ကင်ဂျုံအွန်း လူမြင်ကွင်းမှာ ပြန်ထွက်ပေါ်လာတယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း သူ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ ထွက်အပြီး ရက် ၂၀ လောက်မှာ လူမြင်ကွင်းမှာ ပြန်ထွက်ပေါ်လာတယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ပြောပါတယ်။
မြေသြဇာစက်ရုံဖွင့်ပွဲ အခမ်းအနားကို မြောက်ကိုရီးယားခေါင်းဆောင် တက်ရောက် ဖဲကြိုးဖြတ်ခဲ့တယ်လို့ KCNA သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
သူ့ထွက်ပေါ်လာချိန်မှာ စက်ရုံက လူတွေက ဝမ်းသာအားရလို့ အုန်းအုန်းကျွက်ကျွက် ကြိုဆိုကြတယ်လို့ အဲဒီသတင်းက ပြောပါတယ်။
အခုလို လူမြင်ကွင်းမှာ သူပြန်ထွက်လာတာဟာ ဧပြီ ၁၂ ရက်မှာ အစိုးရ မီဒီယာမှာ မြင်ခဲ့ရပြီးနောက် ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဒီကြားမှာတော့ သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။
ကင်ဂျုံအွန်း ပြန်လည်ထွက်ပေါ်လာတယ်ဆိုတဲ့ မြောက်ကိုရီးယား အစိုးရ မီဒီယာရဲ့ သတင်းကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
နောက်ပိုင်းမှာ အစိုးရ မီဒီယာက စက်ရုံဖွင့်ပွဲ တက်ရောက် ဖဲကြိုးဖြတ်တဲ့ပုံတွေကို ထုတ်ပြခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
သူ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ ထွက် ခဲ့တာက မြောက်ကိုရီးယား တည်ထောင်သူ ကင်အီဆွန်း မွေးနေ့ ဂုဏ်ပြုအခမ်းအနားမှာ သူပျောက်ကွယ်နေခဲ့တာနေ စခဲ့တာပါ။ သူက အရင်က ဒီအခမ်းအနားကို တစ်ခါမှ မပျက်ကွက်ဖူးပါဘူး။
ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပေယိုက ကင်ကို အမေရိကန် အစိုးရတာဝန်ရှိသူတွေ အခုတလော မမြင်ကြရဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ရာက ခန့်မှန်းပြောဆိုတာတွေ ပိုများလာပါတယ်။
တောင်ကိုရီးယားကတော့ မစ္စတာကင် အသည်းအသန် နာမကျန်း ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေက မမှန်ဘူးလို့ ပြောထားပါတယ်။








