ကင်ဂျုံအွန်း - ကင်မရှိရင် မြောက်ကိုရီးယားကို ဘယ်သူ ဦးဆောင်မလဲ

ကင်ဂျုံအွန်းတယောက် လူအများရဲ့မြင်ကွင်းကပျောက်ကွယ်နေတာ သီတင်း ၂ ပတ်ကျော်ရှိလာ

ဓာတ်ပုံ ရင်းမြစ်, BRENDAN SMIALOWSKI

ဓာတ်ပုံ ပုံစာ, ကင်ဂျုံအွန်းတယောက် လူအများရဲ့မြင်ကွင်းကပျောက်ကွယ်နေတာ သီတင်း ၂ ပတ်ကျော်ရှိလာ

ကင်ဂျုံအွန်းရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ မှန်းဆနေကြတာ၊ ကောလာဟလ ပြောနေကြတာကလွဲလို့ ဘာမှ အတည်ယူလို့မရပါဘူး။

ဒါပေမဲ့ အခုပဲပဲဖြစ်ဖြစ် ရေရှည်မှာပဲဖြစ်ဖြစ် သူ့နေရာကို ဆက်ခံမယ့်သူက ဘယ်သူလဲဆိုတဲ့ အမေးကတော့ အမြဲရှိနေတာပါ။ ဒါကို သုံးသပ်သူတွေနဲ့ ဘီဘီစီက မေးကြည့်ခဲ့ပါတယ်။

ကင်အီဆွန်း ၁၉၄၈ခုနှစ်မှာ မြောက်ကိုရီးယားကို စတင်တည်ထောင်ချိန်ကတည်းက ကင်မိသားစု ရဲ့ သားဖြစ်သူတွေကသာ နိုင်ငံကို အုပ်ချုပ်လာခဲ့တာဆိုတော့ သူတို့ လူမှုအသိုင်းအဝိုင်းမှာ ဒီ ဒဏ္ဍာရီနဲ့ပဲ အသားကျနေခဲ့တာပါ။

နိုင်ငံသားတွေ သူတို့ စာရေးတတ်၊ ဖတ်တတ်ချိန်မတိုင်ခင် မူကြိုကျောင်းမှာကတည်းက "ကျွန်ုပ်တို့ရဲ့ ခေါင်းဆောင်ကြီး ကင်ဂျုံအွန်းကို က ကျွန်ုပ်တွေ့ချင်လှပါတယ်" ဆိုတဲ့ သီချင်းကို ဆိုရတဲ့ အထိ ဝါဒဖြန့်တဲ့နိုင်ငံပါ။

ဆိုတော့ မြောက်ကိုရီးယားမှာ ဒီ နိုင်ငံရေးအထွတ်အမြတ်ခေါင်းဆောင် မရှိတော့ဘူးဆိုရင် သူတို့လူမှုအသိုင်းအဝိုင်းက ဘယ်လိုစုစည်းထိန်းသိမ်းမှာပါလဲ။

ဒီအမေးအတွက် အဖြေကို နိုင်ငံပြင်ပကလူတွေ မသိသလို၊ ပြည်တွင်းကလူတွေလည်း မသိပါဘူး။

ကင်ပြီး ကင်

မြောက်ကိုရီးယား နိုင်ငံတည်ထောင်သူ ကင်အီဆွန်း (ဘယ်) နဲ့ သူ့ နေရာကိုဆက်ခံသူ ကင်ဂျုံအီ (ညာ)

ဓာတ်ပုံ ရင်းမြစ်, XINHUA

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယား နိုင်ငံတည်ထောင်သူ ကင်အီဆွန်း (ဘယ်) နဲ့ သူ့ နေရာကိုဆက်ခံသူ ကင်ဂျုံအီ (ညာ)

ကင်ဂျုံအွန်းကို အာဏာပေးမယ်ဆိုတာကို အစီအစဉ်ချ ပြင်ဆင်နေချိန်ကတည်းက နိုင်ငံရဲ့ ထိပ်ပိုင်းအသိုင်းအဝိုင်းက "ဘက်ဒူး မိသားစုမျိုးဆက် (Paektu Bloodline)" ဆိုတဲ့အသုံးအနှုန်းကို စသုံးစွဲခဲ့ကြပြီး သူ့ကို အာဏာတချိန်ပေးမယ်ဆိုတာကို ပျိုးလာခဲ့ကြတာပါ။

ဘက်ဒူးကတော့ ဒဏ္ဍာရီလာ အထွတ်အမြတ်ထားရာ တောင်တန်းဖြစ်ပြီး အဲဒီကနေ ကင်အီဆွန်းက ပျောက်ကြား စစ်ပွဲကို ဆင်နွှဲခဲ့တယ်၊ အဲဒီမှာပဲ သူ့သား ကင်ဂျုံအီ ကိုမွေးဖွားခဲ့တယ် ဆိုတဲ့ သတင်းတွေ က ပြန့်ပါတယ်။

ကင်ဂျုံအွန်း ကလည်း အရေးကြီးတဲ့ မူဝါဒဆုံးဖြတ်ချက်တွေကို လုပ်တော့မယ်ဆိုရင် အဲဒီတောင်ကို သွားတယ်လို့လည်း ဆိုကြပါတယ်။

နိုင်ငံရဲ့ ရင်ထဲ၊အသည်းထဲမှာ ကင်တစ်ယောက်မဟုတ် တစ်ယောက် အမြဲရှိနေခဲ့တာပါ။

Kim family tree

ဒီလိုလူမျိုးဆက်ခံမယ့်သူမရှိရင် မြောက်ကိုရီးယားက ဘာဖြစ်လာလေမလဲ။

ကင်ဂျုံအွန်းမှာ ကလေးတွေရှိပါတယ်။ ဒါပေမဲ့ သူတို့က သိပ်ငယ်ပါသေးတယ်။ ကလေး ၃ ယောက်ရှိတယ်လို့ ပြောကြပါတယ်။အကြီးဆုံးက ၁၀နှစ်၊ အငယ်ဆုံးလေးက ၃နှစ်ပါ။

ကင်ဂျုံအွန်း အာဏာရတော့တောင် သူ့ အသက်က ၂၇ နှစ် ပဲ ရှိပါသေးတယ်။

ဘက်ဒူးမျိုးဆက်ကလူတွေသာ မဟုတ်ရင် အဖွဲ့လိုက်အုပ်ချုပ်တဲ့ ဦးဆောင်မှုမျိုး ပေါ်လာနိုင်ပါတယ်။ ဗီယက်နမ်မှာလိုမျိုးပေါ့။ သူတို့က နိုင်ငံတည်ထောင်သူရဲ့ အယူအဆ၊အတွေးအခေါ်တွေကို အကြီးအကျယ် မှီခိုရမှာပါ။

လေ့လာသူတွေက ဘယ်သူက အဓိက ရာထူးနေရာတွေမှာ ရှိနေလဲ ဆိုတာရနိုင်သလောက် စူးစမ်း စုံစမ်းလေ့လာကြပါတယ်။ ဒါပေမဲ့ ဘယ်လို ကွဲပြားတဲ့အဖွဲ့ အုပ်စုတွေရှိတယ်ဆိုတာမျိုး၊ ဘယ်သူက တန်ခိုးထွားတယ်ဆိုတာမျိုး အသေအချာသိအောင်စုံစမ်းလို့ မရပါဘူး။

တခါတလေမှာ နိုင်ငံရဲ့ ဒီဌာန၊ ဒီအဖွဲ့အစည်းမှာ အကြီးအကဲထက် လက်ထောက်ဖြစ်သူ ဒါမှမဟုတ် ဒုတိယ အကြီးအကဲက ပိုအာဏာရှိတယ်ဆိုတာမျိုးလည်း ရှိတတ်ပါတယ်။ ဆိုတော့ မှန်းဆရတာ အင်မတန်ခက်ပါတယ်။

နောက် ကင် သုံးယောက်

ကင် ရိုဂျုံ က ထိပ်တန်းခေါင်းဆောင်မှုမှာ တဦးတည်းသော အမျိုးသမီးအဖြစ် ထင်ရှားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Patrick Semansky - Pool /Getty Images

ဓာတ်ပုံ ပုံစာ, ကင် ရိုဂျုံ က ထိပ်တန်းခေါင်းဆောင်မှုမှာ တဦးတည်းသော အမျိုးသမီးအဖြစ် ထင်ရှားပါတယ်။

ကင်ဂျုံအွန်း မရှိတော့ချိန်ဆိုရင် မြောက်ကိုရီးယား နိုင်ငံရေးကို ဦးဆောင်ဖို့ အလားအလာရှိတဲ့ ကင် ၃ ယောက်ရှိပါတယ်။

ဒါပေမဲ့သူတို့ ၃ ယောက်လုံး မိသားစုစည်းမျဉ်းတွေနဲ့ ပြန်ကြည့်ရင် အကန့်အသတ်တွေနဲ့ပါ။

ပထမတယောက်က ကင်ဂျုံအွန်းရဲ့ ညီမဖြစ်သူ ကင် ရိုဂျုံပါ။

သူက ငယ်ငယ်လေးကတည်းက နိုင်ငံရေးကို စိတ်ဝင်စားသူဖြစ်လို့ သူတို့ ဖခင်ဖြစ်သူ ကင်ဂျုံအီ ရဲ့ အနှစ်သက်ဆုံးထဲက တယောက်လို့ ပြောကြပါတယ်။

သူက စွမ်းဆောင်ရည် ပြည့်တယ်၊ ကိုင်တွယ်ပုံ ပျော့ပြောင်းညင်သာတယ်၊ သတိကြီးတယ်လို့ ပြောကြတယ်။

သူ့အစ်ကိုနဲ့ သူနီးစပ်မှုရှိတယ်ဆိုတာ လူမြင်ကွင်းမှာ အတော်တွေ့ရပါတယ်။

စင်ကာပူမှာ ထရမ့်နဲ့ကင် ထိပ်သီးအစည်းအဝေး သဘောတူချက် လက်မှတ်ထိုးဖို့ အချိန်မှာ ကင့် လက်ထဲကို သူက ဖောင်တိန်ကမ်းပေးလိုက်တာကို လူအများက အမှတ်ရကြဆဲပါ။

နောက်တကြိမ် ဗီယက်နမ် ဟနွိုင်းကပွဲမှာလည်း သူ့အစ်ကို နောက်နားက သူအမြဲရှိနေတာပါ။

ဒါပေမဲ့လည်း ဟနွိုင်းထိပ်သီးညီလာခံပြီးတော့ အဲ့ဒီညီလာခံက မအောင်မြင်လို့ သူ့ရာထူး လျောကျသွားတယ်လို့ သတင်းကြားရပေမယ့် တိတိကျကျ ဘယ်သူမှ မပြောနိုင်ပါဘူး။

နိုင်ငံရေးရာ ကော်မရှင်လို့ခေါ်တဲ့ ပေါ်လစီတွေချမှတ်ရတဲ့ ထိပ်ဆုံးက အဖွဲ့မှာ သူမပါပေမဲ့ သူက အာဏာရ ကိုရီးယား အလုပ်သမားပါတီ ပေါ်လစ်ဗျူရို အလှည့်ကျအဖွဲ့ဝင် တယောက်ဖြစ်တယ်။

ဝါဒဖြန့်ချိရေးနဲ့ လှုံ့ဆော်ရေး ဌာန (PAD - Propaganda and Agitation Department)က ဒုတိယ ဒါရိုက်တာလည်းဖြစ်ပါတယ်။

PAD က အတွေးအမြင်ချမှတ်ပေးတဲ့ ဌာနဆိုတော့ တန်ခိုးအာဏာကြီးတဲ့ဌာနပါ။

ဒါပေမဲ့ သူက အမျိုးသမီးဖြစ်နေတော့ အဖိုကြီးစိုးမှုနက်ရှိုင်းတဲ့ အဲဒီနိုင်ငံမှာ ဦးဆောင်မှုနေရာရမလား ဆိုတာက မှန်းဆရခက်ပါတယ်။

ခေါင်းဆောင်ကြီးနေရာ၊ စစ်တပ်ကို ကိုင်ရမယ့်နေရာ ဖြစ်ပြီး ယောက်ျားသားတွေပဲ လွှမ်းထားတဲ့ မြောက်ကိုရီးယားက သူ့ကို ဒီနေရာနဲ့ သင့်တယ်လို့ မြင်ဖို့က သိပ်မလွယ်ပါဘူး။

နောက်တယောက်က ကင်ဂျုံချူ ပါ။ သူက ကင်ဂျုံအွန်းရဲ့ အစ်ကို။ ဒါပေမဲ့သူက နိုင်ငံရေးတို့၊ အာဏာတို့ စတဲ့နေရာတွေမှာ စိတ်ဝင်စားတဲ့ပုံမျိုး ပြခဲ့တာမရှိပါဘူး။ (သူက အဲရစ် ကလက်ပ်တန် Eric Clapton ကို နှစ်သက်တယ်ဆိုတာ လူတွေက သိကြပါတယ်)။

သူက ဌာနတခုခုရဲ့ အကြီးအကဲဖြစ်လာနိုင်တယ်၊ ရေးထားပေးတဲ့မိန့်ခွန်းတွေ ဖတ်တာမျိုးလည်း တွေ့လာရနိုင်ပါတယ်။

နောက်ဆုံး တယောက်ကတော့ ကင်ပြုံအီ ပါ၊ ကင်ဂျုံအီရဲ့ အဖေတူ အမေကွဲတော်သူပါ၊ ကင်ပြုံအီရဲ့ အမေ (ကင်ဂျုံအီရဲ့ မိထွေး) က သူ့အဖေ ကင်အီဆွန်းရဲ့ အရိုက်အရာကို သူ့သား ကင်ပြုံအီရဖို့ မှန်းခဲ့ပါတယ်။

ဒါပေမဲ့ ကင်ဂျုံအီ ဩဇာကြီးလာချိန်မှာ သူ့ရည်မှန်းချက် မအောင်မြင်တော့ပါဘူး။

ကင်ပြုံအီက ၁၉၇၉ လောက်မှာ ဥရောပကိုအပို့ခံရပါတယ်။ သံအမတ်နေရာတွေမှာ တာဝန်ပေးခံရပါတယ်။

အသက် ၆၅ နှစ်အရွယ်သူဟာ မနှစ်ကမှ မြောက်ကိုရီးယားကိုပြန်လာတာပါ။

ဒီတော့ ပြုံယမ်းက ထိပ်တန်းအသိုင်းအဝိုင်းကလူတွေနဲ့ သူနီးစပ်မယ်လို့ သိပ်တွက်မထားကြပါဘူး။

ကင်ပြီးရင် တန်ခိုးအထွားဆုံးသူ

ချိုရုံဟေး(ညာ)

ဓာတ်ပုံ ရင်းမြစ်, ALEXANDER NEMENOV/AFP via Getty Images

ဓာတ်ပုံ ပုံစာ, ချိုရုံဟေး(ညာ)

ကင်ဂျုံအွန်း ကြီးစိုးတဲ့ကာလအတွင်း ထင်ပေါ်တဲ့ တခြားလူတွေလည်း ရှိပါတယ်။

ဒါပေမဲ့သူတို့က ဘယ်နေရာမှာရှိတာ၊ သူတို့ကြားထဲ အပြိုင်အဆိုင် အတွန်းအတိုက်တွေက ဘယ်လိုရှိတယ်ဆိုတာ ကို ဘယ်သူမှ ရေရေရာရာမသိပါဘူး။

အဲဒီသူတွေထဲက တယောက်က ချိုရုံဟေး ပါ။

ကင်ဂျုံအွန်း လက်အောက်မှာ သူ့ရာထူးက တက်လာလိုက် ကျသွားလိုက် ရှိပေမဲ့ သူက မုန်တိုင်းဒဏ်ကိုခံနိုင်ပုံရပြီး အခုလောလောဆယ် မှာ ပါတီ ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီထဲမှာ ပါသလို၊ နိုင်ငံ့ရေးရာ ကော်မရှင်မှာ ဒုဥက္ကဌ (၁) ပါ။

ချိုဟာ မြောက်ကိုရီးယား စစ်တပ်မှာလည်း ထိပ်ပိုင်းရာထူးတွေ ရထားသလို၊ ကိုရီးယားအလုပ်သမားပါတီရဲ့ ဩဇာကြီးလှတဲ့ စည်းရုံးရေး၊ လမ်းညွှန်ရေးဌာန မှာလည်း ထိပ်ပိုင်းရာထူးရထားပါတယ်။

အဲဒီဌာနက နိုင်ငံသားတွေ အစိုးရက ချမှတ်တဲ့ အတွေးအမြင်တွေကို လိုက်နာဆောင်ရွက်အောင် တင်းကျပ်ဖိအားပေးတဲ့ ဌာနပါ၊ သူဟာ မြောက်ကိုရီးယားမှာ ဒုတိယ အာဏာအရှိဆုံးလူဖြစ်နိုင်ပါတယ်။

ထောက်လှမ်းရေး အကြီးအကဲနဲ့ အာဏာကြီးလာသူတချို့

ထရမ့်နဲ့ကင် ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာအောင် လမ်းခင်းပေးခဲ့တဲ့သူ ကင်ယွန်ချို

ဓာတ်ပုံ ရင်းမြစ်, Olivier Douliery-Pool/Getty Images

ဓာတ်ပုံ ပုံစာ, ထရမ့်နဲ့ကင် ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာအောင် လမ်းခင်းပေးခဲ့တဲ့သူ ကင်ယွန်ချို

နောက်တယောက်ကတော့ ကင်ယွန်ချိုပါ။

ဒီဗိုလ်ချုပ်က ထရမ့်နဲ့ကင် ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာအောင် လမ်းခင်းပေးခဲ့တဲ့သူဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပေယိုနဲ့ အကြိမ်များစွာတွေ့ဖူးပါတယ်။ သူဟာ တောင်ကိုရီးယားနဲ့ ဆက်ဆံဆောင်ရွက်ရာမှာ တာဝန်ယူထားတဲ့ ညီညွတ်သောတပ်ဦး ဌာနရဲ့ အကြီးအကဲပါ။

နောက်ပြီး နိုင်ငံရဲ့ အဓိက ထောက်လှမ်းရေးဌာနဖြစ်တဲ့ Reconnaissance General Bureau ကို ကိုင်ထားတာပါ။

အမေရိကန်နဲ့ ထိပ်သီးဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ပြီးတဲ့နောက် သူ ရာထူးက ကျသွားတယ်လို့ သတင်းထွက်ပေမဲ့ ရေရှည်မှာတော့ သူပြန်ပေါ်လာမှာပါ။

နောက်တယောက်ကတော့ ကင်ဂျေရွန်းပါ။

နိုင်ငံ့ရေးရာ ကော်မရှင်မှာလည်းပါသလို အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်ပါ။ အတော်အတန် ဩဇာရှိတဲ့နေရာတွေပါ။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေထဲမှာ သူ့နာမည်ထွက်လာပေမယ့် သူနဲ့ပတ်သက်တဲ့ အကြောင်းတွေကို သိပ်မသိရပါဘူး။

သူက ထုတ်ကုန်လုပ်ငန်းတွေကို စီမံခန့်ခွဲရသလို စစ်လက်နက်ထုတ် လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ဒေသ တွေကို နှစ်ပေါင်းများစွာ သူကကြီးကြပ်ခဲ့တာပါ။ ဒါ့ကြောင့် နျူကလီယား အစီအစဉ်မှာ သူ ထဲထဲဝင်ဝင်ပါလိမ့်မယ်လို့ မှန်းကြပါတယ်။

ဂျုံကျုံ တိတ်ခ် ကတော့ နိုင်ငံရေး အပြစ် ကျူးလွန်သူတွေကို စုံစမ်းအပြစ်ပေးရတဲ့ နိုင်ငံ လုံခြုံရေးဌာန ကို တာဝန်ယူထားတဲ့သူပါ။ အဲဒီဌာနက နိုင်ငံဦးဆောင်မှုကိုအကာအကွယ်ပေးတဲ့ ဌာနပါ။ ဒီတော့ နိုင်ငံ သူ့စနစ်ထဲမှာ တည်ငြိမ်စေဖို့အတွက် အရေးကြီးတဲ့ တာဝန်တွေ ထမ်းရပါတယ်။

နောက်အရာရှိကြီးတယောက်ဖြစ်တဲ့ ဟွမ်ပြုံစို ကတော့ ထိပ်ပိုင်း စစ်ရေးဆိုင်ရာ ရာထူးတွေ ရထားသလို၊ စည်းရုံးရေး၊ လမ်းညွှန်ရေးဌာနကို ကိုင်ထားတဲ့သူပါ၊ ချိုလိုပဲ သူလည်း အပြစ်ပေးခံရဖူးတာတွေ ရှိပါတယ်။

စစ်တပ် ခေါင်းဆောင်တွေ

စစ်တပ်ကို ကိုင်ထားသူတွေ ကိုရီးယား ပြည်သူ့ တပ်မတော် (Korean People's Army - KPA) က ထိပ်ပိုင်း စစ်ဗိုလ်ချုပ် တချို့လောက်ပဲ အပြောင်းအလဲလို ကာလမှာ ဩဇာကြီးမှာပါ။

လောလောဆယ်မှာ KPA ပေါ်လစ်ဗျူရိုရဲ့ ထိပ်ဆုံးက ၂ ယောက်က ကင်စု ဂျဲလ် နဲ့ ကင်ဝန်ဟွန် ပါ။

ဒီဗျူရိုက ပါတီကို စစ်တပ်က သစ္စာခံဖို့ တင်းကျပ်တဲ့ ဗျူရိုပါ။ ဒီတော့ မသေချာမရေရာတဲ့ အချိန်ကာလတွေမှာ ဒီဌာနကလည်း သိပ်ကို အရေးကြီးမှာပါ။

ကင်ဝန်ဟွန် နဲ့ ဟွမ်ပြုံစို က ကင်ဂျုံအွန်းဆီကို သူတို့တင်ပြတာတွေလုပ်ဖို့အတွက် လွှမ်းမိုးနိုင်ဖို့ ပြိုင်ကြတဲ့ပွဲတွေမှာ အပြိုင်အဆိုင်တွေလို့ သတင်းထွက်ပါတယ်။

ဒီလိုထိပ်တန်းခေါင်းဆောင်တွေထဲမှာ ဘယ်သူနဲ့ ဘယ်သူနဲ့ မတည့်၊ ဘယ်သူနဲ့ဘယ်သူက မဟာမိတ်တွေလဲ၊

ကင်ရိုဂျုံကို လိုလားသူ၊ ဆန့်ကျင်သူတွေ ရှိလား၊ ထိပ်ပိုင်းတွေ စင်ပြိုင်လုပ်ကြရင် ထိန်းမရဘဲ မတည်ငြိမ်တာတွေဖြစ်ဖို့ စိုးရိမ်ရလား၊ ထိန်းမရဘဲ ဖြစ်လာရင် တောင်ကိုရီးယားကပဲဖြစ်ဖြစ်၊ တရုတ်ကပဲ ဖြစ်ဖြစ် ဝင်စီးနိုင်တဲ့ အခြေအနေ ကို တွန်းပို့သွားနိုင်လား ဆိုတဲ့ မေးခွန်းတွေ အများကြီးပါ။

လက်ရှိအချိန်မှာတော့ ပြည့်စုံတဲ့ ဆက်ခံသူ မရှိသေးပါဘူး၊ သူ့ ညီမက ကျား၊မ ခွဲခြားကြည့်တဲ့ အဲဒီက အစဉ်အလာကို ဖောက်ထွက်နိုင်ရင် ကောင်းနိုင်ပါလိမ့်မယ်။

တခြားသူတွေကတော့ အရေးပါလှတဲ့ ဘက်ဒူး မိသားစုမျိုးဆက်ဆီက ဆင်းသက်လာတာမဟုတ်ပါဘူး။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူတို့အားလုံးအနေနဲ့ နိုင်ငံတကာက စံတွေကို အဓိပ္ပာယ်ဖွင့်ကြရင်း သူတို့နိုင်ငံရဲ့ ညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် လုပ်ဆောင်ကြရမှာပါ၊