ဝူဟန်ဗိုင်းရပ်အကြောင်း သတိပေးခဲ့တဲ့ ဒေါက်တာ လီဝမ်လျန်းကွယ်လွန်

လူသေစေတဲ့ ကိုရိုနာဗိုင်းရပ်ပိုးအကြောင်း ပထမဆုံး သတိပေးခဲ့တဲ့ တရုတ် ဆရာဝန် တယောက် ဒီရောဂါနဲ့ပဲ ကွယ်လွန်သွားပြီလို့ တရုတ် မီဒီယာတွေက ဖော်ပြပါတယ်။

၃၄ နှစ် မှာ ကွယ်လွန်သွားတဲ့ လီဝမ်လျန်း ဟာ ဝူဟန် ဗဟိုဆေးရုံကြီးက မျက်စိဆရာဝန် ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၃ဝ ရက်မှာ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ဒီရောဂါအကြောင်း စ သတိပေးခဲ့ပါတယ်။

ရောဂါသတင်းကို ဖုံးထားချင်တဲ့ ရဲက သူ့ကို ဒါတွေ မလုပ်ဖို့ လာသတိပေးပါတယ်။

ဒီဗိုင်းရပ်ကြောင့် တရုတ်ပြည်မှာ သေသူ ၅၆ဝ ကျော်ရှိပြီး လူ နှစ်သောင်းရှစ်ထောင်ကို ကူးစက်ခဲ့ပါတယ်။

လီဝမ်လျန်း ဘယ်သူလဲ

မျက်စိဆရာဝန်က သူ့အကြောင်းကို ဝေဘို ဝက်ဆိုက်ကနေ ရေးသားခဲ့တာပါ။ ဆေးရုံကုတင်ပေါ်က ဖြစ်ပါတယ်။

၂ဝဝ၃ တုန်းက တရုတ်ပြည်မှာ ဖြစ်ခဲ့ဖူးတဲ့ ဆားစ်ရောဂါနဲ့ တူတဲ့ ဗိုင်းရပ်ရောဂါကူးစက်ခံရသူ ခုနစ်ယောက်ကို ဒေါက်တာလီ စသတိထားခဲ့မိပါတယ်။

ဒီဇင်ဘာလ ၃ဝ ရက်မှာတော့ သူ့လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေကို ရောဂါမကူးအောင် အကာအကွယ် ဝတ်စုံတွေ ဝတ်ကြဖို့ အင်တာနက်ကနေ သူ သတိပေးခဲ့ပါတယ်။

နောက် လေးရက်အကြာမှာ သူ့ကို ပြည်သူ့လုံခြုံရေး ဗျူရိုရုံးက ဆင့်ခေါ်ပါတယ်။ အဲဒီမှာ သူ့ကို စာတစောင်မှာ လက်မှတ်ထိုးခိုင်းပါတယ်။ အဲဒီစာမှာ လူမှုတည်ငြိမ်ရေး ဆိုးဆိုးရွားရွား ထိခိုက်အောင် သတင်းမှားတွေ ဖြန့်တယ် ဆိုပြီး သူ့ကို စွပ်စွဲထားတာ ဖြစ်ပါတယ်။

သူ့လိုပဲ ကောလာဟလတွေ ဖြန့်တယ်ဆိုပြီး ရဲက စစ်မေးခံရသူ ရှစ်ယောက် ရှိပါတယ်။

နောက်ပိုင်းမှာတော့ ဒေသန္တရအာဏာပိုင်တွေ ဒေါက်တာလီကို တောင်းပန်ခဲ့ကြပါတယ်။

ဇန်နဝါရီလ ၁ဝ ရက်ကစပြီး သူ ချောင်းတွေ စဆိုးတဲ့အကြောင်း ဒေါက်တာလီ ဝေဘိုမှာ ရေးခဲ့ပါတယ်။ နောက်နေ့မှာ သူ စဖျားပြီး နှစ်ရက်အကြာမှာတော့ ဆေးရုံတက်ရပါတယ်။ သူ့မှာ ဗိုင်းရပ်ပိုး ကူးစက်တယ်ဆိုတာကို ဇန်နဝါရီ ၃ဝ ရက်ကမှ အတည်ပြုနိုင်ခဲ့ပါတယ်။

အခုတော့ တရုတ် လူမှုကွန်ရက်တွေမှာ လူတွေက သူသေဆုံးတဲ့အတွက် ပူဆွေးကြောင်း ရေးသားနေကြပါတယ်။

ဝူဟန် ဗိုင်းရပ် ဘာတွေ ဖြစ်နေသလဲ

တရုတ်နိုင်ငံမှာ ရောဂါထိန်းချုပ်ရေးအတွက် ပိုပြီး တင်းကျပ်လာပါတယ်။

ဘေဂျင်းမှာ မွေးနေ့နဲ့ မင်္ဂလာဆောင်လို လူသူစုဝေးတဲ့ ပွဲလမ်းတွေ မလုပ်ဖို့ တားမြစ်လိုက်ပြီး ဟန်ကျိုးနဲ့ နန်ချောင်မှာတော့ အိမ်ကနေ အပြင်ထွက်လို့ရတဲ့ လူအရေအတွက်ကို ကန့်သတ်ခဲ့ပါတယ်။

ဗိုင်းရပ်ရောဂါဒဏ် အဆိုးဆုံး ခံရတဲ့ ဟူဘေပြည်နယ်မှာတော့ လူတွေ အပြင်မထွက်အောင် အထပ်မြင့် အဆောက်အအုံတွေက ဓာတ်လှေကားတွေကို ရပ်ပစ်ခဲ့ပါတယ်။

ပြည်နယ် မြို့တော် ဝူဟန်မှာတော့ ဆေးရုံတွေမှာ လူနာထားစရာ ကုတင်နဲ့ ဆေးဝါးပစ္စည်းတွေ ပြတ်တောက်ကုန်ပြီလို့ အရာရှိကြီးတယောက်က ပြောပါတယ်။ ဆေးရုံနှစ်ရုံ အမြန်ဆောက်နေပေမယ့် လူနာတွေ များလွန်းလို့ ကုစရာနေရာမရှိ ဖြစ်ကုန်တာပါ။

ဝူဟန်မှာ အစိုးရက လူတွေကို တအိမ်တက်ဆင်း အပူချိန် လိုက်တိုင်းပေးနေတယ်လို့လည်း အင်တာနက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်နဲ့ကပ်နေတဲ့ ယူနန်ပြည်နယ် ဒါလီမြို့မှာတော့ ချုံကျင်းကို သွားမယ့် မျက်နှာဖုံးစွပ်တွေ ဖြတ်ယူတယ်ဆိုပြီး စွပ်စွဲခံနေရပါတယ်။ မျက်နှာဖုံးတွေ ဖောက်ဝေလိုက်ပြီမို့ ဘာမှ လုပ်လို့မရတော့ဘူးလို့ ဒါလီ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

တခြားမြို့တွေမှာလည်း ဆေးပစ္စည်းတွေ လုနေကြတာတွေ ရှိပါတယ်။

ဟောင်ကောင်မှာလည်း အိမ်သာသုံးစက္ကူအပါအဝင် လူသုံးပစ္စည်းတွေ အလုအယက် ဝယ်နေကြပါတယ်။ မျက်နှာဖုံးတွေ ဝယ်ဖို့ တန်းစီစောင့်နေတဲ့ လူတန်းကြီးတွေကိုလည်း တွေ့ရပါတယ်။

ကမ္ဘာ့တခြားနေရာတွေမှာလည်း

  • ချက်နိုင်ငံ ပရက်ဂ်မြို့က ဗီယက်နမ်ဆိုင်တဆိုင်မှာ တရုတ်စားသုံးသူတွေကို ကျန်းမာရေးအတွက် ခေတ္တစားခွင့်ပိတ်ထားတယ်ဆိုတဲ့ ဆိုင်းဘုတ်ကြောင့် လူတွေ ဒေါသထွက်ကြပါတယ်။
  • ရုရှားက ကရင်မလင်နန်းတော်မှာတော့ သမ္မတ ပူတင်ကအစ ပွဲလမ်းသဘင်တွေမှာ လာတဲ့သူတိုင်းကို အပူချိန် တိုင်းနေပါတယ်။
  • ရောဂါဖြစ်နေပေမယ့် တိုကျို ၂ဝ၂ဝ အိုလံပစ်ကို စီစဉ်ထားတဲ့အတိုင်း ဆက်သွားမယ်လို့လည်း အိုလံပစ် အမှုဆောင် အရာရှိချုပ်က ပြောပါတယ်။

ပိတ်ဆို့ခွဲထားမှုတွေကို ဝေဖန်

တရုတ်အစိုးရဟာ ရောဂါဖြစ်စ ရက်တွေတုန်းက သတင်းမထွက်အောင် ဖုံးဖိထားခဲ့တယ်၊ ရောဂါထိန်းချုပ်ရေး ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်တာတွေကိုလည်း ဖိနှိပ်ခဲ့တယ် ဆိုပြီး လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဝေဖန်ခဲ့ပါတယ်။

ဗိုင်းရပ်ရဲ့ မျိုးဗီဇနမူနာကို တခြားနိုင်ငံတွေနဲ့ မြန်မြန် ဖလှယ်ခဲ့တာကို စောင့်ကြည့်အဖွဲ့က ချီးကျူးခဲ့ပေမယ့် မြို့တွေ ရွာတွေ ပိတ်ထားတဲ့ မူဝါဒကိုတော့ ဝေဖန်ခဲ့ပါတယ်။

" ဒီလို သိမ်းကျုံးပြီး ပိတ်ဆို့တာမျိုးတာက အလုပ်မဖြစ်ပါဘူး။ ပြည်သူ့ကျန်းမာရေး အရာရှိတွေ ပြောတဲ့ သီးခြားခွဲပုံက ဒီထက်ပိုပြီး အသေးစိပ်ပါတယ်။ ဒီဗိုင်းရပ်ပိုးရှိသူလို့ သတ်မှတ်နိုင်သူတွေကိုပဲ ခွဲထားတာပါ" လို့လည်း အဲဒီအဖွဲ့က အမှုဆောင် ဒါရိုက်တာ ကက်နက်ရော့သ်က ပြောပါတယ်။

လူတွေကို အစားအစာကျွေးတာ၊ နေရာချထားတာနဲ့ ကုသတာတွေကြားမှာ ကွာဟမှုကြီးတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။

တရုတ်အစိုးရကတော့ သူတို့လုပ်နည်းလုပ်ဟန်ဘက်ကပဲ အပြင်းအထန် ကာကွယ်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ရောဂါဖြစ်နေသူ နှစ်သောင်းရှစ်ထောင် ရှိတယ်လို့ တရုတ်အစိုးရက ပြောပေမယ့် ရောဂါဖြစ်သူအများစုဟာ လက္ခဏာနည်းနည်းပဲပြပြီး တခြားသူတွေကို ဆက်ကူးနေတဲ့အတွက် တကယ်ဖြစ်နေတာ ဒီထက် ဆယ်ဆလောက် များနိုင်တယ်လို့လည်း တချို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းပါတယ်။