကို စရောက်တုန်းက အတော်လေး စိတ်မသက်မသာဖြစ်ခဲ့တဲ့ ခံစားမှုမျိုးကို ပြန်ပြောပြပါတယ်။ ထိုင်ဝမ်လွတ်လပ်ရေးတောင်းဆိုတဲ့ သင်္ကေတတခုအဖြစ် တရုတ်ပြည်မကြီးက သတ်မှတ်ထားတဲ့ ထိုင်ဝမ်အလံတွေကို ဝှေ့ယမ်းနေတဲ့ အတန်းဖော် ကျောင်းသား ကျောင်းသူတွေကိုအဲဒီတုန်းက သူတွေ့ခဲ့ရပြီး အတော်စိတ်မသက်မသာ ဖြစ်ခဲ့တာပါ။

ထိုင်ဝမ်ကျောင်းသားကျောင်းသူတွေနဲ့ သိပြီးနောက်ပိုင်း သူတို့နဲ့ အမြင်ချင်း လုံး၀ မတူပေမယ့် ဆွေးနွေးစရာကိစ္စရပ်တွေကို တလေးတစား ဆွေးနွေးနိုင်ကြတယ်ဆိုတာ သူ နားလည်သဘောပေါက်လာပါတယ်။

အဲဒီလို တလေးတစား ဆွေးနွေးဖို့ကိုလည်း အမေရိကန်က စာသင်ခန်းတွေက တွန်းအားပေးခဲ့တာပါ။

"အမေရိကန်မှာ ပညာသင်ကြားတာဟာ ဘဝမှာ အရေးပါတဲ့ အတွေ့အကြုံဖြစ်တယ်။ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး" လို့လည်း သူက ဆိုပါတယ်။

"ဒါပေမဲ့တရုတ်နိုင်ငံအပြောင်းအလဲမှာ ကူညီနိုင်ဖို့အတွက် ကျွန်မက ပိုပြီး စိတ်အားသန်နေတယ်၊ အဲဒီမှာ ကျွန်မရဲ့ အလုပ်တွေက ပိုပြီး အဓိပ္ပါယ်ရှိလာနိုင်မယ်လေ"