ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါက်တာမျိုးညွန့် ပါတီပြောခွင့်ရ သူအဖြစ်ကနေ နားပြီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ပြောရေးဆိုခွင်ရှိသူ ကို ဒေါက်တာဇော်မြင့်မောင် တစ်ဦးတည်းကသာ မတ်လ ၁ရက်နေ့က စပြီးတာဝန်ယူမယ် လို့ ဒေါက်တာမျိုးညွန့်က ဒီနေ့နေပြည်တော်မှာ သတင်းထောက်တွေကိုပြောပါတယ် ။
အရင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ပြောခွင့်ရသူ နှစ်ဦး အဖြစ် ဒေါက်တာမျိုးညွန့်နဲ့ ဒေါက်တာဇော်မြင့်မောင်တို့ကို တာဝန်သတ်မှတ်ပေးထားခဲ့ပြီးမတ်လ ၁ရက်နေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာအခုလို ပြောင်းလဲ ဆုံးဖြတ်ခဲ့တာလို့ သူကပြောပါတယ်။
ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအရ ဒီနေ့ သူ့ကိုယ်စား သတင်းထောက်တွေကို ပြောရတာလို့လည်း ဒေါက်တာမျိုးညွန့်ကရှင်းပြပါတယ်။
ဘာကြောင့်အခုလို ပြောခွင့်ရသူတစ်ဦးတည်း ဖြစ်ရတာလဲ ဆိုတာနဲ့ ပတ်သက်လို့လည်း ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက် အရ ဖြစ်တယ်၊ ဘာကြောင့်ဆိုတာပြောလို့မရဘူးလည်းဒေါက်တာမျိုးညွန့်က သတင်းထောက် တွေကို ပြောပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလက ရန်ကုန်မြို့တော်ဝင်နှင်းဆီမှာ ကျင်းပခဲတဲ့ ဦးကိုနီ အောက်မေ့ခြင်းအခမ်းအနားမှာ ပြောဆိုခဲ့မှုတွေနဲ့ပတ်သက် သလားလို့ သတင်းထောက်တွေက မေးရာမှာတော့ ပြောလို့ မရကြောင်း ဒေါက်တာမျိုးညွန့်က ငြင်းဆို သွားပါတယ်။
NLD ပါတီ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ မတ်လ ၁ရက်နေ့ နေ့လည် ၁ နာရီကနေ ညနေ ၅ နာကျော်ထိ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးမှာ သုတေသနလုပ်ငန်း၊ရံပုံငွေကိစ္စ၊အလုပ်သမား ရေးရာ အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ဒေါက်တာ မျိုးညွန့့်က ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မှာ သဘာပတိအဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တို့ကို၂၀၁၈ခုနှစ်က ပြင်ဆင် ဖွဲ့စည်းခဲ့ပါတယ်။
၂၀၁၈ခုနှစ်တုန်းကလည်း သဘာပတိအဖွဲ့ဝင်တွေကို ထပ်မံ တိုးချဲ့တာ အပါအဝင် ပါတီ ခေါင်းဆောင် ဖွဲ့စည်းပုံ အရ နဂိုက မရှိတဲ့ ဒုတိယ ဥက္ကဋ္ဌ နေရာ နှစ်ခုကို ထည့်သွင်း ထားခဲ့ပါတယ်။
ဥက္ကဌ နေရာကိုတော့ ဒေါ်အောင်ဆန်းစုကြည် က ဆက်လက် ယူထားပြီး ဒုတိယ ဥက္ကဋ္ဌ ၁ အဖြစ် ဦး၀င်းမြင့် ၊ ဒု ဥက္ကဋ္ဌ ၂ အဖြစ် ဒေါက်တာ ဇော်မြင့်မောင်တို့ကို အသီးသီး တာ၀န် ပေးအပ်ခဲ့ပါတယ်။