ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ်- ငှက်ဖျားဆေးသောက်တဲ့ အမေရိကန်သမ္မတ
သမ္မတထရမ့်ဟာ ဟိုက်ဒြောက်ဆီကလိုရိုကွင်းဆေးကို ကိုရိုနာကာကွယ်ဖို့ သောက်သုံးနေကြောင်း ထုတ်ဖော်ပြောလိုက်ပါတယ်။ ကျန်းမာရေးပညာရှင်တွေက ဘေးမကင်းပါဘူးလို့ ပြောဆိုသတိပေးနေပါလျက်နဲ့ သောက်သုံးခဲ့တာပါ။
ငှက်ဖျားနဲ့ သွေးလေးဖက်နာရောဂါ ကုသရာမှာသုံးတဲ့ ဟိုက်ဒြောက်ဆီကလိုရိုကွင်းကို သူသုံးစွဲနေကြောင်း အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။
ဒီဆေးကို သူသောက်တာ တပတ်ခွဲလောက်ရှိပါပြီ။ သူဘာမှ မဖြစ်ပါဘူးလို့ ထုတ်ပြောလိုက်တော့ အံ့အားသင့်ခဲ့ကြပါတယ်။
ဟိုက်ဒြောက်ဆီကလိုရိုကွင်းဟာ ကိုရိုနာကိုတိုက်ဖျက်နိုင်ကြောင်း ဘာသက်သေ အထောက်အထားမှ မရှိပါဘူး။ ဒီဆေးကို မလိုအပ်ဘဲ သောက်ရင် နှလုံးကို ထိနိုင်တယ်လို့တောင် ဆေးဝါးကွပ်ကဲသူတွေက သတိပေးထားတာပါ။
ထရမ့်ဘာပြောလဲ
သမ္မတထရမ့်ဟာ အသက် ၇၃ နှစ်ရှိပါပြီ။ စားသောက်ဆိုင်လုပ်ငန်းတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်းကို တနင်္လာနေ့က စည်းဝေးဆွေးနွေးခဲ့ကြစဥ်မှာ သူဟာ ဟိုက်ဒြောက်ဆီကလိုရိုကွင်းအကြောင်း ထည့်သွင်းပြောကြားခဲ့တာပါ။
“ဟိုက်ဒြောက်ဆီကလိုရိုကွင်းကို လူဘယ်လောက်များများ သောက်နေကြသလဲဆိုတာသိရင် ခင်ဗျားတို့ အံ့သြသွားလိမ့်မယ်။ ရှေ့တန်းမှာ အလုပ်လုပ်နေတဲ့သူတွေဟာ ဟိုက်ဒြောက်ဆီ ကလိုရိုကွင်း သောက်နေကြပါတယ်။ ကျွန်တော်လည်း သောက်နေပါတယ်”လို့ သူကပြောပါတယ်။
ဟိုက်ဒြောက်ဆီကလိုရိုကွင်းသောက်ရင် အကျိုးရှိကြောင်း ဘာအထောက်အထား ပြနိုင်ပါသလဲလို့မေးရာမှာတော့ မစ္စတာထရမ့်က သူ့မှာ အထောက်အထား အများကြီးရှိပါသတဲ့။
လူတွေဆီက ဒီဆေးကောင်းကြောင်း ပြောဆိုချက်တွေ အများကြီးရထားတယ်လို့ဆိုပါတယ်။
“ဒီဆေးရဲ့ ကောင်းသတင်းတွေ အများကြီး ကြားထားပါတယ်။ဒီဆေးက ကောင်းကျိုးမပြုဘူးဆိုရင်တောင် သူ့ကို သောက်လိုက်လို့ ဘာမှ နစ်နာစရာမရှိဘူးလို့ ကျွန်တော် ပြောချင်ပါတယ်”လို့ သမ္မတထရမ့်က ဆိုပါတယ်။
အိမ်ဖြူတော်က လူတချို့မှာ ကိုရိုနာကူးစက်ခံထားရတာ တွေ့ရပေမယ့် သမ္မတထရမ့်ကတော့ သူအကြိမ်ကြိမ် ဆေးစစ်ပေမယ့် သူ့မှာ ဘာလက္ခဏာမှ မပြဘူးလို့ တနင်္လာနေ့က ထပ်မံ ပြောကြားပါတယ်။
သူဟာ သွပ်ဓာတ်အားဖြည့်ဆေးကို သောက်သုံးသလို အဇီသရိုမိုင်ဆင်ကို တကြိမ် အသုံးပြုထားတယ်လို့လည်း ဖြည့်စွက် ပြောကြားပါတယ်။
အိမ်ဖြူတော် သမားတော်တွေရဲ့ အကြံပြုချက်ကြောင့် သောက်တာပါလားလို့ မေးတဲ့အခါမှာတော့ သူကိုယ်တိုင်က တောင်းဆိုခဲ့တာပါလို့ သမ္မတထရမ့်ကဆိုပါတယ်။
သမ္မတရဲ့သမားတော် ဒေါက်တာရှောင်းကော်နလေကတော့ သမ္မတထရမ့်ရဲ့ ကျန်းမာရေးဟာ အလွန်ကောင်းမွန်ပြီး ဘာရောဂါလက္ခဏာမှလည်း မပြဘူးလို့ ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။
အမေရိကန်ရေတပ်အရာရှိကတော့ “ဟိုက်ဒြောက်ဆီကလိုရိုကွင်းနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို သူနဲ့ ကျွန်တော် အကြိမ်များစွာ ဆွေးနွေးပြီးနောက် အပြစ်ထက် အကျိုးက ပိုများနိုင်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်”လို့ ဆိုပါတယ်။
အမေရိကန်ကျန်းမာရေးတာဝန်ခံတွေရဲ့ပြောစကား
အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA က ပြီးခဲ့တဲ့လက ထုတ်တဲ့ ကြေညာချက်မှာတော့ ဟိုက်ဒြောက်ဆီကလိုရိုကွင်းဟာ ဘေးကင်းကြောင်း၊ အကျိုးရှိကြောင်း သက်သေမပြနိုင်ဘူးလို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါသည်တွေရဲ့ နှလုံးခုန်နှုန်းအပေါ်မှာ ပြဿနာတက်စေနိုင်ကြောင်း သတင်းပို့တိုင်ကြားချက်တွေကိုလည်း ကိုးကား ပြောဆိုထားပါတယ်။
တချို့ရောဂါသည်တွေအတွက် အသုံးပြုဖို့ FDA က ယာယီအခွင့်ပေးထားပေမယ့် ဆေးရုံညွှန်ကြားချက်မပါဘဲ သုံးစွဲနေကြတာကိုတော့ FDA က ဆန့်ကျင်သတိပေးထားပါတယ်။
ဟိုက်ဒြောက်ဆီကလိုရိုကွင်းကို သုံးသင့်မသုံးသင့် စမ်းသပ်မှုတွေဟာလည်း ပြုလုပ်နေဆဲ လမ်းတဝက်သာ ရှိပါသေးတယ်။
အခုအခါမှာ အမေရိကန်ပြည်ထောင်စု အတွင်း လူပေါင်း ၁ သန်းခွဲ ကူးစက်ပြီး လူပေါင်း ၉ သောင်းကျော် သေဆုံးခဲ့စေတဲ့ ကိုဗစ်-၁၉ ရောဂါကြီးနဲ့ ပတ်သက်ပြီး ကာကွယ်ဖို့ သို့မဟုတ် ကုသဖို့အတွက် အတည်ပြုပြီးသား ဆေးဝါးသို့မဟုတ် ကုထုံးမရှိသေးပါဘူးလို့ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန CDC ကဆိုပါတယ်။
ဘေးထွက်ဆိုးကျိုးတွေ သမ္မတထရမ့်လက်မခံ
ဟိုက်ဒြောက်ဆီကလိုရိုကွင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်း အစီရင်ခံတာတွေကို သမ္မတထရမ့်က ပယ်ချခဲ့ပါတယ်။ “အခုထိကျွန်တော်ပြောနိုင်တာကတော့ ကျွန်တော်ဘာမှမဖြစ်ဘူး။ ကောင်းနေတယ်ဆိုတာပါပဲ”လို့သူက ဆိုပါတယ်။
သူကြားရသမျှ ဆိုးကျိုးတွေဟာ သူ့ကိုမထောက်ခံတဲ့သူတွေ လုပ်ထားတဲ့ သိပ္ပံနည်းမကျတဲ့ အစီရင်ခံစာတွေဆီက ထွက်ပေါ်လာတာတွေချည်းပဲလို့ သမ္မတထရမ့်က ဆိုပါတယ်။
အစိုးရ ဖွင့်လှစ်ထားတဲ့ စစ်မှုထမ်းဟောင်းဆေးရုံရဲ့ ကိုဗစ်-၁၉ လူနာများ ပဏာမလေ့လာချက် အစီရင်ခံစာမှာ ဟိုက်ဒြောက်ဆီကလိုရိုကွင်းဟာ အကျိုးမရှိ၊ သေဆုံးမှုနှုန်းကို ပိုလို့တောင် များပြားစေတယ်လို့ ဆိုထားပါတယ်။ အဲဒီအစီရင်ခံစာကို သမ္မတထရမ့်ဆိုလိုကြောင်း ထင်ရှားပါတယ်။
“ဟိုက်ဒြောက်ဆီနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ မြောက်မြားလှစွာသော ကောင်းသတင်းတွေရထားပါတယ်။ သူ့ကိုသောက်လို့ ဆုံးရှုံးစရာ ဘာမှမရှိပါဘူး”လို့ သမ္မတထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။
ဆရာဝန်တွေကတော့ ဟိုက်ဒြောက်ဆီကလိုရိုကွင်းသုံးရင် နှလုံးပျက်စီးမှု၊ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု၊ အသည်းရောဂါလက္ခဏာတွေ အပါအဝင် ဖြစ်နိုင်ခြေ အမျိုးမျိုးရှိတယ်လို့ ဆိုနေကြပါတယ်။
ဂယက်များ
ငှက်ဖျားဆေးသောက်သုံးမှုနဲ့ ပတ်သက်ပြီး အရွေးကောက်ခံတွေထဲမှာ သမ္မတထရမ့်ရဲ့ အကြီးဆုံး ရန်သူတော်ကြီးဖြစ်တဲ့ လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီကို စီအန်အန် သတင်းဌာနက မေးမြန်းရာမှာတော့ နန်စီပလိုစီဟာ သမ္မတထရမ့်ရဲ့ အသက်နဲ့ ခန္ဓာကိုယ်ကို ထည့်မပြောဘဲ မနေနိုင်ဖြစ်ခဲ့ပါတယ်။
“သူဟာ ကျွန်မတို့ သမ္မတကြီးပါ။ သိပ္ပံပညာရှင်တွေ အတည်မပြုတဲ့ဟာတွေကို မသောက်စေချင်ပါဘူး။ အထူးသဖြင့်ကတော့ သူ့အသက်၊ သူ့ကိုယ်အလေးချိန်ရှိတဲ့ သူမျိုး အနည်းငယ် အဝလွန်နေတဲ့သူမျိုး အနေနဲ့ မလုပ်သင့်ပါဘူး”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်က သမ္မတထရမ့်ကို နှစ်စဥ်ပုံမှန်ဆေးစစ်တဲ့အချိန်မှာ သူဟာ အရပ် ၆ ပေ ၃ လက်မရှိပြီး ကိုယ်အလေးချိန် ၂၄၃ ပေါင်ရှိတဲ့အတွက် သူဟာအရပ်နဲ့ ကိုယ်အလေးချိန်အချိုးအစား ၃၀.၄ ရှိသူမို့ အနည်းငယ် အဝလွန်သူ အုပ်စုထဲမှာ ပါဝင်နေတယ်လို့ အိမ်ဖြူတော် သမားတော်က ဆိုပါတယ်။