ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူမည်းအမျိုးသားသေဆုံးမှုကို မကျေနပ်လို့ ဆန္ဒပြသူတွေ ရဲစခန်းကိုမီးရှို့
အမေရိကန်ပြည်ထောင်စု မင်နဆိုးတားပြည်နယ် မင်နီယားပိုလိစ်မြို့ကရဲစခန်းတခုကို ဆန္ဒပြသူတွေက မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
ရဲကဖမ်းဆီးလိုက်တဲ့ လက်နက်မဲ့လူမည်း အမျိုးသားတယောက် သေဆုံးခဲ့ပြီးနောက် ဆန္ဒပြပွဲတွေ သုံးညမြောက် ဆက်လက်ဖြစ်ပွားပြီး ရဲစခန်းကို အခုလို မီးရှို့လိုက်ကြတာပါ။
ဆန္ဒပြသူတွေကို သမ္မတထရမ့်က လူရမ်းကားတွေလို့ သုံးနှုန်းပြီး သူတို့ဟာ တနင်္လာနေ့က သေဆုံးသွားတဲ့ အသက် ၄၆ နှစ်အရွယ် ဂျော့ခ်ျဖလွိုက်ရဲ့ ဂုဏ်သိက္ခာကို ပျက်ပြားအောင် လုပ်နေကြတာလို့ဆိုပါတယ်။
ဂျော့ခ်ျဖလွိုက်ဘာဖြစ်ခဲ့သလဲ
ဂျော့ခ်ျဖလွိုက်ဟာ ငွေစက္ကူအတုအသုံးပြုတယ်ဆိုပြီး စျေးဝယ်သွားတဲ့ဆိုင်က တိုင်လို့ ရဲတွေက သူ့ကို တနင်္လာနေ့က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ရဲဘက်က အပြောအရ ဂျော့ခ်ျဖလွိုက်ကို ကားပေါ်ကဆင်းဖို့ပြောရာမှာ ကိုယ်ထိလက်ရောက်ခုခံမှု လုပ်ခဲ့လို့ လက်ထိပ်ခပ်ခဲ့တယ်လို့ဆိုပါတယ်။ လူမှုကွန်ရက်ပေါ်ထွက်ပေါ်လာတဲ့ ဗီဒီယိုဟာ အစပိုင်း ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာတော့ မပါပါဘူး။
မစ္စတာဖလွိုက်ကို မြေကြီးပေါ်လှဲချထားပြီး ရဲက ဇက်ကို ဒူးနဲ့နင်းထားချိန်မှာ မစ္စတာ ဖလွိုက်က “ကျွန်တော် အသက်ရှူလို့မရတော့ဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့” လို့ ညည်းညူပြောဆိုတာကို တွေ့ရပါတယ်။
အဲဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရဲအရာရှိ ၄ ယောက်ဟာ ဒဲရက်ချော်ဗင်၊ တိုးထောင်၊ သောမတ်လိန်းနဲ့ ဂျေ အလက်ဇန်းဒါးကင်းတို့ ဖြစ်တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
ဒေသတွင်း သတင်းမီဒီယာတွေကလည်း မစ္စတာဖလွိုက်ရဲ့ဇက်ကို ဒူးနဲ့နင်းထားတဲ့ ရဲဟာ မစ္စတာ ချော်ဗင်လို့ အမည်တပ်ရေးသားကြပါတယ်။
အစွပ်စွဲခံ ရဲအရာရှိတွေဟာ စုံစမ်းစစ်ဆေးမှုကို လက်ခံပူးပေါင်းဆောင်ရွက်တယ်လို့ မင်နီယားပိုလိစ်ရဲအဖွဲ့က ဆိုပါတယ်။ “အခုအချိန်ဟာ ကောက်ချက်အမြန်ချဖို့ သင့်တဲ့ အချိန်မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ဗီဒီယိုအားလုံးကို ပြန်ကြည့်ပြီး သုံးသပ်ရပါမယ်။ ဆေးစာထွက်လာတာကိုလည်း စောင့်ကြည့်ရပါဦးမယ်”လို့ ဆိုပါတယ်။
ရဲအရာရှိအဖြစ်ကနေ အထုတ်ပယ်ခံရတဲ့ အသက် ၄၄ နှစ်အရွယ် ဒဲရက်ချော်ဗင်ဟာ အရင်က ရဲအဖွဲ့ရဲ့ ပစ်ခတ်မှု ၃ ခုမှာ ပါဝင်ပတ်သက်ခဲ့ဖူးပြီး လုပ်သက် ၁၉ နှစ်အတွင်းမှာ တိုင်စာ ၁၇ စောင် ရခဲ့ဖူးတယ်လို့ အေပီ သတင်းဌာနက ဖော်ပြပါတယ်။
ဆန္ဒပြသူတွေဘက်က တောင်းဆိုချက်
ရဲအရာရှိ ၄ ယောက်ကို လူသတ်မှုနဲ့ သေဒဏ်အပြစ်ပေးဖို့ မစ္စတာဖလွိုက်မိသားစု ကတောင်းဆိုကြပါတယ်။ တရားစွဲရှေ့နေတွေကတော့ သက်သေအထောက်အထားတွေ စုဆောင်းနေဆဲသာ ဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လူမည်းတွေကို ရဲက သတ်ဖြတ်မှုအတွက် ဒေါသထွက်ပြဿနာတက်ခဲ့ဖူးတဲ့ အစဉ်အလာဟာ ကာလရှည်ကြာရှိခဲ့ပါတယ်။ အခုလတ်တလောမှာဆိုရင် ကင်တပ်ကီပြည်နယ်မှာ ဘရီယွန်နာ တေလာဆိုတဲ့ လူမည်းအမျိုးသမီး တဦးကို ရဲကပစ်သတ်တဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ပါတယ်။
ချီကာဂို၊ လော့စ်အိန်ဂျယ်လိစ်၊ မန်းဖစ်မြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ကြာသပတေးည အဖြစ်အပျက်
ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ အဆောက်အအုံတချို့ မီးရှို့ဖျက်ဆီးခံခဲ့ရသလို လုယက်မှုတချို့လည်း ဖြစ်ပွားခဲ့ပါတယ်။
ကြာသပတေးနေ့မှာတော့ အဓိကရုဏ်း ဗဟိုချက်ဖြစ်တဲ့ သာ့ဒ်ပရီးဆင့်ရဲစခန်းမှာ ရဲအဖွဲ့က မျက်ရည်ယိုဗုံး၊ ရော်ဘာကျည်ဆံတွေ အသုံးပြုပြီး လူစုခွဲခဲ့ပါတယ်။
ဒါပေမဲ့ ရဲစခန်းပတ်လည်က ရဲအကာအကွယ်အတားအဆီးတွေကို ဆန္ဒပြသူတွေက ဖျက်ဆီးပြီး ရဲစခန်းကို မီးရှို့ခဲ့ကြပါတယ်။ ရဲအရာရှိတွေ ဆုတ်ခွာသွားချိန်မှာ နောက်ထပ် အဆောက်အအုံ ၂ ခုလည်း မီးလောင်ကျွမ်းခဲ့ပါတယ်။
သာ့ဒ်ပရီးဆင့်ရဲစခန်းကလူတွေကို လုံခြုံရေး အတွက် ည ၁၀ နာရီနောက်ပိုင်းမှာ ရွှေ့ပြောင်းခဲ့တယ်လို့ မင်နီယားပိုလိစ် ရဲအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းတပုဒ်အရ သာ့ဒ်ပရီးဆင့်ရဲ့ ဓာတ်ငွေ့လိုင်းတွေကို ဖြတ်တောက်ထားပြီး အထဲမှာလည်း ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတချို့ရှိတယ်လို့ ဆိုကြောင်း မင်နီယားပုလိစ် အစိုးရက တွစ်တာမှာရေးသားခဲ့ပါတယ်။ အနီးအနားနေထိုင်ကြသူတွေလည်း လုံခြုံရေး အတွက် ရွှေ့ပြောင်းနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
မင်နီယားပုလိစ် မြို့တော်ဝန်နဲ့ အနီးနားစိန့်ပေါမြို့တော်ဝန်တို့ရဲ့ ပန်ကြားချက်အရ မင်နဆိုးတားပြည်နယ်တပ်ဖွဲ့ကို အဆင်သင့်ပြင်ဆင်ထားကြောင်း မင်နဆိုးတားပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်ဝေါ့က ဆိုပါတယ်။ လက်ရှိအခြေအနေကို စစ်မက်ကာလနဲ့ မသက်ဆိုင်တဲ့ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားပါတယ်။
ဗုဒ္ဓဟူးည မီးရှို့ဖျက်ဆီးမှုတွေကြောင့် စီးပွားရေးလုပ်ငန်းအများအပြား ပျက်စီးခဲ့ရာမှာ လူနည်းစုတွေရဲ့ စီးပွားရေး လုပ်ငန်းတွေလည်း အပါအဝင်ဖြစ်တယ်လို့ တင်မ်ဝေါ့ကဆိုပါတယ်။
ဂျော့ခ်ျဖလွိုက်သေဆုံးမှုဟာ တရားမျှတမှုနဲ့ စနစ်တကျပြုပြင်ပြောင်းလဲမှုဆီကိုသာ ဦးတည်သင့်ပါတယ်။ နောက်ထပ်သေဆုံးမှုတွေနဲ့ ဖျက်ဆီးမှုတွေမဖြစ်သင့်ပါဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြပြီး ဆန္ဒပြသူတွေကို ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြကြဖို့ တိုက်တွန်းခဲ့ပါတယ်။