ရထားအကြိတ်ခံရလို့ အိန္ဒိယအလုပ်သမား ၁၆ ယောက်သေဆုံး

အလုပ်သမားတွေ အထူးရထား၊ အထူးကားတွေနဲ့ အိမ်ပြန်နိုင်ပြီလို့ အစိုးရကကြေညာခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အလုပ်သမားတွေ အထူးရထား၊ အထူးကားတွေနဲ့ အိမ်ပြန်နိုင်ပြီလို့ အစိုးရကကြေညာခဲ့

အိန္ဒိယနိုင်ငံ မဟာရတ်ရှထရာမှာ ရထားကြိတ်မိလို့ လူ ၁၆ ယောက်သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဥ်ကို စုံစမ်းစစ်ဆေးဖို့ အိန္ဒိယအရာရှိတွေက အမိန့်ထုတ်လိုက်ပါပြီ။

သေဆုံးသူတွေဟာ ပြည်တွင်းရွှေ့ပြောင်း အလုပ်သမားတွေပါ။ သူတို့ဟာ လော့ဒေါင်းကြောင့် ကိုယ့်ရပ်ကိုယ့်ရွာ မပြန်နိုင်ဘဲ ပိတ်မိနေကြသူတွေပါ။ ရထားရဖို့ မျှော်လင့်ပြီး ရထားလမ်းအတိုင်း ဘူတာရုံရှိရာကို လမ်းလျှောက်လာကြရင်း လမ်းပေါ်မှာ အိပ်ပျော်သွားကြတဲ့အတွက် အဲဒီအလုပ်သမား ၁၆ ယောက်ဟာ ရထားအကြိတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရက အခုလောလောဆယ်မှာ ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတွေ ရွာပြန်နိုင်ကြဖို့အတွက် အထူးရထားတွေ စီစဥ်ပေးနေချိန် ဖြစ်ပါတယ်။

ပိတ်မိနေတဲ့ သောင်းချီတဲ့ အလုပ်သမားတွေဟာ မြို့ကနေ နယ်ကို ခြေလျင်ခရီးနဲ့ ပြန်သူက ပြန်ကြသလို ဘူတာရုံတွေရှိရာကို ခြေလျင်သွားပြီး ရထားရှာသူက ရှာကြပါတယ်။

အိန္ဒိယနိုင်ငံမှာ ကျေးလက်က လူအများအပြားဟာ မြို့ပြတက်ပြီး ဝင်ငွေကောင်းမယ့်အလုပ်ကို ရှာဖွေလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။

အခုအလုပ်သမားတွေဟာ သြဂမ်ဂဘတ်မြို့ဆီ ဦးတည်ပြီး စောစောပိုင်းက လမ်းလျှောက်လာကြပါတယ်။

နောက်ပိုင်းမှာတော့ မီးရထားလမ်းအတိုင်းဆက်လျှောက်လာကြတာလို့ မီးရထား အရာရှိက ရှင်းပြပါတယ်။

၂၂ မိုင်အထိ လမ်းလျှောက်လာပြီးနောက် သူတို့ဟာ မောပန်းနွမ်းနယ်လာလို့ အနားယူဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

လော့ဒေါင်းလုပ်ထားတော့ ရထားလမ်းပေါ်မှာ ရထားပြေးမှာ မဟုတ်ဘူးလို့ အလုပ်သမားတွေက ယူဆပြီး ရထားသံလမ်းပေါ်မှာပဲ အိပ်လိုက်ကြတာလို့ ဒေသတွင်းက သတင်းတွေအရ သိရပါတယ်။

လူမှုကွန်ရက်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေထဲမှာ စားလက်စ ရိုတီ အပိုင်းအစတွေ ရထားသံလမ်းနားတဝိုက် ပြန့်ကျဲနေတာ တွေ့ရပါတယ်။

မတ်လ ၂၄ ရက်နေ့မှာ ရုတ်တရက် လော့ဒေါင်း လုပ်လိုက်တော့ အလုပ်ပြုတ်သွားကြပြီး ထမင်းငတ်မှာ စိုးရိမ်တဲ့ အလုပ်သမားတွေဟာ သူတို့နယ်ကို လမ်းလျှောက်အိမ်ပြန်ဖို့ ကြိုးစားလာကြတာပါ။

အဝေးပြေးကားတွေ၊ ဘတ်စ်ကားတွေ၊ ရထားတွေကို ရုတ်တရက် ပိတ်လိုက်တော့ အလုပ်သမား အများအပြားမှာ ခြေလျင်လျှောက်ဖို့မှတပါး တခြားရွေးစရာ မရှိတော့ပါဘူး။

အလုပ်သမားတွေ အခုလို ဒုက္ခရောက်ကြရတဲ့ အတွက် နိုင်ငံတဝန်းမှာ ဒေါသထွက်နေကြပါတယ်။

ဒီလစောစောပိုင်းမှာတော့ ပိတ်ဆို့မှုကို လျှော့ပေါ့ပေးခဲ့ပြီး အလုပ်သမားတွေကို အထူးရထား၊ အထူးကားတွေစီစဥ်ပြီး ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ခွင့်ပြုကြောင်း အစိုးရကြေညာခဲ့ပါတယ်။

မဟာရာရှထရာပြည်နယ် သြရမ်ဂဘတ်မြို့မှာ ဖြစ်ပွားတဲ့ အသက်ဆုံးရှုံးရလောက်တဲ့အထိဖြစ်ခဲ့တဲ့ မတော်တဆမှုနဲ့ ပတ်သက်ပြီး အလွန်အမင်း စိတ်ဆင်းရဲ ဝမ်းနည်းမိပါတယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ဆိုပါတယ်။