ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သမ္မတထရမ့်အစိုးရကို သမ္မတဟောင်း အိုဘားမား ဝေဖန်
အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကိုရိုနာကပ်ဘေးဆိုင်ရာ ကိုင်တွယ်ဖြေရှင်းမှုတွေကို ဝေဖန်လိုက်ပါတယ်။
လက်ရှိရောဂါကပ်ဘေးဖြစ်ရပ်တွေကို ကြည့်ရင်တချို့ တာဝန်ရှိသူတွေဟာ ဟန်ဆောင်ပန်ဆောင်တောင် တာဝန်ယူမှုမရှိဘူးလို့ သမ္မတဟောင်းအိုဘားမားက ကောလိပ်ကျောင်းဆင်းကျောင်းသားတွေကို အွန်လိုင်းမိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။
ဒါဟာလတ်တလော ရက်တွေအတွင်းမှာ သမ္မတထရမ့်အစိုးရရဲ့ ကိုရိုနာကပ်ဘေးကိုင်တွယ်မှုအပေါ် ဒုတိယအကြိမ်မြောက် ထိုးနှက်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက ပေါက်ကြားလာခဲ့တဲ့ အွန်လိုင်းအစည်းအဝေးမှတ်တမ်းထဲမှာလည်း လုံးဝကစဥ့်ကလျား ကပ်ဘေးကြီးပဲ လို့သူက မှတ်ချက်ပြုခဲ့ပါတယ်။
အခုကောလိပ်ကျောင်းသားတွေရဲ့ ကျောင်းဆင်းပွဲ မိန့်ခွန်းထဲမှာတော့ ကိုဗစ် ၁၉ ရောဂါဘေးကြီးဟာ အမေရိကန်နိုင်ငံမှာ ခေါင်းဆောင်မှုချို့ယွင်းနေတယ်ဆိုတာကို ဖွင့်ချလိုက်ပြီလို့ သူကပြောဆိုခဲ့ပါတယ်။
အခုတာဝန်ယူနေတဲ့သူတွေရဲ့ လုပ်ရပ်တွေကို ပိတ်ကားဖွင့်ပြလိုက်သလို ပြည့်ပြည့်စုံစုံရှင်းရှင်းလင်းလင်းမြင်ရအောင် ဒီကပ်ဘေးကြီးလောက်ဘယ်ဟာကမှ မစွမ်းဆောင်နိုင်ဘူးလို့လည်း သူကဆိုပါတယ်။
ဒါ့အပြင် တာဝန်ရှိသူအများအပြားဟာ ဟန်ဆောင်ပန်ဆောင်လေးတောင် တာဝန်ယူမှုမရှိဘူးလို့လည်း သူကဝေဖန်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၁၂၀၀ သေဆုံးခဲ့တယ်လို့ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ စုစုပေါင်း သေဆုံးသူအရေအတွက်ကတော့ ၈၉၀၀၀ အထိရှိသွားပါပြီ။ ကမ္ဘာမှာ အများဆုံးသေဆုံးတဲ့နိုင်ငံဖြစ်ပါတယ်။
အမေရိကန်လူမည်းအသိုင်းအဝိုင်းအပေါ်မှာ ကိုရိုနာကပ်ဘေးရဲ့ သက်ရောက်မှုကိုလည်း မစ္စတာအိုဘားမားက ရှည်ရှည်လျားလျား ပြောဆိုသွားခဲ့ပါတယ်။
“အမေရိကန်ရဲ့ လူတန်းစားမညီမျှမှုတွေ၊ လူမည်းတွေရဲ့ သမိုင်းနဲ့ချီထမ်းပိုးထားရတဲ့ အပိုဝန်ထုပ်ဝန်ပိုးတွေကို အခုကပ်ရောဂါကြီးက မီးမောင်းထိုးပြလိုက်တာပဲ” လို့လည်း သူကဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူမည်းတွေသေဆုံးမှု၊ ဆေးရုံတင်ရမှုတွေဟာ အချိုးအစားမမျှတအောင် ကြီးမားနေပါတယ်။
လက်နက်မဲ့ လူမည်း အမျိုးသား အမောက်အာဘရီကို လူဖြူနှစ်ယောက်က ဖေဖော်ဝါရီလထဲမှာ ပစ်သတ်ခဲ့တဲ့အဖြစ်အပျက်ကိုလည်း သမ္မတဟောင်း အိုဘားမားကထည့်သွင်းပြောကြားခဲ့ပါတယ်။
“လူမည်းတယောက် ကျန်းမာရေးအတွက် အပြေးလေ့ကျင့်ခန်းလုပ်နေတာကို တခြားလူတွေက ရပ်တန့်စစ်ဆေးမေးမြန်းပြီး မေးတာမဖြေရင် ပစ်သတ်ခွင့်ရှိတယ်လို့တချို့လူတွေထင်နေကြတယ်။” ဒါဟာ အမေရိကန်ပြည်ထောင်စုမှာ အသားအရောင်ခွဲခြားမှု၊ မညီမျှမှုရှိနေတာကို ပေါ်လွင်ထင်ရှားစေတယ် သူကဆိုပါတယ်။
“ကမ္ဘာကြီးဟာပိုပြီးကောင်းလာမလာဆိုတာဟာ ခင်ဗျားတို့အပေါ်မှာ မူတည်ပါတယ်”လို့ သူက ကျောင်းသားတွေကို မိန့်ခွန်းပြောဆိုခဲ့ပါတယ်။
မစ္စတာအိုဘားမားဟာ ၂၀၁၇ ခုနှစ်ဇန်နဝါရီလမှာ သမ္မတရာထူးကဆင်းပေးခဲ့ပြီး နောက်ပိုင်း သူ့ရာထူးဆက်ခံသူအပေါ်မှာ ဝေဖန်ခဲလှပါတယ်။
ဒါပေမဲ့အခုရက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ အပြန်အလှန်ထိတွေ့မှုတွေ ရှိလာပါတယ်။
မစ္စတာအိုဘားမားနဲ့ သူ့လက်ထောက်တွေဟာ သမ္မတကိုသေးသိမ်အောင်လုပ်ခြင်းဆိုတဲ့ ရာဇဝတ်မှုကျူးလွန်ဖို့ အားထုတ်တာမျိုးတွေရှိနေတယ်လို့ သမ္မတထရမ့်ကလည်း စွပ်စွဲပါတယ်။
ဒါဟာ အမေရိကန်သမိုင်းမှာ အကြီးဆုံးနိုင်ငံရေးဆိုင်ရာ ရာဇဝတ်မှုပဲလို့ သမ္မတထရမ့်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။