ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စပေ့အိတ်စ် ရဲ့ ဒုတိယအကြိမ် ကြိုးစားမယ့် ဒုံးပျံ လွှတ်တင်မှု အောင်မြင်မလား
နာဆာရဲ့ အာကာသယာဉ်မှူးတွေဖြစ်တဲ့ ဒေါက် ဟာလေ နဲ့ ဘော့ဘ် ဘန်ကန်တို့ လိုက်ပါမယ့် ဒုံးပျံကို ကမ္ဘာပတ်လမ်းကြောင်းထဲကို စေလွှတ်ဖို့ စပေ့အိတ်စ် SpaceX ကုမ္ပဏီက ဒီကနေ့မှာ ဒုတိယအကြိမ်မြောက် ကြိုးပမ်းမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန် ဖလော်ရီဒါမှာရှိတဲ့ ကနေဒီ ဒုံးပျံ လွှတ်တင်ရေး စခန်းကနေ နိုင်ငံတကာ အာကာသစခန်း (ISS)ကို လွှတ်တင်မယ့် အစီအစဉ်ဟာ ရာသီဥတုမကောင်းလို့ ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။
ဒီကနေ့ မေလ ၃၀ ရက်နေ့ စနေနေ့မှာ ရာသီဥတု ကောင်းမွန်ပြီး ဒုံးပျံလွှတ်တင်နိုင်လိမ်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ စပေ့အိတ်စ် ကုမ္ပဏီက တက္ကဆက်မှာ စမ်းသပ်နေတဲ့ စတားရှစ် ပရိုတိုတိုပ်ဟာ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
အနာဂတ်မှာ အာကာသထဲကို လွှတ်တင်မယ့် ဒုံးပျံ ပုံစံသစ်ကို ကုမ္ပဏီ က မက္ကဆီကို နဲ့ နယ်စပ်နားက ဘိုကာချီနား ဒေသမှာ စမ်းသပ်နေတာ ဖြစ်ပါတယ်။
စတားရှစ်ပ် ဒုံးပျံ အစီအစဉ်ဟာ နာဆာနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အာကာသထဲ ခရီးသည်တွေ လိုက်ပါရေး အစီအစဉ်တော့ မဟုတ်ပါဘူး။
စပေ့အိတ်စ်ရဲ့ နောက်ထပ် သီးခြား အစီအစဉ်ပါ။
ဒေါက် နဲ့ ဘော့ဘ် တို့ လိုက်ပါမယ့် ဒုံးပျံကိုတော့ ကနေဒီ စခန်းကနေ အမေရိကန် စံတော်ချိန် ညနေ ၃ နာရီ ၂၂ မိနစ်မှာ လွှတ်တင်ဖို့ စီစဉ်ထားပါတယ်။
မြန်မာ စံတော်ချိန် တနင်္ဂနွေ အစောပိုင်း ၁ နာရီ လောက်ဖြစ်ပါတယ်။
ဒါဟာ အမေရိကန် အာကာသ လေ့လာရေး အေဂျင်စီ နာဆာ ရဲ့ ၂၀၁၁ ခုနှစ် ဒုံးပျံ လွှတ်တင်ရေး အစီအစဉ် ရပ်နားလိုက်အပြီး ၉ နှစ်အကြာမှာ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုနဲ့ ပူးပေါင်းပြီး လူလိုက်ပါတဲ့ ဒုံးပျံ လွှတ်တင်ရေး အစီအစဉ်ဖြစ်တာကြောင့် နိုင်ငံတဝန်းမှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။
နောက်ပြီး နာဆာ အတွက် ပထမဆုံး အကြိမ် အဖြစ် ကုမ္ပဏီ တစ်ခု နဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ ဘာဖိအားမှ မရှိနေဘူးလို့ နာဆာ အုပ်ချုပ်ရေးမှူး ဂျင် ဘရီဒန်စတိုင်းက ဆိုပါတယ်။
လူတွေက ဒီလိုတွေးနေမယ်ဆိုရင်လည်း အဲဒီအတွေးတွေဟာ မှားယွင်းမှုသာ ဖြစ်မယ်လို့ ဆိုပါတယ်။
ဒါကလည်း အမေရိကန် သမ္မတ နဲ့ ဒုတိယ သမ္မတ တို့က လာရောက် အားပေးတဲ့ အတွက် ဖိအားတွေနဲ့ လွှတ်တင်ရတာလို့ ထင်မြင်နေကြလို့ပါ။
စပေ့အိတ်စ် နဲ့ နာဆာတို့ရဲ့ ဆောင်ရွက်မှုကို သမ္မတ ဒေါ်နယ် ထရမ့် နဲ့ ဒုတိယ သမ္မတ မိုက် ပန့်စ်တို့ဟာ ဂုဏ်ယူနေပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လွှတ်တင်ရေး အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့တဲ့ လုပ်ရပ်ကလည်း မှန်ကန်တယ်လို့ ဂျင်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ဒုံးပျံလွှတ်တင်ခါနီး ၁၆ မိနစ် အလိုကျမှ အစီအစဉ်ကို ရွှေ့ဆိုင်း ခဲ့ရတာပါ။ အဲဒီနေ့က လျှပ်စီး မုန်တိုင်း တိုက်ခတ်တဲ့ အခြေအနေမျိုး ရှိနေတာကြောင့် ဒုံးပျံကို မလွှတ်ဖို့ နှိုင်းနှိုင်းချိန်ချိန် လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ထိန်းချုပ်ရေး အဖွဲ့က ပြောပါတယ်။
အဲဒီနေ့က အာကာသယာဉ်မှူးတွေ ဖြစ်တဲ့ ဒေါက် နဲ့ ဘော့ဘ် တို့ဟာ သူတို့ရဲ့ နဂါးလို့ ခေါ်တဲ့ ဒုံးပျံ ထိပ်ဖူး မှာ နာရီပေါင်းများစွာ ကြာအောင် စောင့်ဆိုင်း ခဲ့ရပါတယ်။ ဒုံးပျံရဲ့ လောင်စာဆီ တွေကို သယ်ထုတ်ပြီးမှ အောက်ကို ဆင်းခွင့် ရခဲ့တာလည်းဖြစ်ပါတယ်။
ဒုံးပျံလွှတ်တင်ဖို့ အချိန်စတင်ရေတွက်ဖို့ စတင်ခါနီး အထိ အစစအရာရာ အဆင်ပြေချောမွေ့ခဲ့ပြီးမှ ရာသီဥတုကြောင့် ရွှေ့ဆိုင်း ခဲ့ရလို့ လူတွေက အားမလိုအားမရ ဖြစ်ခဲ့ရပါတယ်။ ဒီကနေ့ လွှတ်တင်မယ့် အစီအစဉ်မှာလည်း အဆင်ပြေချောမွေ့ဖို့ မျှော်လင့်နေပါတယ်။
ဒီနေ့မှာလည်း အာသယာဉ်မှူးတွေဟာ လွှတ်တင်ဖို့ သတ်မှတ်ထားချိန်ထက် ၃ နာရီ စောပြီး ဒုံးပျံ ထိပ်ဖူးထဲကို ဝင်ရောက်နေရာယူရမှာပါ။ စပေ့အိတ်စ် ကုမ္ပဏီဘက်က သူတို့ နေရာထိုင်ခင်း အဆင်ပြေချောမွေ့ဖို့ ကူညီကြမှာလည်း ဖြစ်ပါတယ်။
နာဆာ အာကသယာဉ်မှူး နီကိုးလ် မန်း ကတော့ သူ့ရဲ့ လုပ်ဖော် ကိုင်ဖက် နှစ်ယောက် ဖြစ်တဲ့ ဘော့ဘ် နဲ့ ဒေါက်တို့ဟာ အခြေအနေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒုံးပျံ လွှတ်တင်ဖို့ ဆိုင်းငံ့ခဲ့ရတာနဲ့ ပတ်သက်လို့လည်း အနှောက်အယှက် ဖြစ်ပုံမရဘူးလို့ ဆိုပါတယ်။
နိုင်ငံတကာ အာကာသစခန်း ဆီကိုရောက်ဖို့ ၁၉ နာရီလောက် မောင်းနှင်ရမှာဖြစ်ပါတယ်။ အများအားဖြင့် အလိုအလျောက်ထိန်းချုပ်စနစ်နဲ့ မောင်းနှင်သွားမှာ ဖြစ်ပေမယ့် နဂါး ဒုံးပျံ ထိပ်ဖူး က မောင်းနှင်ရေး စနစ်ကို ဒေါက်နဲ့ ဘော့ဘ် တို့ကိုယ်တိုင် ထိန်းကျောင်း မောင်းနှင်ဖို့လည်း စီစဉ်ထားပါတယ်။
အာကသာယာဉ်မှူး နှစ်ယောက်ဟာ နိုင်ငံတကာ အာကာသ စခန်းမှာ ၁ လ ကနေ ၄ လ လောက်အထိနေမှာ ဖြစ်ပါတယ်။
စပေ့အိတ်စ် ကုမ္ပဏီကို စွန့်ဦးတီထွင်လုပ်ငန်းရှင် အီလွန် မက်စ် က ပိုင်ဆိုင်ပြီး အာကာသခရီးစဉ် အတွက် နာဆာနဲ့ ဒေါ်လာ ၂.၆ ဘီလျံ တန်ကြေးရှိတဲ့ စာချုပ်ချုပ်ဆို လုပ်ကိုင်နေတာပါ။ ဒေါက် နဲ့ ဘော့ဘ် တို့ရဲ့ ခရီးစဉ် အဆင်ပြေတယ် ဆိုရင်တော့ သြဂုတ်လမှာ ပြင်ပ ခရီးသည် လိုက်ပါတဲ့ အစီအစဉ်ကိုလည်း လွှတ်တင်ဖို့ စီစဉ် ထားပါတယ်။
လေယာဉ် ထုတ်လုပ်တဲ့ ဘိုးအင်း ကုမ္ပဏီဟာလည်း နာဆာနဲ့ အလားတူ အာကသအစီအစဉ် ကို သဘောတူညီထားတာ ရှိပါတယ်။ ဒါပေမယ့် စပေ့အိတ်စ်ရဲ့ အစီအစဉ်အပြီးနောက်ထပ် တစ်နှစ်လောက် အကြာမှ သူ့ရဲ့ အာကာသ အစီအစဉ်ကို အကောင်အထည်ဖော်နိုင်မယ်လို့ ပြောဆိုပါတယ်။