ထရမ့်ရဲ့ ပို့စ် တွစ်တာမှာ ဖျောက်ထားခံရ

Trump

ဓာတ်ပုံ ရင်းမြစ်, Getty Images

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တွစ်တာပို့စ်တစ်ခုဟာ အကြမ်းဖက်မှု အားပေးအားမြှောက်ပြုတာကို တားမြစ်တဲ့ တွစ်တာရဲ့ စည်းမျဥ်းကို ချိုးဖောက်တယ်ဆိုပြီး အဲဒီပို့စ်ကို ထရမ့်ရဲ့ စာမျက်နှာကနေ တွစ်တာက ဖျောက်ထားလိုက်ပါတယ်။

ဒါဟာ ထရမ့်ရဲ့ ပို့စ် တွစ်တာကနေ ပထမဆုံးအကြိမ် ဖျောက်ထားခံရတာ ဖြစ်ပါတယ်။

အဲဒီပို့စ်ကို အပြီး ဖျက်ပစ်တာတော့ မဟုတ်ဘဲ သတိပေးမှတ်ချက် တစ်ခုပေးပြီး ဖျောက်ထားတာပါ။ အဲဒီဖျောက်ထားတဲ့ပို့စ်ပေါ်ကိုကလစ်နှိပ်ပြီး ကြည့်ရင်တော့ ထရမ့်ရဲ့ သတင်းစကားကို မြင်နိုင်ပါတယ်။

ပို့စ်ပေါ်မှာ ကလစ်နှိပ်ပြီး ဝင်ကြည့်နိုင်သေးတယ်

ဓာတ်ပုံ ရင်းမြစ်, Twitter

ဓာတ်ပုံ ပုံစာ, ပို့စ်ပေါ်မှာ ကလစ်နှိပ်ပြီး ဝင်ကြည့်နိုင်သေးတယ်။

ထရမ့်ရဲ့ပို့စ်ကို ဆက်ကြည့်ခွင့်ရအောင်လုပ်ထားတာဟာ အများပြည်သူနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် ကြည့်ချင်သူ ကြည့်နိုင်အောင် ထားထားတာ ဖြစ်တယ်လို့လည်း အဲဒီ သတိပေးမှတ်ချက်မှာ ရေးထားပါတယ်။

ဒီလို ပို့စ်ဖျောက်ထားခံရတာဟာ တွစ်တာနဲ့ အိမ်ဖြူတော်တို့ကြား ဝေဖန်တိုက်ခိုက်မှုတွေ ပြင်းထန်လာခဲ့မှုထဲက နောက်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

လူမည်းအမျိုးသားတစ်ယောက်ကို ရဲက ဖမ်းဆီးရာက သေဆုံးမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်နေတဲ့ မင်နီယာပိုလိစ်မြို့အကြောင်း မစ္စတာ ထရမ့်က တွစ်တာမှာ ရေးတင်ခဲ့တာပါ။

အဲဒီ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ကို လွှတ်လိုက်မယ်။ "ကြမ်းတာရမ်းတာ စတာနဲ့ ပစ်တာခတ်တာလည်း စမှာပဲ"လို့ သူက ပြောထားပါတယ်။

ဒါဟာ ၁၉၆၀ တုန်းက မိုင်ယာမီ ရဲချုပ် ဝေါ်လ်တာ ဟက်လီက လူမည်းတွေကို ထိန်းချုပ်ရာမှာ ပြင်းပြင်းထန်ထန် သုံးခဲ့ဖူးတဲ့ စကားကို သုံးထားတာပါ။

Skip X post
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ဘီဘီစီပြင်ပ ဝက်ဆိုက်များမှ ဖော်ပြချက်များတွင် ကြော်ငြာများပါနိုင်ပါသည်။

End of X post

ကျော်ကြားထင်ရှားသူတွေ တွစ်တာစည်းမျဥ်းတွေ ချိုးဖောက်ရင် ဖျက်ပစ်မယ့်အစား သတိပေးမှတ်ချက်ထည့်မယ်လို့ မူဝါဒ ချတဲ့အကြောင်း ၂၀၁၉ နှစ်လယ်ပိုင်းမှာ တွစ်တာက ကြေညာထားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း တွစ်တာက ဒီလို သတိပေးမှတ်ချက်ထည့်တာရော ပို့စ်ဖျက်တာရောကို ထရမ့်ကို တစ်ခါမှ မလုပ်ခဲ့သေးပါဘူး။

ဒီသီတင်းပတ် အစပိုင်းတုန်းကလည်း သမ္မတထရမ့်ရဲ့ တွစ်တာပို့စ်တွေမှာ အချက်အလက် စစ်ဆေးဖို့ သတိပေးမှတ်ချက်တွဲပြီး တွစ်တာက ပထမဆုံးအကြိမ် တင်ခဲ့ပါတယ်။

အဲဒါကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားပိုင်ခွင့်ကို ထိပါးတယ်ဆိုပြီး လူမှုကွန်ရက်မီဒီယာတွေကို ပိတ်ပစ်မယ်ဆိုတဲ့ ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်လာစေပါတယ်။

တွစ်တာမှာ အဖျောက်ခံထားရတဲ့ သတင်းစကားတွေပါတဲ့ ထရမ့်ရဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်မှာလည်း တင်ထားပြီး အဲဒီမှာတော့ သတိပေးခံရတာ မရှိပါဘူး။