ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန်ကောင်စစ်ဝန်ရုံးတစ်ရုံးကို တရုတ်နှင်ထုတ်
တရုတ်နိုင်ငံတောင်ပိုင်း ချန်ဒုမြို့က အမေရိကန် ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ တရုတ် အစိုးရက အမိန့်ထုတ်လိုက်ပါတယ်။ ဒါဟာ အမေရိကန်နဲ့ တရုတ်အကြား အပြန်အလှန်ထိုးနှက်မှုတွေအနက် နောက်ဆုံးတစ်ခုဖြစ်ပါတယ်။
ဟျူစတန်က တရုတ်ကောင်စစ်ဝန်ရုံးကို အမေရိကန်ကပိတ်လိုက်တာကို လက်တုံ့ပြန်တာလို့ တရုတ်ကဆိုပါတယ်။ ဒါ့အပြင် ချန်ဒုမြို့က အမေရိကန် ကောင်စစ်ဝန်ရုံးဟာ တရုတ်ပြည်တွင်းရေးကို ဝင်စွက်ဖက်နေတယ်လို့လည်း ဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကတော့ တရုတ်ဟာ အမေရိကန်ပိုင်ဥာဏပစ္စည်းတွေကို ခိုးယူလို့ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်တာလို့ ဆိုပါတယ်။
အမေရိကန်နဲ့ တရုတ်အကြားမှာ သော့ချက်ပြဿနာတချို့ရှိနေပြီး ဆက်ဆံရေးတင်းမာနေပါတယ်။
သမ္မတထရမ့်ရဲ့ အမေရိကန်အစိုးရဟာ ကုန်သွယ်ရေး၊ ကိုရိုနာဗိုင်းရပ်စ် အရေးတို့နဲ့ ပတ်သက်ပြီး တရုတ်ကို ထပ်ကာထပ်ကာ ဝေဖန်ထိုးနှက်နေပါတယ်။ တရုတ်ရဲ့ အငြင်းပွားဖွယ်ရာ ဟောင်ကောင် လုံခြုံရေး ဥပဒေသစ်နဲ့ ပတ်သက်ပြီးလည်း အလားတူပဲ ဝေဖန်တိုက်ခိုက်နေတာပါ။
အမေရိကန်သမ္မတဟောင်း ရစ်ချတ်နစ်ဆင် စာကြည့်တိုက်မှာ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ကြာသပတေးနေ့က စကားပြောကြားရာမှာ ဒီနေ့တရုတ်ပြည်ဟာ ပြည်တွင်းမှာ အာဏာရှင်ဖြစ်လာသလို တကမ္ဘာလုံးက လွတ်လပ်မှုတွေကိုလည်း ရန်လိုတိုက်ခိုက် အန္တရာယ်ပြုနေတယ်လို့ ပြောခဲ့ပါတယ်။
တရုတ်ဘာပြောသလဲ
ချန်ဒုမြို့က အမေရိကန်ကောင်စစ်ဝန်ရုံးဝန်ထမ်းတွေဟာ တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတဲ့ အတွက် တရုတ်လုံခြုံရေး၊ တရုတ်အကျိုးစီးပွားအပေါ် အန္တရာယ်ရှိနေပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာဆိုပါတယ်။
ဟျူစတန်မြို့က တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်တာဟာလည်းတရုတ်ဆန့်ကျင်ရေး မုသားတွေကို ရောမွှေသုံးပြီး စွပ်စွဲတာပဲလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရ ဝမ်းဝမ်ဘင်က သတင်းစာရှင်းလင်းပွဲမှာဆိုပါတယ်။
တရုတ်နဲ့အမေရိကန်အကြား အခုဖြစ်ပွားနေတဲ့ အခြေအနေဟာ တရုတ်က မလိုလားတဲ့အရာတွေဖြစ်ပြီး အားလုံးအတွက် အမေရိကန်မှာ တာဝန်ရှိပါတယ်လို့လည်း သူကဆိုပါတယ်။
ချန်ဒုမြို့ ကောင်စစ်ဝန်ရုံးကို တနင်္လာနေ့ နောက်ဆုံးထားထွက်ခွာဖို့ အချိန်ပေးထားတယ်လို့ တရုတ်ပြည်ထုတ် ဂလိုဘယ်တိုင်းသတင်းစာရဲ့ အယ်ဒီတာက ဆိုပါတယ်။
ချန်ဒုမြို့ ကောင်စစ်ဝန်ရုံးကို ဝန်ထမ်း ၂၀၀ ကျော်နဲ့ ၁၉၈၅ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ချန်ဒုကောင်စစ်ဝန်ရုံးဟာ တိဘက်ဒေသနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရယူနေတဲ့ နေရာဖြစ်လို့ ဗျူဟာကျ၊အရေးပါတဲ့ သံရုံးတစ်ခုဖြစ်ပါတယ်။ ချန်ဒုဟာ တရုတ်ရဲ့ ပြည်ပထုတ်ကုန်တွေ၊ မော်တော်ကား၊ စက်ပစ္စည်းတွေ ထုတ်လုပ်တဲ့ နေရာလည်း ဖြစ်ပါတယ်။
တရုတ်သံရုံးကို အမေရိကန်က ပိတ်တာ ဘာ့ကြောင့်လဲ
တရုတ်ကောင်စစ်ဝန်ရုံး အတွင်းမှာ အမည်မဖော်တဲ့ လူပုဂ္ဂိုလ်တချို့က စာရွက်တွေကို မီးရှို့နေပုံ ဗွီဒီယို ရိုက်ကူးတွေ့ရှိခဲ့ပြီးနောက် ဖြစ်လာတာပါ။
တရုတ်ဟာ အမေရိကန် ဥာဏပစ္စည်းတွေကိုသာ မက ဥရောပ ဥာဏပစ္စည်း တွေကိုပါ ခိုးယူနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက စွပ်စွဲပါတယ်။ ဥာဏပစ္စည်းဆိုတာ စာပေ၊ သီချင်း၊ နည်းပညာ အစရှိတဲ့ ဦးနှောက်ဥာဏ်ရည် အသုံးပြုဖန်တီးထားတဲ့ ပစ္စည်းတွေကို ဆိုလိုတာပါ။ ဟျူစတန်က တရုတ်ကောင်စစ်ဝန်ရုံးဟာ အမေရိကန်မှာရှိတဲ့ တရုတ်သံရုံး ၅ ခုအနက် တစ်ခုပါ။ ဘာ့ကြောင့် ဟျူစတန်ကောင်စစ်ဝန်ရုံးကို ရွေးချယ်ပိတ်ရသလဲဆိုတာကတော့ မရှင်းလင်းပါဘူး။ အမေရိကန်က သံရုံးပိတ်ခိုင်းတဲ့ အကြောင်းပြချက်ဟာ ယုတ္တိမရှိဘူးလို့ တရုတ်က ဆိုပါတယ်။
တင်းမာမှုတွေ ဘာ့ကြောင့်ဖြစ်သလဲ
အကြောင်းအရာ စုံနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာပေါ်ပြန့်ပွားခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်က တရုတ်ကို အပြစ်တင်နေပါတယ်။ အထူးသဖြင့် သမ္မတထရမ့်ဟာ သက်သေအထောက်အထားမပြနိုင်ဘဲ ဗိုင်းရပ်စ်ဟာ ဝူဟန်ဓာတ်ခွဲခန်းက စလိုက်တာလို့ စွပ်စွဲနေပါတယ်။ တန်ပြန်တဲ့အနေနဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ဗိုင်းရပ်စ်ဟာ မနှစ်ကမတ်လတုန်းကလုပ်တဲ့ အမေရိကန် စစ်ရေးပြပွဲမှာ အမေရိကန်တွေ သယ်လာတာလည်း ဖြစ်နိုင်တာပဲလို့ ပြောခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက ဖြစ်ပွားနေတဲ့ ကုန်သွယ်စစ်ပွဲကလည်း ဆက်လက်ရှိနေဆဲပါ။ရှင်ဂျန်းဒေသမှာ ဝိဂါမွတ်ဆလင်တွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်နေတယ်ဆိုပြီး အမေရိကန်က တရုတ်နိုင်ငံရေး ခေါင်းဆောင်တချို့ကို ပိတ်ဆို့ အရေးယူမှုလုပ်ခဲ့ပါတယ်။ ဟောင်ကောင်မှာ တရုတ်က ထုတ်ပြန်တဲ့ လုံခြုံရေး ဥပဒေကို အမေရိကန်က ကန့်ကွက်ခဲ့ပါတယ်။ ဟောင်ကောင်က ဆန္ဒပြသူတွေကို ဒီမိုကရေစီရေးလှုပ်ရှားသူတွေ အဖြစ်ရှုမြင်ပြီး ထောက်ခံအားပေးခဲ့ပါတယ်။ အကြောင်းအရာမျိုးစုံကြောင့် ဖြစ်ပွားလာတဲ့ တင်းမာမှုတွေ အနက်မှာ အခုဖြစ်စဥ်က နောက်ဆုံးတစ်ခုဖြစ်ပါတယ်။