ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရဲစစ်ဆေးရာက လူသေမှုနဲ့ အိန္ဒိယရဲ ၅ ယောက်ကိုဖမ်း
အိန္ဒိယတောင်ပိုင်း တမီနာဒူးပြည်နယ်မှာ သားအဖနှစ်ယောက်ကို ရဲကထိန်းသိမ်းထားစဥ် သေဆုံးမှုကြောင့် ရဲ ၅ ယောက်ကို လူသတ်မှုနဲ့ ဖမ်းဆီးတရားစွဲလိုက်ပါတယ်။
အသက် ၅၈ နှစ်အရွယ် ပီဂျေယာရပ်ဂျ်နဲ့ အသက် ၃၈ နှစ်အရွယ် ဖိနစ်ဆိုတဲ့ သားအဖနှစ်ယောက်ကို ရဲကထိန်းသိမ်းထားရာက ပြန်လွှတ်လိုက်ပြီး ၂ ရက် အကြာမှာ သူတို့နှစ်ယောက်လုံး သေဆုံးသွားခဲ့ပါတယ်။
သူတို့ဟာ ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်းကာလအတွင်းမှာ ခွင့်ပြုထားတဲ့ သတ်မှတ်ချိန်ထက် ကျော်လွန်ပြီး စတိုးဆိုင်ဖွင့်ခဲ့လို့ အဖမ်းခံရတာလို့ ဆိုပါတယ်။
သူတို့သေဆုံးမှုကြောင့် ဆန္ဒပြပွဲတွေ အများအပြားဖြစ်ပေါ်ခဲ့တဲ့ အတွက် ဒေသတွင်း ရာဇဝတ်မှုတရားရုံးတခုက စုံစမ်းစစ်ဆေးမှု လုပ်ခဲ့ရပါတယ်။
သားအဖနှစ်ယောက်သေဆုံးမှုကြောင့် နယ်ပြောင်းခံထားရတဲ့ အဲဒီရဲတွေကို လူသတ်မှုနဲ့အရေးယူလောက်စရာ အကြောင်းအချက်များစွာတွေ့ခဲ့တယ်လို့ ရာဇဝတ်တရားရုံးက ထုတ်ပြန်ခဲ့ပါတယ်။
တူတီကိုရင်မြို့က ဆာသန်ကူလမ်ရဲစခန်းမှာ သူတို့သားအဖနှစ်ယောက်ကို တညလုံး ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။ သူတို့ကို ပြန်လွှတ်ပေးပြီး ၂ ရက်အကြာမှာတော့ နှစ်ယောက်စလုံး သေဆုံးခဲ့တာပါ။
သူတို့နှစ်ယောက်ဟာ ရဲက ညှဥ်းပန်းနှိပ်စက်တာခံခဲ့ရတယ်လို့ မိသားစုက ဆိုပါတယ်။ ဆိုးဝါးရက်စက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထွက်ပေါ်လာ ပြီးနောက် ဒီအဖြစ်အပျက်ဟာ လူမှုကွန်ရက်ပေါ်မှာ ပြန့်ပွားသွားပြီး တနိုင်ငံလုံးက သတိပြုမိသွားကြပါတယ်။
ရင်ခွဲရုံအစီရင်ခံစာမှာ ဖော်ပြထားတဲ့ ဒဏ်ရာကြီးတွေအပြင် အမျိုးသမီးရဲအရာရှိတယောက်ရဲ့ မျက်မြင်ထွက်ဆိုချက်တို့ကို တရားရုံးက ကိုးကားခဲ့ပါတယ်။ ရင်ခွဲရုံအစီရင်ခံစာရော မျက်မြင်သက်သေထွက်ဆိုချက်ရောဟာ ရာဇဝတ်တရားရုံးရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်မှာ ပါဝင်ပါတယ်။
ရဲအဖွဲ့ရဲ့ အကြမ်းဖက်မှုဟာ အိန္ဒိယနိုင်ငံမှာ အများအပြားတွေ့ရပြီး မကြာခဏလည်း ဖြစ်လေ့ရှိပါတယ်။
၂၀၁၉ ခုနှစ်အတွင်း အိန္ဒိယမှာ ရဲက ဖမ်းဆီးထိန်းသိမ်းထားစဥ် သေဆုံးသူစုစုပေါင်း ၁၇၀၀ ရှိတယ်လို့ လတ်တလောထုတ်ပြန်တဲ့ အစီရင်ခံစာတခုက ဆိုထားတဲ့အတွက် တရက် ၅ ယောက်နှုန်းလောက် ဖြစ်ပါတယ်။ ဒါပေမယ့် တာဝန်ရှိတဲ့ ရဲအရာရှိတွေ အပြစ်ပေးခံရတာကတော့ ရှားလှပါတယ်။
တရားရုံးက ဘာပြောသလဲ
အခုအမှုဟာ သိရှိထားပြီးသမျှ အချက်အလက်တွေအရ လူသတ်မှုဖြစ်တယ်လို့ သေမှုသေခင်း စုံစမ်းစစ်ဆေးတဲ့ ဒေသတွင်းရာဇဝတ်တရာရုံးရဲ့ အစီရင်ခံစာကို အခြေခံပြီး အထက်အဆင့်တရားရုံးက ဆိုပါတယ်။
တရားရုံးက အဲဒီလို ထုတ်ဖော်ပြောဆိုပြီး နာရီအတန်အကြာမှာ ရဲ ၅ ယောက်ကို ဖမ်းခဲ့ပါတယ်။ရာဇဝတ်တရာရုံး စုံစမ်းတွေ့ရှိချက်မှာ ဆာသန်ကူလမ်ရဲစခန်းက အမျိုးသမီးရဲအရာရှိရဲ့ မျက်မြင်ထွက်ဆိုချက်လည်း ပါဝင်ပါတယ်။ သူ့ရဲ့လုံခြုံရေးကို တာဝန်ယူဖို့ ခရိုင်အရာရှိတွေကို တရားရုံးက ညွှန်ကြားထားပါတယ်။
စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ ရာဇဝတ်တရားရုံးက တိုင်ကြားခဲ့ပြီးနောက် ရဲအရာရှိတွေကို တရားရုံးက ပြင်းပြင်းထန်ထန်ပြစ်တင် ဝေဖန်ခဲ့ပါတယ်။ ရဲအရာရှိတွေဟာ သက်သေအထောက်အထားတွေကို ထိန်ချန်ခြင်း၊ လှည့်စားခြင်းတွေ လုပ်ခဲ့တယ်လို့လည်း ရာဇဝတ်တရာရုံးက စွပ်စွဲပါတယ်။
အဲဒီညက ရိုက်နှက်ခဲ့တဲ့ စီစီတီဗီမှတ်တမ်းကို ဖျက်ထားတယ်လို့ ရာဇဝတ်တရားရုံးက ဆိုပါတယ်။ လူနှစ်ယောက်ကို ရိုက်နှက်ရာမှာ သုံးခဲ့တယ်လို့ဆိုတဲ့ နံပါတ်တုတ်တွေကို ပေးအပ်ဖို့တောင်းဆိုရာမှာလည်း ကနဦးမှာ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးတဲ့ တရာရေးအရာရှိတွေကို ခြိမ်းခြောက်တဲ့အထိ ရဲတွေဟာ အတင့်ရဲလွန်းတယ်လို့လည်း တရာရုံးက ဆိုပါတယ်။
ရာဇဝတ်တရားရုံးက အမည်စာရင်းပေးတဲ့ အရာရှိသုံးဦးကို တရားရုံးမထီမဲ့မြင်မှုနဲ့ တရားစွဲဆိုလိုက်ပါပြီ။
လွတ်လပ်မျှတတဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ အခက်အခဲရှိတယ်လို့ တရားရုံးက မှတ်ချက်ပေးလိုက်တဲ့အတွက် ပြည်နယ်အစိုးရက အမှုကို ပြည်ထောင်စုအစိုးရ စုံစမ်းရေးအရာရှိတွေလက်ထဲ လွှဲပြောင်းပေးအပ်လိုက်ပါတယ်။
တာဝန်ရှိ ရဲအရာရှိတွေ ဘာဖြစ်သွားသလဲ
သေဆုံးမှုမှာ အဓိက တာဝန်ရှိတယ်လို့ စွပ်စွဲခံရသူ ရဲအရာရှိတွေကို အစက နယ်ပြောင်းခဲ့ပါတယ်။ ပိုပြီးပြင်းပြင်းထန်ထန် အရေးယူဖို့ တောင်းဆိုခဲ့ကြပြီးနောက်မှာ ရာထူးက ဆိုင်းငံ့ခဲ့ပါတယ်။
အဲဒီနောက် တရားရုံးကထူးထူးခြားခြား အမိန့်တခု ချခဲ့ပါတယ်။ အဲဒါကတော့ သက်သေ အထောက်အထားတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ လိမ်ညာ လှည့်ဖျားတာ မလုပ်နိုင်အောင် တားဆီးဖို့အတွက် အခွန်ရုံး အရာရှိတွေကို ဆာသန်ကူလမ်ရဲစခန်းမှာ တာဝန်ပေးခဲ့တာပါ။
ရဲအရာရှိတွေဟာ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ရာဇဝတ်တရားရုံးက စွပ်စွဲပြီး နာရီ အတန်ကြာမှာတော့ ရဲ ၂၇ ယောက်ကို နယ်ပြောင်းခဲ့ပါတယ်။
လစ်လပ်သွားတဲ့နေရာတွေမှာ အစားထိုးဖို့ ရဲအရာရှိသစ် ၃၀ ကို ပြည်နယ်အစိုးရက ခန့်ထားခဲ့ပါတယ်။
တခြားဖမ်းဆီးညှဥ်းပန်းမှုတိုင်ချက်တွေလည်း ရှိနေပြီး ဖမ်းဆီးထားစဥ်သေဆုံးမှုတိုင်ကြားချက် အနည်းဆုံး ၂ ခုကိုလည်း လက်ခံရရှိထားတယ်လို့ တရားရုံးက ဆိုပါတယ်။