ဥရောပ သမဂ္ဂ ကနေ ဗြိတိန် တရားဝင် နုတ်ထွက်

ဗြိတိန် နိုင်ငံဟာ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ အဖြစ် ကနေ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ တရားဝင် နုတ်ထွက် ခဲ့ပြီ ဖြစ်ပါတယ်။

၄၇ နှစ် ကြာ အဖွဲ့ဝင် နိုင်ငံ အဖြစ် ရှိနေခဲ့ရာက လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ကျင်းပ ခဲ့တဲ့ ဆန္ဒခံယူပွဲမှာ EU အဖွဲ့ဝင် အဖြစ် ကနေ နုတ်ထွက်ဖို့ မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၃၁ ရက်နေ့ ည ၁၁ နာရီ အချိန် အီးယူ အဖွဲ့ဝင် အဖြစ် ကနေ နုတ်ထွက်တဲ့ အခါမှာတော့ ဘရက်ဇစ်လိုလားတဲ့ သူတွေက အောင်ပွဲ ခံခဲ့ကြသလို၊ ဥရောပ သမဂ္ဂ ထဲမှာ ဆက်ရှိလိုသူတွေကလည်း ဆန္ဒပြမှု လုပ်ခဲ့ကြပါတယ်။

အီးယူ အဖွဲ့ဝင် အဖြစ် ဆက်ရှိဖို့ မဲ အများစု ပေးခဲ့ကြတဲ့ စကော့တလန် ပြည်နယ်မှာ ဆိုရင် ဖယောင်းတိုင် မီးတွေကိုင်ဆောင်ပြီး ဆန္ဒပြမှု တွေ ရှိခဲ့ပြီး။ မြို့တော် လန်ဒန် မှာတော့ ခွဲထွက်ရေး လိုလားသူတွေက ပျော်ပွဲတွေ ကျင်းပ တာ ရှိခဲ့ပါတယ်။

တရားဝင် ခွဲထွက်တဲ့ နေ့မှာပဲ နိုင်ငံ ကို ကမ္ဘာမှာ ရှေ့တန်း နိုင်ငံ တစ်ခု အဖြစ် မြင်တွေ့ နိုင်အောင် လုပ်ဆောင်သွားမယ်ဆိုပြီး ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် က ပြောဆို ခဲ့ပါတယ်။

အီးယူ ကနေ ခွဲထွက် တဲ့ နေ့မှာပဲ ဘရက်ဇစ် နိုင်ငံရေး ပါတီ ခေါင်းဆောင် နိုင်ဂျဲလ် ဖာရာ က သူတို့ ရဲ့ အောင်မြင်မှု အတွက် အထိမ်းအမှတ် အခမ်းအနား ကျင်းပ ရာမှာ ပါဝင် ခဲ့ပါတယ်။

သူဟာ ဗြိတိန် ဥရောပ သမဂ္ဂ အဖွဲ့ နိုင်ငံ အြဖစ် ကနေ ခွဲထွက်ရေး ကို အဓိက ကြိုးပမ်း လှုံ့ဆော် ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂ အဖွဲ့ ရုံးစိုက် ရာ ဘယ်လ်ဂျီယံ နိုင်ငံ ဘရက်ဆဲလ် မြို့က ရုံးခန်းမှာ ဗြိတိန် နိုင်ငံ အလံ ကိုလည်း ဖယ်ရှား လိုက်ကြ ပြီလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဗြိတိန် တဝန်းမှာ ဘရက်ဇစ် ကို အသိအမှတ် ပြုတဲ့ အနေနဲ့ စတာလင် ပေါင် ပြား၅၀ တန် ငွေ အကြွေစေ့ တွေကိုလည်း ထုတ်ဝေ သွားဖို့လည်း ရှိနေပါတယ်။

လက်ရှိ အချိန်မှာတော့ ဥရောပ သမဂ္ဂ ရဲ့ သတ်မှတ်ချက် အချို့ကို ဗြိတိန် အနေနဲ့ လိုက်နာ ရ ဦးမှာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ တော့ အကူးအပြောင်းကာလ ပြီးဆုံးမှာ ဖြစ်ပါတယ်။

အဲဒီ ကာလမှာပဲ ဥရောပ နိုင်ငံသားတွေရဲ့ ဗြိတိန် နိုင်ငံ အတွင်း ဗီဇာ မလိုဘဲ လွတ်လပ်စွာ ခရီးသွားလာခွင့် ဟာလည်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။