တုပ်ကွေးလေးပါလို့ ပြောခဲ့တဲ့ ဘရာဇီးသမ္မတ ကိုဗစ် ကူးပြီ

ဘရာဇီးမှာ ဇူလိုင်လ ၆ ရက် အထိ လူပေါင်း တစ်သန်းခြောက်သိန်း ရောဂါကူးစက်ခဲ့ပြီး ခြောက်သောင်းငါးထောင် အသက်ဆုံးရှုံးခဲ့ပေမဲ့လည်း ဘရာဇီးသမ္မတ ယဲ ဘိုဆိုနာရိုကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလ အစကတည်းက ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကို အရေးမကြီးသယောင် ခပ်ပေါ့ပေါ့ ပြောလာခဲ့တာပါ။

ကျန်းမာရေးတာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ လမ်းညွှန်ချက်တွေကိုလည်း အမြဲ ဆန့်ကျင်ပြောခဲ့သလို လူတွေ ခပ်ခွာခွာ နေကြဖို့ အကြံပြုထားချက်တွေကိုလည်း အကြိမ်ကြိမ် ချိုးဖောက်ပြခဲ့ပါတယ်။

ဇူလိုင်လ ၇ ရက် အင်္ဂါနေ့ မှာတော့ သမ္မတ ဘိုဆိုနာရိုဟာ သူ့မှာ ကိုဗစ်-၁၉ ရောဂါ ရှိနေပါပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ကြေညာခဲ့ရပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါနဲ့ပတ်သက်လို့ ဘရာဇီးသမ္မတ ဘိုဆိုနာရိုရဲ့ လူပြောအများဆုံး ဝေဖန်ပြောဆိုချက်တချို့ကို ဖော်ပြလိုက်ပါတယ်။

ချဲ့ကားပြောနေတာတွေပါ

ကိုဗစ်-၁၉ ရောဂါ အရမ်းဆိုးဝါးပြင်းထန်တယ် ဆိုပြီး မီဒီယာ သတင်းဌာနတွေက ချဲ့ကားပြောနေကြတာလို့ သမ္မတ ဘိုဆိုနာရိုက မတ်လ ၉ ရက်နေ့က သူ့ရဲ့ အမေရိကန်ခရီးစဉ်အတွင်း ကိုဗစ်-၁၉ ရောဂါအကြောင်း ပထမဆုံး လူထုမိန့်ခွန်းတစ်ခုမှာ ဝေဖန်ပြောသွားခဲ့ပါတယ်။

အဲဒီနောက် ရက်ပိုင်းအကြာမှာ သူ့ရဲ့အမေရိကန်ခရီးစဉ်မှာ အတူ လိုက်ပါခဲ့သူတွေ အပါအဝင် ဘရာဇီးအစိုးရအဖွဲ့ဝင် ထိပ်တန်း တာဝန်ရှိပုဂ္ဂိုလ် ၂၀ ကျော်မှာ ကိုဗစ်-၁၉ ရောဂါ ရှိနေကြောင်း ဓာတ်ခွဲ စစ်ဆေး အတည်ပြု သိခဲ့ရပါတယ်။

သာမန်တုပ်ကွေးလေးပါ

သီတင်းနှစ်ပတ်ကြာတဲ့အခါ ကမ္ဘာ့နိုင်ငံအတော်များများမှာ လော့ခ်ဒေါင်းတွေ ချမှတ်လိုက်ချိန်မှာ စာသင်ကျောင်းတွေ၊ ဆိုင်တွေ ပိတ်တာကို သမ္မတ ဘိုဆိုနာရိုက ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဒီဗိုင်းရပ်စ်က သာမန်တုပ်ကွေးလေးပါပဲ၊ သူ့ကို ကူးမှာကိုလည်း မကြောက်ပါဘူး လို့ ပြောခဲ့ပါတယ်။

၂၀၁၈ ရွေးကောက်ပွဲမတိုင်ခင်မှာတုန်းက ဓားထိုးတိုက်ခိုက် ခံခဲ့ရဖူးတာမို့ ဒီလောက် တုပ်ကွေးလောက်တော့ မမှုသေးဘူးလို့လည်း ဆိုခဲ့ပါတယ်။

ဘရာဇီးနိုင်ငံဟာ တခြားတိုင်းပြည်တွေနဲ့စာရင် အသက်အရွယ် ကြီးရင့်သူတွေ အရမ်းမများလို့ ဒီကပ်ရောဂါဆိုးကြီးရဲ့ဒဏ်ကို သိပ်ခံရမှာ မဟုတ်ဘူးလို့ သမ္မတ ဘိုဆိုနာရိုက ပြောခဲ့ပါတယ်။

ဇူလိုင်လ ၈ ရက်နေ့မှာတော့ ဘရာဇီးနိုင်ငံဟာ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်သူနဲ့ သေဆုံးသူ ဒုတိယ အများဆုံး နိုင်ငံ ဖြစ်နေပါပြီ။

ဆေးရုံထဲရောက်အောင် ဝင်ပြီး ဓာတ်ပုံရိုက်ခဲ့ကြ

ဇွန်လ ၁၂ ရက်နေ့မှာ သမ္မတ ဘိုဆိုနာရိုက သူ့ကိုထောက်ခံသူတွေကို ဆေးရုံတွေထဲဝင်ပြီး အထူးကုဆောင်တွေမှာ တကယ်ပဲ လူနာတွေ ရှိမရှိဆိုတာကို ဓာတ်ပုံရိုက်ခဲ့ကြဖို့ ပြောခဲ့တဲ့အတွက် အချေအတင် ပြောစရာ ဖြစ်ခဲ့ပါတယ်။

ဘရာဇီးနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်သူ အရေအတွက် များလာတဲ့အတွက် ကျန်းမာရေးဝန်ဆောင်မှုစနစ်မှာ အခက်အခဲတွေ ကြုံနေရတယ် ဆိုတဲ့သတင်းတွေအပေါ် သမ္မတ ဘိုဆိုနာရိုက လူသိရှင်ကြား မေးခွန်းထုတ်ခဲ့ပါတယ်။

ဆေးရုံတွေထဲက ကုတင်တွေမှာ လူနာတွေ တကယ် ရှိရဲ့လားဆိုတာ ဆေးရုံထဲဝင် ဓာတ်ပုံရိုက်ယူခဲ့ကြဖို့ သူက ပြောခဲ့ပါတယ်။

သမ္မတ ဘိုဆိုနာရိုရဲ့ ပြောဆိုချက်ကို ကျန်းမာရေး အာဏာပိုင်တွေက ရှုတ်ချခဲ့ကြပြီး ဒီလိုလုပ်တာဟာ အသက်အန္တရာယ် ရှိနိုင်တယ်လို့ ပြောခဲ့ကြပါတယ်။

တစ်နေ့တော့ လူတိုင်းသေကြမှာပဲ မဟုတ်လား

ချိနဲ့ အားနည်း သူတွေကိုသာ သီးသန့် ခွဲထားသင့်တယ်လို့ သမ္မတ ဘိုဆိုနာရိုက မတ်လရောက်တဲ့အထိ စောဒကတက် ပြောနေခဲ့တာပါ။

လူထုရှေ့မှောက်ထွက်တိုင်းမှာလည်း လူတွေ ခပ်ခွာခွာ နေကြဖို့ စည်းမျဉ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်ပြခဲ့ပါတယ်။

လူဆိုတာ တစ်နေ့ သေရမှာပဲ။ ဘာမှ ဂရုစိုက်စရာ မလိုဘူး လို့ သူက မထီတဲ့ လေသံနဲ့ ပြောခဲ့ပါသေးတယ်။

ဒီတော့ ဘာဖြစ်လဲ

ဧပြီလနှောင်းပိုင်းမှာတော့ ဘရာဇီးနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ အရေအတွက်ဟာ တရုတ်နိုင်ငံကို ကျော်သွားခဲ့ပါပြီ။

နေ့စဉ် လူသေဆုံးမှုနှုန်း စံချိန်တင်ခဲ့တဲ့နေ့က အဲဒီအကြောင်း သမ္မတ ဘိုဆိုနာရိုကို သတင်းထောက်တစ်ဦးက မေးခဲ့ပါတယ်။

သမ္မတ ဘိုဆိုနာရိုက " ဒီတော့ ဘာဖြစ်လဲ။ ငါက ဘာလုပ်ပေးရမှာလဲ။ ငါ့နာမည်ထဲမှာ မေရှိယ (ကယ်တင်ရှင်) ဆိုတာ ပါပေမဲ့ အံ့ဖွယ်တွေတော့ ဖန်ဆင်းမပေးနိုင်ဘူးလို့ ဘုပြောလွှတ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူဒီလိုဖြေခဲ့တာကို အသံသွင်းထားကြလားလို့ မေးခဲ့ပြီး အခုလို လူတွေ သေနေတာကို သူစိတ်မကောင်းပါဘူးလို့ ပြောခဲ့ပါတယ်။

တဆက်ထဲမှာပဲ "အခုတော့ ရာဇဝတ်မှုတစ်ခုတော့ ကျူးလွန်လိုက်ဦးမယ်။ ဘာဘီကျူးပွဲ နွှဲမလို့လေ" လို့ ပြောပါတယ်။

ဘရာဆီးလီးယားမြို့မှာ ရှိတဲ့ သူ့အိမ်မှာ လူ ၃၀ ဖိတ်ပြီး ဘာဘီကျူး အသားကင် လုပ်စားမယ်လို့ သမ္မတ ဘိုဆိုနာရို ထုတ်ဖော် ကြေညာတဲ့ မေလ ၇ ရက်နေ့က ဘရာဇီးနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် လူ ကိုးထောင်ကျော် သေဆုံးခဲ့ပြီး ဖြစ်ပြီး ရောဂါ ကူးစက်သူပေါင်း တစ်သိန်း သုံးသောင်း ငါးထောင် ရှိခဲ့ပါတယ်။

နောက်နှစ်ရက်အကြာမှာ သူ့စကားကို သူ့ဘာသာ ပြန်ပြင်ပြီး ဘာဘီကျူး လုပ်မယ်ဆိုတာ သက်သက် နောက်ပြောခဲ့တာပါ လို့ ဆိုပါတယ်။

ဒီလိုပဲ ရှေ့ဆက်သွားရမှာပဲ

သူ့မှာ ရောဂါကူးစက်ခံထားပြီ ဆိုတာကို ထုတ်ဖော်ကြေညာတဲ့နေ့မှာ သမ္မတ ဘိုဆိုနာရိုက သူပင်ပန်း နွမ်းနယ်ပြီး မအီမသာ ဖြစ်နေတယ်၊ ကိုယ်လက်တွေလည်း နည်းနည်းကိုက်နေတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ သူ့ကို ကြည့်ရတာတော့ တက်ကြွနေဆဲပါ။ သူ့အတွက် အကြီးမားဆုံး စိန်ခေါ်မှုက ငြိမ်ငြိမ်နေနိုင်ဖို့ပါလို့ ဆိုပါတယ်။

"အထိတ်တလန့် ဖြစ်စရာ မလိုပါဘူး။ ဒီလိုပဲ ရှေ့ဆက်သွားရမှာပေါ့"လို့ သမ္မတ ဘိုဆိုနာရိုက ပြောသွားပါတယ်။