ကိုရိုနာဗိုင်းရပ်စ်- အိန္ဒိယ မြို့ကြီးတွေအားလုံး ကူးစက်နှုန်းမြင့်မားရာ အနီရောင်ဇုန် သတ်မှတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယမြို့တော် ဒေလီနဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းတို့ အပါအဝင် မြို့ကြီး ခြောက်မြို့ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်မားတဲ့ အနီရောင်ဇုန် အဖြစ် သတ်မှတ်လိုက်ပါတယ်။
အစိုးရက ဗုဒ္ဓဟူးနေ့က ထုတ်လိုက်တဲ့ စည်းမျဥ်းအသစ်တွေထဲမှာ နိုင်ငံရဲ့ ကူးစက်မှု အခြေအနေတွေကို ကူးစက်မှုနှုန်းကို လိုက်ပြီး အရောင်တွေနဲ့ သတ်မှတ်လိုက်ပါတယ်။
အနီရောင်ဇုန်က ကူးစက်မှုနှုန်းမြင့်တဲ့ အန္တရာယ်ရှိတဲ့ဇုန်၊ လိမ္မော်ရောင်က ကူးစက်မှုတွေ ရှိတဲ့ဇုန်၊ အစိမ်းရောင်က ကူးစက်မှုမရှိတဲ့ဇုန်လို့ သတ်မှတ်ထားပါတယ်
ဒါပေမဲ့ နိုင်ငံထဲမှာ အစိမ်းရောင်ဇုန် တစ်ခုမှ မရှိပါဘူး။
တခြား အနီရောင်ဇုန်တွေက ဘယ်နေရာတွေလဲ
တနိုင်ငံလုံးမှာ ခရိုင် ၁၇၀ ကို အနီရောင်ဇုန်တွေ အဖြစ် သတ်မှတ်ထားပါတယ်။
ဒေလီနဲ့ မွမ်ဘိုင်းတို့အပြင် ချန်နိုင်း၊ ဘန်ဂလော၊ ကိုလ်ကတ္တားနဲ့ ဟိုက်ဒရာဘတ်တို့လည်း အနီရောင်တွေအဖြစ် သတ်မှတ်ထားပါတယ်။
ပြည်နယ်တချို့က စက်မှုနဲ့ ကုန်ထုတ်လုပ်ငန်း အချက်အချာနေရာတွေကိုလည်း အဲဒီစာရင်းထဲ ထည့်ထားပါတယ်။
ဗဟိုအစိုးရက ပြည်နယ်အစိုးရတွေကို အဲဒီနေရာတွေမှာ လာမယ့်သီတင်းပတ်မှာ ကူးစက်မှု ခြေရာခံဖို့နဲ့ ကူးစက်မှုစစ်ဆေးတာတွေ ပိုတိုးလုပ်ဖို့ ညွှန်ကြားထားပါတယ်။ အဲဒါက ကူးစက်မှုဇုန်အဆင့်ကို အနီကနေ လိမ္မော်၊ နောက် အစိမ်း တဖြည်းဖြည်းချင်း လျှော့ချနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
အနီရောင်ဇုန်ထဲမှာ ၂၈ ရက်အတွင်း ကူးစက်မှု အသစ်မတွေ့ရရင် အစိမ်းရောင်ဇုန်အဖြစ် ပြောင်းသတ်မှတ်မှာ ဖြစ်ပြီး ၁၄ ရက်အတွင်း မတွေ့ရင် လိမ္မော်ရောင်ဇုန်အဖြစ် သတ်မှတ်မယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အဆိုအရ သိရပါတယ်။
အနီရောင်ဇုန်မှာ ဘာလုပ်မလဲ
ဒီနေရာရဲ့ ကူးစက်မှုဘယ်လောက်ဆိုးသလဲ သိအောင် အစိုးရ သေချာစစ်ဆေးတာတွေ လုပ်မှာပါ။ လူအများအပြားကို စုပေါင်း စစ်ဆေးမယ့် အစီအစဥ်တွေကို ပြည်နယ် အစိုးရတွေက ကြေညာထားပြီးပါပြီ။
အဲဒါက နမူနာယူမယ့် လူတချို့ဆီက နှာခေါင်းနဲ့လည်ချောင်းက တို့ဖတ်စ တွေကို ဘူးတစ်ခုထဲထည့်ယူပြီး ချက်ချင်းအဖြေသိနိုင်တဲ့ နည်းနဲ့ တစ်ချိန်တည်း စစ်ဆေးမှာပါ။ ဒါတွေကိုWHO ကလမ်းညွှန်ထားတဲ့ နည်းအတိုင်း လုပ်မှာပါ။
အဲဒီအဖြေမှာ ပိုးမတွေ့ရရင် လူအားလုံးမှာ ပိုးမရှိတာ ဖြစ်ပါတယ်။ ပိုးတွေ့ရရင်တော့ အဲဒီလူတွေကို တစ်ယောက်ချင်းစီ နောက်တစ်ခါ ထပ်စစ်မှာ ဖြစ်ပါတယ်။ အဲဒီလို စုပေါင်း စစ်ဆေးနည်းက လူနေထူထပ်တဲ့နေရာတွေအတွက် အချိန်ကုန် သက်သာစေပါတယ်။
စည်းမျဥ်းအသစ်တွေအရ ပိတ်ဆို့မှု ဖြေလျှော့မှုတွေကို ဧပြီ ၂၀ ရက်က အနီရောင် သတ်မှတ်ခံရတဲ့ နေရာတွေမှာ ကျင့်သုံးမှာ မဟုတ်ပါဘူး။
ပိတ်ဆို့ လော့ဒေါင်းလုပ်ထားပေမဲ့ ဖြေလျှော့မှုတွေကို စိုက်ပျိုးရေး၊ အွန်လိုင်းစီးပွားရေးနဲ့ လျှပ်စစ်နဲ့လက်သမားလို နေ့စားအလုပ်သမားတွေအတွက် ရည်ရွယ်လျှော့ပေးခဲ့တာ ဖြစ်ပါတယ်။








