ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာရှ အကြီးဆုံး ဆင်းရဲသားရပ်ကွက်ကြီးကို ကိုရိုနာဗိုင်းရပ်စ်ရန်က ဘယ်လိုကာကွယ်ထိန်းချုပ်ခဲ့လဲ
လူတွေ ငါးပိသိပ်ငါးချဥ်သိပ်ရှိနေတဲ့ ကမ္ဘာ့လူဦးရေအထူထပ်ဆုံးမြို့တွေထဲက နေရာတစ်ခုကို ရောဂါပိုး မကူးစက်အောင် social distancing လူတွေခွဲနေခိုင်းဖို့ဆိုတာက မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါ။ တစ်ဖက်ကလည်း လူဦးရေထူထပ်တာက ကိုရိုနာဗိုင်းရပ်စ်ကို မိတ်ဖွဲ့ သလိုဖြစ်နေပါတယ်။
တစ်မိုင်ပတ်လည်ထက် ကျဥ်းတဲ့နေရာတစ်ခုမှာ လူဦးရေ ၅သိန်းကျော်နေနေရတဲ့ အခြေအနေကို တွေးကြည့်ရင် ဘယ်လိုလဲဆိုတာ သိနိုင်ပါတယ်။သူတို့ ရဲ့ လူဦးရေက မန်ချက်စတာထက်ပိုများ ပေမယ့် သူတို့နေနေ တဲ့နေရာအကျယ်အဝန်းကတော့ လန်ဒန်ဟိုက်ပက်ခ်ပန်းခြံကြီးနဲ့ ကန်စင်တန်ဥယျာဉ်တွေ ထက်ကျဥ်း နေပါတယ်။
ပြီးတော့ ၁၀ပေ ပတ်လည်အိမ်ခန်းလေးတွေထဲမှာ လူ၈ယောက်ကနေ ၁၀ယောက်အထိ ကျဥ်းကျဥ်း ကျပ်ကျပ်နဲ့ နေနေရတာပါ။ အဲ့ဒီက လူ၈၀ရာခိုင်နူန်းသုံးနေရတဲ့ အိမ်သာတွေကလည်း အများသုံး အိမ်သာတွေပါ။အဆောက်အဦးတခုထဲမှာ လူနေအိမ်နဲ့ စက်ရုံတွေ ပူးတွဲတည်ရှိနေပြီး ကြားမှာခြား ထားတာတွေကလည်း လမ်းကျဥ်းလေးတွေပဲရှိပါတယ်။
အများစုက တစ်နေ့လုပ်တစ်နေ့စားတွေဖြစ်လို့ အိမ်မှာ မချက်ပြုတ်နိုင်ကြပဲ အပြင်က အစားအစာ တွေကိုပဲ ဝယ်စားရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါတွေဖြစ်လာတော့ အိန္ဒိယနိုင်ငံ ဘဏ္ဏာရေးနဲ့ ဖျော်ဖြေရေးမြို့တော် မွန်ဘိုင်းမြို့ အလယ်ဗဟိုက လူတွေအများကြီး စုပြုံနေထိုင်နေတဲ့ ဒါရာဗီ ဆင်းရဲသားရပ်ကွက်ကြီးမှာ ရောဂါဆက်မပြန့်ပွားအောင် ကြိုးစားထိန်းချုပ် ရဖို့ဖြစ်လာခဲ့ပါတယ်။
ရောဂါဖြစ်တဲ့လူ စတွေ့တဲ့ ဧပြီလတစ်ရက်နေ့က လူနှစ်ထောင်ကျော် ရောဂါကူးစက်ခံခဲ့ရပြီး လူရှစ် ဆယ် ထူးထူးဆန်းဆန်း သေဆုံးခဲ့တယ်လို့ သတင်းတွေမှာပါခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အဲ့ဒီထဲ က တစ်ဝက်ကျော်က ပြန်ကောင်းလာကြပါပြီ။
နေ့စဉ် သတင်းပေးပို့ချက်တွေအရ မေလ တစ်ရက်တည်းမှာ ပျမ်းမျှ ၄၃ယောက် ကူးစက်ခံခဲ့ရ တာကနေ ဇွန်လတတိယပတ်ထဲမှာ၁၉ယောက်အထိ ပြန်ကျခဲ့ပါတယ်။
ဧပြီလထဲမှာ ၁၈ရက်အတွင်း ရောဂါပိုးကူးစက်ခံရတဲ့သူ နေ့စဉ်နှစ်ဆတိုးလာခဲ့တာကနေ ဇွန်လထဲမှာ ၇၈ယောက်အထိ ကျသွားပါတယ်။
တကယ်တော့ ဒီလို လူဦးရေထူထပ်တဲ့နေရာမှာ ရောဂါပိုးမပြန့်ပွားအောင်ထိန်း ချုပ်နိုင်ဖို့ဆိုတာက လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။
ရောဂါပိုးကို ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးတာနဲ့ အပြင်ထွက်အလုပ်မလုပ်နိုင်တဲ့ လူတွေကို အစားအစာ အခမဲ့ထောက်ပံ့တာတွေ အကြီးအကျယ်လုပ်ခဲ့ရပါတယ်။
ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ရောဂါပိုးရှိမရှိ နောက်ကခြေရာခံလိုက်တာတွေ၊ စမ်းသပ်စစ် ဆေး တာတွေနဲ့ ရောဂါပိုးရှိတဲ့သူတွေကို သီးခြားခွဲထားတွေ သေသေချာချာလုပ်ခဲ့ရတယ်လို့ ဒေသန္တရအုပ် ချုပ်ရေးတာဝန်ရှိသူတွေကလည်း ပြောပါတယ်။
အဓိကကတော့ ရောဂါပိုးရှိမရှိ စစ်ဆေးတာ၊ဖျားနေတဲ့သူတွေအတွက် စခန်းသီးသန့်ခွဲထားတာအပြင် အိမ်တံခါးဝ အထိသွားစစ်ဆေးတာကို ယာဉ်တွေသုံးပြီးလုပ်ခဲ့ရပါတယ်။
အစပိုင်းမှာ ကျန်းမာရေးလုပ်သားတွေ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံတွေဝတ်ပြီး တစ်အိမ်တက်ဆင်း လိုက်စစ်တာတွေလုပ်ခဲ့ပေမယ့် ပူအိုက်လာတဲ့ရာသီဥတုကြောင့် ဆက်မလုပ်နိုင်ပဲရပ်ခဲ့ရပါတယ်။
ဒါကြောင့် ရောဂါပိုးရှိမရှိ လူ၃သိန်း၆သောင်းကျော်ကို စစ်ဆေးခဲ့တဲ့နေရာ ဖျားနာတဲ့လူတွေကို သီးသန့်ခွဲထားတဲ့ fever camps တွေက အလုပ်တွေကိုပဲ ပိုအာရုံစိုက်လုပ်ခဲ့ကြပါတယ်။
စခန်းတစ်ခုချင်းစီမှာ ကာကွယ်ရေးဝတ်စုံတွေဝတ်ထားတဲ့ ဆရာဝန် ဒါဇင်ဝက်နဲ့ ကျန်းမာရေး လုပ်သား အဖွဲ့တွေရှိပြီး နေ့စဥ်လူ၈၀ကို အဖျားနဲ့ သွေးထဲက အောက်စီဂျင်လယ်ဗယ်ကို အနီ အောက်ရောင်ခြည်သုံး သာမိုမီတာတွေနဲ့ အောက်စီဂျင်တိုင်းတဲ့ ကိရိယာတွေသုံးပြီး တိုင်းတာ စစ်ဆေးခဲ့ကြပါတယ်။
အဖျားရှိတယ် ရောဂါရှိတယ်လို့ စစ်ဆေးတွေ့ရှိရတဲ့လူတွေကို အားကစားရုံတွေ၊ မင်္ဂလာလက်ထပ် ခန်းမနဲ့ ကျောင်းတွေက ကွာရန်တင်း စင်တာတွေကို ပို့ကြပါတယ်။ အခုချိန်ထိ လူတစ်သောင်း ကျော်ကို ကွာရန်တင်းစင်တာတွေကို ပို့ဆောင်ပေးခဲ့ ပြီးပါပြီ။
အဲ့ဒီလူတွေထဲက အခြေနေပိုဆိုးလာတဲ့ လူနာတွေကိုတော့ ဒေသတွင်းက အစိုးရဆေးရုံနဲ့ ပုဂ္ဂလိက ဆေးရုံ သုံးရုံကို ထပ်ပြောင်းပို့ပေးပါတယ်။
"ရောဂါကူးစက်ပျံ့ပွားမှုကို စစ်ဆေးနိုင်ဖို့ ဖျားနာစခန်းတွေက တကယ်အကူအညီပေးနိုင်ခဲ့တာ" လို့ ဆင်းရဲသားရပ်ကွက်အတွက် အလုပ်လုပ်ပေးနေတဲ့ ကျန်းမာရေးအရာရှိ ဒေါက်တာ အမ်ရှုတာ ဘာဝါစကာက ပြောပါတယ်။
"လူတွေက လုပ်အားတော့ လာပေးကြတယ်။ ပြီးတော့ ဘာရောဂါမှမရှိပဲနဲ့ ကြိုတင်စစ်ဆေးတာ တွေခံချင်ကြတယ်။ တစ်ခါတလေကျရင် စစ်ဆေးတာခံချင်လို့ သူတို့ အသက်ကို ပိုပြောတာတွေ ရှိတယ်။ ချောင်းဆိုးနှာချေတဲ့ သူနဲ့ ဘေးချင်းကပ်ထိုင်မိလို့ ရောဂါရှိမရှိ အစစ်ခံချင်တဲ့ သူတွေ လည်းရှိတယ်။ အရမ်းကို ကြောက်လန့်နေကြတာ" လို့လည်း သူက ပြောပြပါတယ်။
ဧပြီလက စလို့ လူတစ်သောင်းတစ်ထောင်ကို စစ်ဆေးပြီးတဲ့အချိန်မှာလည်း ဒီဆင်းရဲသား ရပ်ကွက်ကြီးထဲမှာ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးကူးစက်ခံရတဲ့သူအများကြီးရှိနေတယ်လို့ ယူဆ နေကြပါတယ်။
ဒါပေမယ့် အခြားအချက်အချာ ကျတဲ့မြို့ကြီးတွေနဲ့ မွန်ဘိုင်းမြို့ကအခြားနေရာတွေမှာ ရောဂါပိုးထိန်း ချုပ်နိုင်တဲ့ အခြေနေရောက်လာရင် သူတို့လည်း ထိန်းချုပ်နိုင်လာမယ်လို့ ရပ်ကွက်တာဝန်ရှိတဲ့သူတွေက ယူဆထားကြပါတယ်။
အဲ့ဒီမှာ သေဆုံးမှုနည်းတဲ့အချက်က ဆင်းရဲသားရပ်ကွက်ထဲမှာနေတဲ့သူတွေဟာ လူငယ်အများစုဖြစ်ပြီး၊ ရောဂါကူးခံရတဲ့ သူအများစုကလည်း အသက်၂၁က နေ ၅၀အထိလူတွေ ဖြစ်နေတာကြောင့် လည်းပါနိုင်ပါတယ်။
ပြီးတော့ ထိန်းချုပ်ကန့်သတ်တာတွေကို ပြင်းပြင်းထန်ထန်လုပ်တာ၊ အစားအစာတွေ အလကား ဝေတာနဲ့ အလုပ်မရှိ ဝင်ငွေမရှိ အိမ်ထဲမှာပိတ်မိနေတဲ့သူတွေလက်ထဲ အစားအစာတွေ အသေ အချာရောက်အောင် လုပ်ပေးနိုင်တဲ့ အချက်တွေကလည်း အဓိကနေရာကပါပါတယ်။
"social distancing လူတွေခွဲနေအောင် လုပ်နိုင်တဲ့ အခြေအနေမရှိပေမဲ့ ရောဂါ ကူးစက်ပျံ့ပွားမှု ရပ်တန့် သွားအောင် လုပ်နိုင်ခဲ့တယ်လို့ ထင်တဲ့" အကြောင်း အဲ့ဒီဒေသက လက်ထောက် မြူနီစီပယ် မင်းကြီး ကီရန်ဒီဂဟာကာက ပြောပါတယ်။
မီဒီယာတွေက အာရုံစိုက်တဲ့အချက်ကလည်း ဒါရာဗီရပ်ကွက်ကို အကူအညီပေးတဲ့ အချက်တွေထဲမှာ ပါဝင်ပါတယ်။
အော်စကာဆုရထားတဲ့ ရထားတဲ့ Slumdog Millionaire ရုပ်ရှင်အရှိန်ကြောင့် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ဒီရပ်ကွက်ကြီး ရထားပါတယ်။
ကမ္ဘာအနှံ့ စီပွားရေးကျောင်းတွေက သုတေသီတွေနဲ့ မြို့ပြစီမံကိန်း ရေးဆွဲသူတွေကလည်း ဒီရပ်ကွက် ကြီး ရဲ့ မြို့ပြလှုပ်ရှားမှုစွမ်းအာနဲ့ ဒေါ်လာတစ်ဘီလျံတန် စီးပွားရေးကိုလည်း လေ့လာသိရှိ ထားကြ ပါတယ်။
ပုဂ္ဂလိကဆရာဝန်တွေကလည်း ဖျားနာစခန်းတွေမှာ လာပူးပေါင်းကြပါတယ်။ မြူနီစီပယ်ကငွေတွေ၊ နိုင်ငံရေးသမားတွေ နဲ့ ပရဟိတအဖွဲ့တွေက သောင်းနဲ့ချီတဲ့ အခမဲ့အစားအစာတွေနဲ့ အစားအစာဝေငှမှုတွေ ပူးပေါင်းလုပ်ခဲ့ကြပါတယ်။
ဘောလီးဝုဒ် သရုပ်ဆောင်တွေနဲ့ လုပ်ငန်းရှင်တွေကလည်း အသုံးအဆောင်ပစ္စည်းတွေ ၊ အောက်စီ ဂျင်ဆလင်ဒါတွေ၊ လက်အိတ်တွေ၊နှာခေါင်းစည်းပုဝါတွေ၊ ဆေးဝါးတွေနဲ့ အသက်ရှုစက် တွေကို လှူဒါန်းခဲ့ကြပါတယ်။
"စုပေါင်းစွမ်းဆောင်ခဲ့တဲ့ သမိုင်း မွန်ဘိုင်းမှာရှိသွားပြီ။ တာဝန်ရှိတဲ့သူတွေ ဒါရာဗီမှာ ရောဂါ ကူးစက်တာ ထိန်းချုပ်နိုင်အောင် သူတို့ ဝိုင်းကူညီခဲ့ကြတယ်" လို့ ဆင်းရဲသားရပ်ကွက်ကို အကူညီပေးနေတဲ့ ပရဟိတအဖွဲ့က ဒေါက်တာ အာမီဒါဖာန်ဒက်စ်က ပြောပါတယ်။
တစ်ဖက်မှာလည်း ပြင်းထန်တဲ့တားဆီးထိန်းချုပ်မှုကြောင့် စီးပွားရေးတွေ အကြီးအကျယ်ထိခိုက်ရတာ လည်းရှိပါတယ်။
ဒီဆင်းရဲသားရပ်ကွက်ကြီးက သားရေလုပ်ငန်း၊ မြေထည်လုပ်ငန်း၊ အထည်ရက်လုပ်ငန်း တွေ အများကြီးရှိနေတဲ့နေရာပါ။ အခွန်ဆောင်နေတဲ့ စက်ရုံအသေး ငါးထောင်နဲ့ တစ်ကိုယ်ရေ အလုပ်ရုံ တစ်သောင်းငါးထောင်လောက်ရှိပါတယ်။ ပြီးတော့ မွန်ဘိုင်းမြို့ အတွက် သုံးပြီးသား ပလတ်စတစ် တွေ ပြန်သုံးအောင်လုပ်တဲ့ လုပ်တဲ့ အဓိကနေရာလည်းဖြစ်ပါတယ်။
ဒါရာဗီလိုနေရာမှာ ဆယ်စုနှစ်ပေါင်းများစွာ လုပ်အားခသက်သာတဲ့ ရွေ့ပြောင်း ကျွမ်းကျင် လုပ်သား တွေအများကြီးရှိနေတာကလည်း မဆန်းပါဘူး။ လော့ဒေါင်းလုပ်လိုက်တော့ ကျွမ်းကျင်လုပ်သား တစ်သိန်းငါးသောင်းလောက် သူတို့ ဝင်ငွေနဲ့အလုပ်တွေမရှိတော့လို့ အဲ့ဒီကနေ သူတို့ဇာတိရွာတွေကို ပြန်သွားကြပါတယ်။
အဲ့ဒီမှာကျန်နေတဲ့သူတွေကလည်း သူတို့မှာရှိတဲ့ရွှေတွေကို ပေါင်နှံ၊ စုထားတဲ့ငွေတွေ လည်းကုန်၊ အကြွေးတွေပါ တင်ကုန်ကြပါတယ်။
ဒီပြင်းထန်တဲ့ တားဆီးထိန်းချုပ်မှုက ဒါရာဗီရပ်ကွက်ရဲ့စီးပွားရေးကို ဖျက်ဆီးခဲ့တယ်လို့ အဲ့ဒီ ရပ်ကွက်အတွက်အလုပ်လုပ်ပေးနေတဲ့ အာခွန်အိန္ဒိယပရဟိတအဖွဲ့က ရှေ့နေ ဗီနော့ရှက်တီက ဆိုပါတယ်။
"လူတွေက တစ်နေ့လုပ်တစ်နေ့စား ရုန်းကန်နေရတာ။ သူတို့မှာ ရပ်ကွက်အထဲမှာရော အပြင်မှာပါ အလုပ်မရှိကြတော့ဘူး" လို့ အရောင်းဝယ်တွေရပ်သွားရင် အသက်မွေးဝမ်းကြောင်းတွေ ထိခိုက်လာ တာကို သူကပြောပြပါတယ်။
စက်ရုံတွေတဖြည်းဖြည်းနဲ့ ပြန်ဖွင့်လာလို့ လူတွေအလုပ်ပြန်လုပ်နိုင်တော့မှာဆိုပေမဲ့ နှာခေါင်းစည်း တွေဆက်တပ်ကြဖို့ နဲ့ လုပ်ထုံးလုပ်နည်းတွေအားလုံးကို ဆက်လိုက်နာကြဖို့ က နောက်ထပ် စိန်ခေါ်မှုတစ်ခုဆိုတာကို ဒီဂဟာကာက သဘောတူပါတယ်။
ဒါပေမဲ့ မေးခွန်းတွေကတော့ဆက် ရှိနေဆဲပါ။
လိုအပ်တာတွေအများစုကို ဝယ်နေရတဲ့ ဆင်းရဲသားရပ်ကွက်မှာ သူ့တို့လက်တွေကိုဆေးဖို့ ရေအလုံ အလောက်ရနိုင်ပါ့မလား။ အဲ့ဒီကအလုပ်သမားတွေ စက်ရုံတွေမှာပြန်လုပ်ဖို့ အလုပ်တွေ ကကော အလုံအလောက်ရှိလာပါ့မလား။
အနာဂတ်မှာ နောက်ထပ်ရောဂါကူးစက်မှုတွေဖြစ်လာရင် ထိန်းချုပ်တားဆီးနိုင်မယ့် လော့ဒေါင်းပုံစံတခု ဘယ်လောက်ဆက်ထိန်းထားနိုင်မလဲ။
ပရဟိတအဖွဲ့တွေကကော သူတို့မှာရှိတဲ့ အရင်းအမြစ်တွေ ကုန်သွားရင် ဘယ်လောက်ကြာကြာ ဆက်ကူညီနိုင်ကြမလဲဆိုတဲ့ မေးခွန်းတွေပါ။
"ဒီစစ်ပွဲက မပြီးသေးဘူး။ ဗိုင်းရပ်စ်မပျောက်သွားခင်အချိန်ထိ တိုက်ပွဲကဆက်ရှိနေဦးမှာ " လို့ လက်ထောက် မြူနီစီပယ်မင်းကြီး ကီရန်ဒီဂဟာကာကပြောပါတယ်။