ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟိုက်ဒြောက်ဆီကလိုရိုကွင်းနဲ့ ကိုဗစ်-၁၉
ကိုရိုနာဗိုင်းရပ်စ် ရောဂါသစ်အတွက် ကုသပျောက်ကင်းနိုင်မယ့် ဆေးဝါးကိုတကမ္ဘာလုံးက အပူတပြင်း ရှာဖွေနေကြပါတယ်။ ဒီလိုအချိန်မျိုးမှာ ထူးထူးခြားခြား ကမ္ဘာနဲ့ချီပြီး ဝယ်လိုအားတက်နေတာက ငှက်ဖျားရောဂါကုသတဲ့ ဆေးတွေပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကအဲဒီဆေးတွေဟာ အခုခေတ်ပေါ်ကာလနာ ကိုရိုနာဗိုင်းရပ်စ်ကို ကုသပျောက်ကင်းကြောင်း တိကျရေရာတဲ့ ဘယ်လိုအထောက်အထားမျိုးမှ မရှိပါဘူးလို့ ကြေညာနေတဲ့ကြားကပဲ လူအများဟာ အဲဒီဆေးတွေအပေါ်မှာ အထူးတလည်ကို အာရုံကျနေကြပါတယ်။
အဲဒီဆေးတွေကတော့ ငှက်ဖျားရောဂါကုသတဲ့ ကလိုရိုကွင်းရယ်၊ ကလိုရိုကွင်းအုပ်စုထဲက နောက်တမျိုးဖြစ်တဲ့ ဟိုက်ဒြောက်ဆီကလိုရိုကွင်းတို့ပါပဲ။
ဒီဆေးတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကိုကုသဖို့ရာ ဘယ်လောက်ထိရောက်နိုင်သလဲ။ ဘယ်လိုအထောက်အထားသက်သေရှိသလဲ။ ဘယ်သူတွေများဒီဆေးတွေကို ယုံယုံကြည်ကြည်သုံးစွဲနေကြပါသလဲ။
ကလိုရိုကွင်းအကြောင်းသိထားသမျှ
သမ္မတထရမ့်ဟာ ဟိုက်ဒြောက်ဆီကလိုရိုကွင်းအကြောင်းကို သူ့ရဲ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ခဏခဏညွှန်းတတ်သူ တယောက်ပါ။ အခုလောလောဆယ် သတင်းစာရှင်းလင်းပွဲတခုမှာတောင် “ဘာများဆုံးရှုံးစရာရှိလို့လဲ၊ ဒီဆေးသာသောက်”ဆိုပြီး အညွှန်းကြီးညွှန်းလိုက်ပါသေးတယ်။ဘရာဇီးသမ္မတဂျဲဘိုဆိုနာရိုကလည်း “ဘယ်နိုင်ငံမှာဖြစ်ဖြစ် ဟိုက်ဒြောက်ဆီကလိုရိုကွင်းသောက်ရင် အလုပ်ဖြစ်တယ်” လို့ဖေ့စ်ဘုတ်ပေါ်မှာ တက်ပြောခဲ့ပါတယ်။
ဖေ့စ်ဘုတ်ကတော့ သတင်းမှား ထိန်းချုပ်မှုဆိုင်ရာ ဖေ့စ်ဘုတ်မူဝါဒနဲ့ ငြိတယ်ဆိုပြီးဖြုတ်ချခဲ့ပါတယ်။
ကလိုရိုကွင်းပါတဲ့ဆေးတွေကို ငှက်ဖျားရောဂါအတွက် သုံးစွဲကုသခဲ့တာ ကာလတာရှည်ကြာပါပြီ။ အဖျားကျစေခြင်းနဲ့ ရောင်ရမ်းမှုလျော့ကျစေခြင်းဟာ သူ့ရဲ့အာနိသင်တွေပါ။ ကိုဗစ် ၁၉ ကြောင့်အဖျားတက်တာ၊ အဆုပ်ရောင်တာ ပွတာကိုလည်း ဒီဆေးကသက်သာစေမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့ကို သုံးစွဲကြတာဖြစ်ပါတယ်။
“ဓာတ်ခွဲစမ်းသပ်ရာမှာကလိုရိုကွင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကို ဟန့်တားသကဲ့သို့တွေ့ရှိရပါတယ်။ ကလိုရိုကွင်းကတော့ အထောက်အကူပြုပုံရတယ်လို့ ဆရာဝန်တချို့က သူတို့အတွေ့အကြုံအပေါ်အခြေခံတဲ့ထောက်ခံချက်မျိုး ပေးတာလည်းရှိပါတယ်”လို့ ဘီဘီစီကျန်းမာရေးသတင်းထောက် ဂျိမ်းဂယ်လက်ဂါက ဆိုပါတယ်။
ဒါပေမဲ့လူတချို့ရဲ့ ကိုယ့်အတွေ့အကြုံအပေါ် အခြေခံတဲ့ ပြောဆိုချက်ဆိုတာဟာ ပြည့်စုံလုံလောက်တဲ့ သက်သေအထောက်အထားလို့ မဆိုနိုင်ပါဘူး။
အခုထိ လတ်တလောစမ်းသပ်မှုတွေအရကတော့ ကလိုရိုကွင်းတို့ ဟိုက်ဒြောက်ဆီကလိုရိုကွင်းတို့ဟာ ကိုဗစ်၁၉လူနာတွေကို ထိထိရောက်ရောက်ကုသနိုင်ကြောင်း လုံလောက်တဲ့အထောက်အထား မပြနိုင်သေးပါဘူး။
ဒါ့ပြင်ဒီဆေးတွေမှာ တကယ်ကိုအလေးအနက်ထားရမယ့် ဘေးထွက်ဆိုးကျိုးမျိုးတွေလည်းရှိပါတယ်။ ဒီဆေးဟာ ကျောက်ကပ်နဲ့အသည်းကို ထိတတ်ပါတယ်။
“ဒီဆေးတွေထိရောက်မှုရှိမရှိကို ကောင်းကောင်းဆုံးဖြတ်နိုင်ဖို့အတွက်ဆိုရင် ကျပန်းကောက်ထားတဲ့ လူအရေအတွက်များများကို စံချိန်မီဆေးစမ်းသပ်မှုတွေလုပ်ဖို့လိုနေပါသေးတယ်”လို့အောက်စဖို့တက္ကသိုလ်ကကိုဗစ်၁၉ရောဂါနဲ့ငှက်ဖျားကုသဆေးများအစီရင်ခံစာရေးသားသူ Kome Gbinigie ကဆိုပါတယ်။
အမေရိကန်၊ ဗြိတိန်၊ စပိန်၊ တရုတ်အပါအဝင် နိုင်ငံတချို့မှာ ဒီဆေးတွေကို စမ်းသပ်မှုပေါင်း အကြိမ် ၂၀ လုပ်ထားပြီးပါပြီ။
ငှက်ဖျားဆေးတွေနဲ့ပတ်သက်ပြီး အမြန်ဆုံးစမ်းသပ်မှုတွေလုပ်နေပါတယ်လို့ ဗြိတိန်ဝန်ကြီးတဦးဖြစ်သူ မိုက်ကယ်ဂုပ်ဗ်ကဆိုပါတယ်။ ငှက်ဖျားဆေးတွေအသုံးပြုပြီး ကိုဗစ် ၁၉ ရဲ့ဆိုးကျိုးတွေကို လျှော့ချဟန့်တားနိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ စမ်းသပ်နေတာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ကလိုရိုကွင်း၊ ဟိုက်ဒြောက်ဆီကလိုရိုကွင်းနဲ့ အဇီသရိုမိုင်ဆင်ပဋိဇီဝဆေးတို့ကို တွဲဖက်အသုံးပြုပြီး ကိုဗစ် ၁၉ လူနာတွေကို ကုသရေးအတွက် စမ်းသပ်မှုတွေလုပ်နေပါတယ်။
ဘယ်နိုင်ငံတွေမှာသုံးခွင့်ပြုထားသလဲ
အမေရိကန် စားသောက်ကုန်နဲ့ဆေးဝါးထိန်းချုပ်ရေးက ကိုဗစ် ၁၉ ကုသရေးအတွက် အရေးပေါ်လိုအပ်ရင် ဆေးရုံတင်ထားတဲ့လူနာတချို့အတွက် သုံးခွင့်ပေးထားပါတယ်။
ဒါပေမယ့်ဒီလိုသုံးခွင့်ပေးတာက ဒီဆေးဟာမုချအလုပ်ဖြစ်ပါတယ်လို့ စားသောက်ကုန်နဲ့ဆေးဝါးထိန်းချုပ်ရေးက အတည်ပြုပေးတဲ့ အဓိပ္ပာယ်တော့ မသက်ရောက်ပါဘူး။ သူဆိုလိုတဲ့အဓိပ္ပာယ်က ထူးခြားတဲ့အခြေအနေမျိုးမှာ ဆေးရုံတွေက အစိုးရကသိုလှောင်ထားတဲ့ ဆေးကို ကိုဗစ် ၁၉ ကုသရေးအတွက် တောင်းခံနိုင်တယ်လို့သာ အဓိပ္ပာယ်ထွက်ပါတယ်။
ဂျာမနီအခြေစိုက် ဆေးဝါးကုမ္ပဏီတခုက ဟိုက်ဒြောက်ဆီကလိုရိုကွင်းသန်း ၃၀ လှူဒါန်းထားတယ်လို့ အမေရိကန်အစိုးရက ဆိုပါတယ်။
တခြားနိုင်ငံတွေမှာလည်း ငှက်ဖျားဆေးတွေကို အနည်းနဲ့အများဆိုသလို သိုလှောင်ထားတာတွေ ရှိတတ်ကြပါတယ်။
ပြင်သစ်နိုင်ငံမှာလည်း ကိုဗစ် ၁၉ လူနာတွေကို ဆရာဝန်က ဟိုက်ဒြောက်ဆီကလိုရိုကွင်း ဆေးညွှန်းပေးခွင့် ပြုထားပါတယ်။ ဒါပေမဲ့ ပြင်သစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့တဖွဲ့ကတော့ ဘေးထွက်ဆိုးကျိုးတွေ ရှိတဲ့အကြောင်း သတိပေးထားပါတယ်။
အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနကတော့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကြိုတင်ကာကွယ်ကုသတဲ့အနေနဲ့ ဟိုက်ဒြောက်ဆီကလိုရိုကွင်းသုံးဖို့ အကြံပြုထားပါတယ်။ တအိမ်ထဲနေအိမ်သားတွေမှာ ရောဂါအတည်ပြုချက်ရှိထားရင်လည်း ဆရာဝန်က ဟိုက်ဒြောက်ဆီကလိုရိုကွင်းကို ဆေးညွှန်းပေးနိုင်တယ်လို့ဆိုထားပါတယ်။ အိန္ဒိယအစိုးရရဲ့ဆေးဝါးသုတေသနအဖွဲ့ကတော့ငှက်ဖျားဆေးကိုအထိန်းအချုပ်မဲ့သုံးခွင့်ပြုတာကိုဆန့်ကျင်ပါတယ်။ ဒီဆေးနဲ့ပတ်သက်ပြီး စမ်းသပ်နေဆဲသာဖြစ်တဲ့အတွက် အရေးပေါ်အတွက်သာသုံးသင့်တယ်လို့ဆိုပါတယ်။
အရှေ့အလယ်ပိုင်းနိုင်ငံတချို့မှာလည်းသုံးခွင့်ပြုသူတွေရှိသလို စမ်းသပ်မှုလုပ်နေသူတွေလည်း ရှိပါတယ်။ ဟိုက်ဒြောက်ဆီကလိုရိုကွင်းကို ကိုဗစ်လူနာအတွက် ပထမဆုံးအသုံးပြုခဲ့တဲ့နိုင်ငံလို့ဆိုတဲ့ ဘာရိန်းနိုင်ငံအပြင် မော်ရိုကို၊ အယ်လ်ဂျီးရီးယား၊ တူနီးရှားနိုင်ငံတို့လည်း ပါဝင်ကြပါတယ်။
ကလိုရိုကွင်းကလုံလုံလောက်လောက်ရှိရဲ့လား
ကလိုရိုကွင်းဟာကိုဗစ် ၁၉ ပျောက်နိုင်ခြေရှိတယ်ဆိုတဲ့အယူအဆ ကြီးထွားလာတာနဲ့တပြိုင်နက် နိုင်ငံအများအပြားမှာ ဝယ်လိုအားတွေတက်ပြီး ဆေးဝါးပြတ်လပ်မှုတွေဖြစ်ခဲ့ပါတယ်။
အရင်ကတော့ ကလိုရိုကွင်းနဲ့ ဟိုက်ဒြောက်ဆီကလိုရိုကွင်းတို့ကိုနိုင်ငံအများအပြား အထူးသဖြင့်ကတော့ ငှက်ဖျားရှိတဲ့ဆင်းရဲနိုင်ငံတွေက ဆေးဆိုင်တွေမှာ ပေါပေါများများဝယ်လို့ရပါတယ်။
နောက်ပိုင်းမှာတော့ ငှက်ဖျားဟာကလိုရိုကွင်းနဲ့ဆေးယဉ်ပြီး ကလိုရိုကွင်းနဲ့အကုရခက်လာတာမျိုးတွေ ရှိပေမယ့်သုံးစွဲနေကြဆဲပါ။
ဂျော်ဒန်နိုင်ငံမှာတော့ ဟိုက်ဒြောက်ဆီကလိုရိုကွင်းကို ဝယ်ပြီးစုမှာစိုးလို့ မရောင်းရတားမြစ်ထားပါတယ်။ ကူဝိတ်ကျန်းမာရေးဝန်ကြီးဌာနကလည်း ပုဂ္ဂလိကဆေးဆိုင်တွေပေါ်က ဟိုက်ဒြောက်ဆီကလိုရိုကွင်းတွေကို လိုက်သိမ်းနေပြီး ဆေးရုံတွေမှာလည်း အကန့်အသတ်နဲ့သာ ထားခွင့်ပြုပါတယ်။
ကင်ညာနိုင်ငံမှာတော့ ဆရာဝန်လက်မှတ်မပါဘဲ ဝယ်ခွင့်မပေးတော့ပါဘူး။ ငှက်ဖျားဆေးအဓိကထုတ်လုပ်တဲ့နိုင်ငံတနိုင်ငံဖြစ်တဲ့ အိန္ဒိယကတော့ ကလိုရိုကွင်းအုပ်စုဆေးဝါးတွေကို ပြည်ပတင်ပို့ခွင့်ပိတ်လိုက်ပါပြီ။
အမေရိကန်ပြည်ထောင်စုကိုငှက်ဖျားဆေးတွေတင်ပို့ခွင့်ပေးဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကို ပုဂ္ဂိုလ်ရေးသဘောအရ မေတ္တာရပ်ခံထားပါတယ်။ အိန္ဒိယက အဲဒီပန်ကြားချက်ကို လက်ခံစဉ်းစားနေပါတယ်။
စည်းမျဉ်းမသတ်မှတ်ဘဲသုံးခွင့်ပေးရင်စိတ်မချရ
နိုက်ဂျီးရီးယားနိုင်ငံမှာ ၂၀၀၅ ခုနှစ်ကတည်းက ကလိုရိုကွင်းဟာ ထိရောက်မှုကျဆင်းလာလို့ သုံးခွင့်မပေးဘဲတားမြစ်ခဲ့ပေမယ့်လူအများအပြားက အသုံးပြုနေဆဲပါ။
တရုတ်နိုင်ငံမှာဖေဖော်ဝါရီလတုန်းက ကလိုရိုကွင်းသုံးတဲ့သတင်း တက်လာကတည်းက နိုက်ဂျီးရီးယားနိုင်ငံ လေးဂိုးစ်မြို့မှာ ဆွေးနွေးငြင်းခုံမှုတွေတက်တက်ကြွကြွလုပ်ခဲ့ကြသလို ကလိုရိုကွင်းသိုလှောင်မှုတွေလည်း စတင်ခဲ့ပါတယ်။
သမ္မတထရမ့်က ကိုရိုနာပျောက်ဆေးအဖြစ်ညွှန်းတဲ့နောက်ပိုင်းမှာတော့ စုဆောင်းမှုဟာ တရှိန်ထိုးတက်သွားပါတယ်။ ဆေးဆိုင်တွေ၊ စျေးဆိုင်တွေမှာ ကလိုရိုကွင်းချက်ချင်းပြတ်ကုန်ပါတယ်။
ဒါပေမယ့် နိုက်ဂျီးရီးယားရောဂါထိန်းချုပ်ရေးဌာနကတော့ ကလိုရိုကွင်းမသောက်ကြဖို့ တားမြစ်ပါတယ်။ ကိုဗစ်၁၉ကုသရေးအတွက် ကလိုရိုကွင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က အတည်ပြုမထားဘူးလို့ ဆိုခဲ့ပါတယ်။ လေးဂို့စ်ပြည်နယ်အရာရှိတွေကလည်း ကလိုရိုကွင်းလိုတာထက်ပိုသောက်လို့ ဆေးအဆိပ်သင့်မှုတချို့ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။