အမေရိကန်တဝန်း တရားမျှမှုတောင်းဆိုတဲ့ ဆန္ဒပြမှုတွေကနေ အဓိကရုဏ်းဖြစ်

ဓာတ်ပုံ ရင်းမြစ်, Reuters
မင်နီယာပိုလိစ်မြို့မှာ လက်နက်မဲ့ လူမည်းအမျိုးသားတစ်ယောက်ကို ရဲဖမ်းစဥ် သေဆုံးခဲ့တာကို မကျေနပ်တဲ့အတွက် အမေရိကန်က မြို့ကြီးတွေမှာ ဆန္ဒပြကြသူတွေနဲ့ ရဲနဲ့ ထိပ်တိုက်တွေ့ဆုံ အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါတယ်။
နယူးယောက်၊ အတ္တလန္တာ နဲ့ တခြားနေရာတွေမှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ သမ္မတ အိမ်ဖြူတော်ကိုလည်း အချိန်အခိုက်အတန့် အဝင်အထွက်တွေ ပိတ်ဆို့ထားခဲ့ရပါတယ်။
အသက် ၄၆ နှစ် အရွယ် ဂျော့ဖလွိုက်သေဆုံးမှုဟာ လူမည်း အမေရိကန်တွေ ရဲကြောင့် သေဆုံးခဲ့ရမှုတွေအပေါ် ဒေါသတွေကို ပြန်ဆွပေးခဲ့ပါတယ်။
ဆန္ဒပြမှုတွေဟာ မင်နီဆိုးတားမှာ အဆိုးရွားဆုံး ဖြစ်နေပါတယ်။ မင်နီယာပိုလစ်နဲ့ စိန့်ပေါမြို့မှာ ညမထွက်ရ အမိန့်တွေ ထုတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဆန္ဒပြသမားတွေက သောကြာနေ့မှာ အမိန့်ကို ဖီဆန်ခဲ့ကြပါတယ်။
မီးလောင်မှုတွေ အထူးသဖြင့် ကားတွေ အများအပြား မီးလောင်နေတာတွေ့ရပြီး တချို့နေရာတွေကို မီးသတ်တွေ မသွားနိုင်ဘဲ ဖြစ်နေပါတယ်။
မြေပြင် ရဲအင်အားနည်းနေနေတဲ့ မင်နီယာပိုလိစ်မှာ လုယက်ဖျက်ဆီးတာတွေကိုလည်း ရုပ်သံပြကွက်တွေမှာ တွေ့နေရပါတယ်။
ညလယ်လောက်ကျမှ အမျိုးသားလုံခြုံရေး အဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တချို့ ရောက်လာပါတယ်။
မင်နီယာပိုလစ်ကို စေလွှတ်ဖို့ စစ်ဌာနချုပ် ပင်တာဂွန်ကလည်း စစ်တပ်ကို အသင့်ပြင်ခိုင်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဝါရှင်တန်မြို့တော် သမ္မတရုံးစိုက်တဲ့ အိမ်ဖြူတော်နားမှာ သေဆုံးသူ မစ္စတာဖလွိုက် ဓာတ်ပုံတွေ ဝှေ့ယမ်းပြီး သူနောက်ဆုံးပြောခဲ့တဲ့ "ကျွန်တော် အသက်ရှုလို့ မရတော့ဘူး" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ သောကြာနေ့ ညနေမှာ ဆန္ဒပြခဲ့ကြပါတယ်။
အတ္တလန္တာမှာတော့ လူတွေနဲ့ အိုးအိမ်အဆောက်အအုံတွေကို အကာအကွယ်ပေးဖို့ တချို့နေရာတွေကို အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
စီအန်အန် သတင်းဌာနရုံးနားမှာ ဆန္ဒပြသမားတွေ စုဝေးရောက်လာပြီး တချို့အဆောက်အအုံတွေကို ဖျက်ဆီးတာ၊ ရဲကားတွေကို မီးရှို့တာတွေ လုပ်ခဲ့ပါတယ်။
နယူးယောက် ဘရွတ်ကလင်း ခရိုင်မှာတော့ ဆန္ဒပြသူတွေနဲ့ ရဲနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။ ရရာ လက်နက်ပစ္စည်းတွေနဲ့ ပစ်ပေါက်တာတွေ၊ မီးရှို့တာတွေ၊ ရဲကားတွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။
ရဲတချို့ ဒဏ်ရာရခဲ့ပြီး လူအတော်များများကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Laura Fuchs
ဒက်ထရွိုက်မှာတော့ ၁၉ နှစ် လူငယ်တစ်ဦး သေဆုံးသွားပြီး အဲဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး ရဲက စုံစမ်းစစ်ဆေးရေးတွေ လုပ်နေပါတယ်။ ဆန္ဒပြလူအုပ်ထဲကို ကားတစ်စီး တိုးဝင်လာပြီး လူအုပ်ထဲကို သေနတ်နဲ့ ပစ်ခဲ့ရာက အဲဒီလူငယ်သေဆုံးခဲ့တာပါ။
ဖီးနစ်မြို့နဲ့ ရဲတွေ ခဲတွေနဲ့ ပစ်ပေါက်ခံရတဲ့ ဒါလက်စ်မြို့တို့မှာ ရဲက မျက်ရည်ယိုဗုံးတွေ သုံးခဲ့ပါတယ်။
လော့စ်အိန်ဂျယ်လိစ်နဲ့ အုတ်ကလန်မြို့တို့မှာ ဆန္ဒပြသမားတွေက လမ်းတွေကို ပိတ်ဆို့ထားပါတယ်။ ပြတင်းပေါက်တွေကို ရိုက်ချိုးဖျက်ဆီးခဲ့ပြီး "ရဲတွေကို သတ်ပစ်" ဆိုတဲ့ စာသားတွေ နံရံတွေမှာ ရေးသွားပါတယ်။
လူမည်းအမျိုးသားကို ဖမ်းဆီးခဲ့တဲ့ မင်နီယာပိုလိစ်က ရဲတပ်ဖွဲ့ဝင်ကိုတော့ ရာထူးက ထုတ်ပယ်လိုက်ပြီ ဖြစ်ပြီး ဒီအမှုနဲ့ ပတ်သက်လို့ အရေးယူထား ပါတယ်။
အသက် ၄၄ နှစ်အရွယ် ဒဲရက်ချော်ဗင်ဟာ တနင်္လာနေ့မှာ ပထမဆုံး တရားရုံးမှာ လာရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters









