ကိုရိုနာ ဗိုင်းရပ် - ဗိုင်းရပ်ကြောင့် နယူးယောက်မှာ ကျင်းကြီးတွေ တူး

ဗီဒီယို ပုံစာ, ကျင်းကြီးတွေ တူးမြှုပ်နေတာ ဒရုန်းနဲ့တွေ့

ကိုရိုနာ ဗိုင်းရပ်ဘေးဒဏ်ကြောင့် လူသေနှုန်း ဆက်တက်နေတဲ့ နယူးယောက်မြို့မှာ အလောင်းတွေကို ကျင်းကြီးတွေ တူးပြီး စမြှုပ်နေပြီ ဖြစ်ပါတယ်။

ဒရုန်းနဲ့ ရိုက်ကူးတဲ့ ပုံတွေအရ ဟာ့တ်ကျွန်းပေါ်မှာ ကာကွယ်ရေး ဝတ်စုံတွေနဲ့ အလုပ်သမားတွေ ကျင်းတူးနေတာကို တွေ့ရပါတယ်။

အလုပ်သမားတွေက ကျင်းကြီးထဲကို လှေကားနဲ့ ဆင်းပြီး သစ်ချသား ခေါင်းတွေနဲ့ ထည့်ထားတဲ့ အလောင်းတွေကို ကျင်းတိမ်တိမ်တွေမှာ အရှည်လိုက် တူးပြီး မြှုပ်ကြပါတယ်။

ကမ္ဘာပေါ်က တခြား ဘယ်နိုင်ငံထက်မဆို နယူးယောက်ပြည်နယ်က ရောဂါသည် အများဆုံး ပိုတွေ့နေရပြီး တရက်ထဲမှာ လူနာသစ် တသောင်း ခုန်တက်ခဲ့ပါတယ်။ စုစုပေါင်း လူနာ တသိန်းခြောက်သောင်းနီးပါးနဲ့ သေဆုံးသူ ခုနစ်ထောင် ရှိနေပြီ ဖြစ်ပါတယ်။

စပိန်မှာ လူနာ ၁၅၃,ဝဝဝ ရှိပြီး အီတလီမှာတော့ ၁၄၃,ဝဝဝ ရှိနေပါတယ်။ ဗိုင်းရပ်စတင်ပြန့်ပွားတဲ့ တရုတ်နိုင်ငံမှာတော့ လူနာ ၈၂ ,ဝဝဝ ရှိပါတယ်။

အမေရိကန် တနိုင်ငံလုံးမှာတော့ လူနာ ၄၆၂, ဝဝဝ ရှိပြီး သေဆုံးသူ ၁၆,၅ဝဝ ရှိပါတယ်။ တကမ္ဘာလုံးမှာတော့ လူနာ ၁.၆ သန်းနဲ့ သေသူ ၉၅,ဝဝဝ ရှိပါတယ်။

Drone pictures show bodies being buried on New York's Hart Island

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဧပြီလ ၉ ရက်တရက်တည်း အခေါင်း ၄ဝ လောက်မြှုပ်ခဲ့

ဒီကျွန်းမှာ အရင် နှစ် ၁၅ဝ တုန်းက ဆွေမျိုးသားချင်း မရှိတဲ့ မိသားစုက သင်္ဂြိုဟ်စရိတ် မတတ်နိုင်တဲ့သူတွေရဲ့ အလောင်းတွေကို အစုလိုက် မြှုပ်လေ့ရှိပါတယ် ။

နယူးယောက်မြို့ထဲက ဘရွန့်စ် ရပ်ကွက်ကြီးရဲ့ အလွန် လောင်းအိုင်းလင်း ပင်လယ်ဝမှာ ရှိတဲ့ ကျွန်း ဖြစ်ပါတယ်။

ဒီလို မြှုပ်တဲ့ အခေါင်းအများစုဟာ ကိုရိုနာ ဗိုင်းရပ်ရောဂါသည်တွေရဲ့ အလောင်းတွေ ဖြစ်နိုင်ပေမယ့် မိသားစုက မတတ်နိုင်တာလား၊ ဆွေမျိုးမရှိလို့ ဒီကိုလာမြှုပ်တာလား သေချာ မသိရပါဘူး။

ကပ်ဆိုက်နေတဲ့အချိန် ဒီမှာ မြှုပ်တဲ့ အကြိမ်ရေက တပတ် တရက်ကနေ တပတ် ငါးရက်ထိ တက်လာတယ်လို့လည်း အကျဉ်းထောင် ဌာနက ထုတ်ပြန်ပါတယ်။

နယူးယောက်ရဲ့ အဓိကထောင်ကြီးဖြစ်တဲ့ ရိုက်ကာကျွန်းက အကျဉ်းသားတွေက ဒီကျင်းတူးတဲ့ အလုပ်ကို လုပ်လေ့ရှိပေမယ့် ဒီလိုကျင်းတူးရတဲ့အလုပ်တွေ များလာတဲ့အတွက် ကန်ထရိုက်တွေ ခေါ် မြှုပ်နေရတာပါ။

အကျပ်အတည်းကာလ ကျော်လွန်တဲ့အထိ ယာယီ မြှုပ်နှံတာတွေ လိုလာနိုင်တယ်လို့လည်း နယူးယောက်မြို့တော်ဝန် ဘီလ်ဒီ ဘလာဇီယိုက ဒီတပတ်ထဲမှာ ပြောခဲ့ပါတယ်။

ဒါမျိုး သမိုင်းတလျှောက် ဟာ့တ်ကျွန်းမှာ လုပ်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

ဗီဒီယို ပုံစာ, နေဖို့ထက် သေဖို့ခက်တဲ့ နယူးယောက်

နယူးယောက်ဟာ အမေရိကန်မှာ ကပ်ရောဂါဒဏ် အဆိုးဆုံး ခံရတဲ့ နေရာ ဖြစ်နေသလို ဧပြီလ ၉ ရက် တရက်ထဲမှာ နယူးယောက်ပြည်နယ်မှာ လူ ရှစ်ရာနီးပါး သေဆုံးခဲ့ပါတယ်။

သုံးရက်ဆက်တိုက် သေနှုန်းမြင့်ခဲ့တာပါ။

ဒါပေမဲ့ နယူးယောက်မှာ ဆေးရုံတင်ရသူ အရေအတွက် ဒုတိယမြောက်ရက်အဖြစ် နှစ်ရာအထိ ပြုတ်ကျသွားတယ်လို့လည်း ပြည်နယ် အုပ်ချုပ်ရေးမှူး အင်ဒရူး ကိုမိုက ပြောပါတယ်။

လူချင်းခွဲနေတဲ့ စနစ်ကြောင့် အောင်မြင်တာ လို့လည်း ဆိုပါတယ်။

နောက် အမေရိကန်မှာ ကိုဗစ်ဗိုင်းရပ်နဲ့ သေနိုင်တဲ့ စုစုပေါင်း အရေအတွက် ခြောက်သောင်းကျော်လောက် ရှိမယ်လို့လည်း အိမ်ဖြူတော်က ကိုရိုနာ ဗိုင်းရပ် တိုက်ဖျက်ရေး အဖွဲ့က ဒေါက်တာ အန်ထော်နီ ဖော့ချီက စီဘီအက်စ် ရုပ်သံမှာ ပြောခဲ့ပါတယ်။

မတ်လကုန်တုန်းကတော့ လူတသိန်းက နှစ်သိန်းကြား သေနိုင်တယ်လို့ သူခန့်မှန်းခဲ့ဖူးပါတယ်။

Mourners attend a funeral at The Green-Wood Cemetery, amid the coronavirus disease in Brooklyn, New York

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘရွတ်ကလင်းရပ်ကွက်က နာရေးပို့သူတယောက်

အမေရိကန် အစိုးရ ကိန်းဂဏန်းတွေအရ အောက်တိုဘာ ၂ဝ၁၉ ကနေ မတ် ၂ဝ၂ဝ အတွင်း တုပ်ကွေးနဲ့ သေဆုံးသူ ခြောက်သောင်း ရှိနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ကလည်း ရှိပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ က တုပ်ကွေးထက် သုံးဆလောက် ပိုပြင်းထန်တယ်ဆိုပြီး ဒုတိယ သမ္မတ မိုက်ပန့်စ်က သတိပေးခဲ့ပါတယ်။

အိမ်မှာနေဖို့ အမိန့်ထုတ်ထားတဲ့အတွက် အရေးမကြီးတဲ့ စီးပွားရေး လုပ်ငန်းတွေကို အမေရိကန် ပြည်နယ် ၄၂ ခုမှာ ပိတ်ခဲ့ပြီးနောက် စီးပွားရေးတွေ ထိုးကျခဲ့ပါတယ်။

အလုပ်လက်မဲ့ ခံစားခွင့် လာလျှောက်သူ ခြောက်သန်း ဖြစ်နေတာကလည်း နှစ်ပတ် ရှိသွားပြီး ဒီသုံးပတ်အတွင်း အလုပ်ပြုတ်နေတဲ့ အမေရိကန် ဦးရေက ၁၇ သန်းနီးပါး ရှိသွားပါတယ်။

ဗီဒီယို ပုံစာ, အိုဟောင်းနေတဲ့ နယူးယောက် ရထားလမ်းများ

ချီကာဂိုမြို့မှာလည်း လူစုဝေးမှု ပိတ်ထားတာကို ချိုးဖောက်နေတာတွေ တားမြစ်ဖို့ ဧပြီလကုန်အထိ အရက်သေစာ ရောင်းချမှုကို ည ၉ နာရီ နောက်ပိုင်း ပိတ်ပင်ခဲ့ပါတယ်။

ချီကာဂိုမှာ သေသူ အရေအတွက် ၇ဝ ရာခိုင်နှုန်းကျော်က လူမည်းတွေ ဖြစ်နေပြီး သူတို့က မြို့လူဦးရေရဲ့ ၃ဝ ရာခိုင်နှုန်းပဲ ရှိတာပါ။

လူဝီစီယားနား၊ မစ်ချီဂန်၊ ဝစ္စကွန်ဆင်းနဲ့ နယူးယောက်ပြည်နယ်တွေက သေနှုန်းတွေမှာလည်း ဒီလို လူဖြူလူမည်း မညီမျှမှုတွေ တွေ့နေရပါတယ်။

ဒါကြောင့် ကပ်ဘေးကြောင့် သေတဲ့ စာရင်းကို လူမျိုးအလိုက် ထုတ်ပေးဖို့ ဒီမိုကရက် သမ္မတလောင်း အဖြစ် တစ်ပြေးနေတဲ့ ဂျိုးဘိုင်ဒန်က တောင်းဆိုခဲ့ပါတယ်။