စပိန်မှာ သေသူ တရုတ်ထက်များ၊ ပိတ်ထားတဲ့ အိန္ဒိယက လူတန်းရှည်

ဓာတ်ပုံ ရင်းမြစ်, EPA
စပိန်မှာ ဗိုင်းရပ်စ် ကြောင့် သေသူအရေအတွက်ဟာ မူလ စတင်ခဲ့တဲ့ တရုတ်ပြည်ထက် ပိုများသွားခဲ့ပြီ ဖြစ်ပါတယ်။
မနေ့က တရက်ထဲမှာ စပိန်မှာ သေသူက ၇၃၈ ယောက် ရှိခဲ့တဲ့အတွက် စုစုပေါင်း သေသူ ၃၄ဝဝ ကျော်သွားခဲ့ပါတယ်။
တရုတ်ပြည်မှာ သေသူစုစုပေါင်းထက် ၁၅ဝ ကျော် ပိုများသလို အီတလီပြီးရင် ဒုတိယ လိုက်နေတာ ပါ။
စပိန်မှာ ကူးစက်မှုက အထွတ်အထိပ်ကို ရောက်နေပြီလို့လည်း နိုင်ငံရဲ့ အရေးပေါ် စီမံကွပ်ကဲရေးမှူးက ပြောပါတယ်။
မဒရစ်မြို့တော်က ပြပွဲ ခန်းမကြီးတခုကို စစ်သားတွေက အရေးပေါ်ဆေးရုံအဖြစ် ပြင်ဆင်နေပြီး လူနာ ၅၅ဝဝ လောက် ထားနိုင်မယ်လို့လည်း သိရပါတယ်။
ဟူဘေမှာ ရထားတွေ ပြန်ထွက်

ဓာတ်ပုံ ရင်းမြစ်, STR
ကိုရိုနာ ဗိုင်းရပ်စ် စတင်ပြန့်နှံ့ခဲ့တဲ့ တရုတ်နိုင်ငံ ဟူဘေပြည်နယ်မှာ လနဲ့ချီပြီး တနိုင်ငံလုံးနဲ့ ဆက်သွယ်ရေးတွေ ဖြတ်တောက်ထားခဲ့ပြီးနောက် အခု ပြန်လည် စတင်နေပါပြီ။
လမ်းပေါ်က အတားအဆီးတွေ ဖယ်ရှားလိုက်ပြီးနောက် ဒေသခံတွေက ကောင်းချီးသြဘာပေးနေကြတဲ့ ပုံတွေကို တရုတ် ရုပ်သံကနေ ပြသခဲ့ပါတယ်။
ရထားနဲ့ လေယာဉ်တွေလည်း စတင်ပြေးဆွဲ နေပြီ ဖြစ်ပါတယ်။
ဝူဟန်မြို့နဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကိုတော့ ဧပြီလ ၈ ရက်မှ ပြန်လည် ပြေးဆွဲမှာ ဖြစ်ပြီးကျန်းမာရေး ကင်းရှင်းကြောင်း ပြနိုင်တဲ့ သူတွေမှ ခရီးသွားခွင့်ရမှာ ဖြစ်ပါတယ်။
အိန္ဒိယမှာ ပစ္စည်းတွေပြတ်

ဓာတ်ပုံ ရင်းမြစ်, Reuters
လူဦးရေ သန်းရာနဲ့ချီတဲ့ အိန္ဒိယမှာ နိုင်ငံကို သုံးပတ် ပိတ်ချလိုက်ပြီးနောက် ပစ္စည်းပြတ်တောက်တာတွေနဲ့ ဆိုင်တွေမှာ လူတန်းရှည်ကြီးတွေကို တွေ့နေရတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။
မနေ့ညက ဝန်ကြီးချုပ် ကြေညာချက်ထွက်လာပြီး နာရီပိုင်းအတွင်းမှာပဲ ဒေလီအပါအဝင် အိန္ဒိယမြို့ကြီး တော်တော်များများမှာ လူတွေ အထိတ်တလန့်နဲ့ စျေးတွေ ဝယ်ခဲ့ကြပါတယ်။
ပြည်နယ်တော်တော်များများမှာ နယ်စပ်တွေ ပိတ်လိုက်ပြီးနောက် ဆေးဝါး၊ နို့၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် စတာတွေ တင်လာတဲ့ ကုန်ကားတန်းကြီးတွေကို အဝေးပြေး လမ်းမကြီးတွေမှာ တွေ့ရတယ်လို့လည်း အိန္ဒိယ သတင်းဌာနတွေက ရေးပါတယ်။
ရောဂါကူးမှာ စိုးလို့ ဆရာဝန်တွေ နှင်ချခံနေရတယ်လို့လည်း အိန္ဒိယ ဆေးပညာ အဖွဲ့က ဒေါက်တာ ဆရီနီဗတ်စ် ရဂျ် ကူးမားက ဘီဘီစီကိုပြောပါတယ်။
လူတွေကို ကယ်မယ့် ဆရာဝန်တွေကို ဒီလို မဆက်ဆံဖို့ ကျန်းမာရေး ဌာနအတွင်းဝန်က ကြေညာချက် ထုတ်ထားတယ်လို့လည်း ဒေါက်တာ ကူးမားက ပြောပါတယ်။
နောက် ပြည်နယ် အစိုးရတချို့က ရထားလမ်းတွေကို မရှိမဖြစ် လည်ပတ်ရမယ့် လုပ်ငန်းအဖြစ် မကြေညာခဲ့တဲ့ အတွက် ကုန်တင်ရထားတွေ ပြေးလို့မရ ဖြစ်နေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။
တောင်ကိုရီးယား မိန်းကလေးတွေကို ငွေညှစ်သူ တရားစွဲ

ဓာတ်ပုံ ရင်းမြစ်, AFP
တောင်ကိုရီးယားမှာ ဒါဇင်နဲ့ချီတဲ့ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ အရ ကွက်ကွက်ကွင်းကွင်း ဖော်ပြတဲ့ ဗီဒီယိုတွေနဲ့ ခြိမ်းခြောက်တယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသား တယောက်ကို ရဲက အစိုးရ ရှေ့နေတွေဆီ လွှဲအပ်ခဲ့ပါတယ်။
အဲဒီ အခွေတွေကို သူက အင်တာနက်မှာ ရောင်းချခဲ့တယ်လို့လည်း ဆိုပါတယ်။
သူ့ရဲ့ သားကောင်ဖြစ်ခဲ့တဲ့ မိန်းကလေးတွေကို အလုပ်ပေးမယ်ဆိုပြီး လိမ်ညာပြီး ဒီလို ဗီဒီယိုတွေ ပို့ခိုင်းခဲ့တယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။
ဒီလူ ဘယ်သူလဲ ဆိုတာကို ထုတ်ပြန်ပေးဖို့ လူသိန်းနဲ့ချီ လက်မှတ်ထိုးတောင်းဆိုခဲ့ပြီးနောက် ရဲစခန်းတခုရှေ့မှာ ၂၄ နှစ်အရွယ် လူငယ်ကို လူထုထဲ ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။
သရဲသဘက်လို ဖြစ်ခဲ့တဲ့ ဘဝ အဆုံးသတ်သွားတဲ့အတွက် ကျေးဇူးတင်တယ်လို့ အဲဒီ လူငယ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
မလေးရှား ကုမ္ပဏီကို အမေရိကန် ပိတ်ဆို့မှုရုပ်

ဓာတ်ပုံ ရင်းမြစ်, Sean Gallup
အဓမ္မ လုပ်အားခိုင်းစေမှု ရှိတယ်လို့ စွပ်စွဲခံထားရတဲ့ မလေးရှား ကုမ္ပဏီတခုကနေ ရာဘာလက်အိတ်တွေ တင်ပို့တာကို ပိတ်ထားတာကို အမေရိကန် အစိုးရက ရုပ်သိမ်းပေးခဲ့ပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့အတွက် လက်အိတ်နဲ့ တခြား အကာအကွယ် ပစ္စည်းတွေ အရေးတကြီး လိုအပ်နေလို့ ခုလို ရုပ်သိမ်းပေးခဲ့တာပါ။
WRP ကုမ္ပဏီရဲ့ လုပ်ငန်းခွင် အခြေအနေ တိုးတက်မှု ရှိလာတဲ့အတွက် ကျေနပ်မိကြောင်း အမေရိကန် အကောက်ခွန် ဌာနက ပြောကြား ခဲ့ပါတယ်။
အဲဒီ ကုမ္ပဏီက တနှစ်ကို လက်အိတ် ၁၁ ဘီလျံ ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။








