ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟောင်ကောင် ဆန္ဒပြမှုတွေ အစပျိုးစေခဲ့တဲ့ လူသတ်မှု သံသယရှိသူကို ဟောင်ကောင်လွှတ်ပေး
တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကို ဟောင်ကောင်မှာ တင်သွင်းစေဖို့ ဖြစ်လာခဲ့တဲ့ လူသတ်မှုက သံသယရှိသူကို ဟောင်ကောင်က အောက်တိုဘာလ ၂၃ ရက်မှာ လွှတ်ပေးလိုက်ပါတယ်။
ဒီဥပဒေကြမ်း တင်သွင်းတာကို မကျေနပ်ကြရာကနေ ဟောင်ကောင်မှာ လချီကြာတဲ့ ဆန္ဒပြမှုတွေ ဖြစ်လာခဲ့တာပါ။
ဒီလူသတ်မှုမှာ ချန်တုန်ကိုင်ဟာ ကိုယ်ဝန်ရှိနေတဲ့ သူ့ချစ်သူ မိန်းကလေးကို ထိုင်ဝမ်မှာ သတ်ခဲ့ပြီး ဟောင်ကောင်ကို ပြန်ထွက်ပြေးလာတယ်ဆိုပြီး စွပ်စွဲခံရတာပါ။
ဒါပေမဲ့ ဟောင်ကောင်နဲ့ ထိုင်ဝမ်အကြားမှာ တရားခံလွှဲပြောင်းရေး သဘောတူညီချက်မရှိတဲ့အတွက် သူ့ကို လွှဲပြောင်းစစ်ဆေးဖို့ ဥပဒေကို ပြင်ဆင်ဖို့ ဖြစ်လာခဲ့တယ်လို့ အစိုးရက ပြောပါတယ်။
ချန်တုန်ကိုင်ဟာ သူ့ချစ်သူ သေဆုံးပြီးနောက် အဲဒီမိန်းကလေးရဲ့ ခရစ်ဒစ်ကတ်ကနေ ပိုက်ဆံတွေ ထုတ်ယူခဲ့တယ်ဆိုပြီး ထောင်ချခံရပါတယ်။
ထောင်ထဲမှာ ၁၉ လ နေခဲ့ပြီးနောက် အောက်တိုဘာလ ၂၃ ရက်မှာ လွတ်လာခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၀ အရွယ် ရှိတဲ့ ချန်တုန်ကိုင်ဟာ လွတ်မြောက်လာခဲ့ပြီးနောက်မှာတော့ သေဆုံးသူရဲ့ မိသားစုတွေကို တောင်းပန်ခဲ့ပါတယ်။ သူကြောင့် မိသားစုဝင်တွေ အပြင်းအထန် စိတ်ပင်ပန်းနာကျင်ခံရတာတွေအတွက် တောင်းပန်ခဲ့တာပါ။
နောက်ပြီး သူက ထိုင်ဝမ်ကို ပြန်သွားမယ်၊ တရားရင်ဆိုင်ပြီး ထိုက်သင့်တဲ့ စီရင်မှုကို ခံယူမယ်လို့ ပြောပါတယ်။
ဟောင်ကောင်နဲ့ ထိုင်ဝမ်ကြားမှာ သူ့ကို လူသတ်မှုနဲ့ အရေးယူဖို့ အတွက် ဘယ်လို လွှဲပြောင်းသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ခက်ခဲနေတာပါ။
ဒါကြောင့် သူက အခုလို ပြောပေမဲ့ နောက်တစ်ဆင့် ဘာဆက်ဖြစ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
ဟောင်ကောင်ဘက်က မစ္စတာချန်ဟာ ထိုင်ဝမ်ကို သူ့ဘာသာ သူသွားပြီး ကိုယ်တိုင်ဝန်ခံ နိုင်တယ်လို့ ပြောပေမဲ့ ထိုင်ဝမ်ဘက်ကတော့ လုံခြုံရေးအတွက် သူ့ကို တာဝန်ရှိသူတွေက လာခေါ်မယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အဲဒီလို လာခေါ်မယ်လို့ ပြောတာကို ဟောင်ကောင်ဘက်က ငြင်းလိုက်ပါတယ်။
ဆန္ဒပြမှုတွေ ဖြစ်စေခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းဟာ သံသယ တရားခံတွေကို ဟောင်ကောင်ဘက်က လွှဲပြောင်းပေးနိုင်ဖို့ ဖြစ်ပြီး လွှဲပြောင်းပေးနိုင်မယ့် နေရာတွေထဲမှာ တရုတ်၊ ထိုင်ဝမ်နဲ့ မကာအိုတို့ ပါဝင်ပါတယ်။
ဒီဥပဒေ အတည်ဖြစ်သွားရင် တရုတ်ပြည်မကြီးဘက်ကို လွှဲပြောင်းစီရင်ခံရမယ့်သူတွေ ရက်အကန့်အသတ်မရှိ အချုပ်ခံထားရမှာတွေနဲ့ တရားမျှတမှုမရှိဘဲ ပြစ်ဒဏ်စီရင်ခံရမှာတွေကို စိုးရိမ်ခဲ့ကြပါတယ်။
ဒီဥပဒေကြမ်းကို အောက်တိုဘာလ ၂၃ ရက်မှာပဲ တရားဝင်ပြန်ရုပ်သိမ်း ခဲ့ပါတယ်။
ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ကျယ်ပြန့်လာခဲ့ပြီးနောက်မှာ ဒီဥပဒေကြမ်းကို ဆိုင်းငံ့ထားမယ်လို့ ဟောင်ကောင် အစိုးရက ဇူလိုင်လမှာ ပြောထားခဲ့ပါတယ်။
တရားဝင် ရုပ်သိမ်းဖို့ကတော့ အောက်တိုဘာလ လွှတ်တော်ပြန်စတဲ့အခါမှ ရုပ်သိမ်းမယ်လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ အတိုက်အခံ အမတ်တွေက ဟောင်ကောင် အုပ်ချုပ်ရေးမှူး မစ္စကယ်ရီလမ်းကို ပြင်းပြင်းထန်ထန် ဝေဖန် တိုက်ခိုက်ခဲ့ပြီး လွှတ်တော်လုပ်ငန်းတွေ နှောင့်နှေးခဲ့ပါတယ်။
ဆန္ဒပြပွဲတွေဟာ တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းနဲ့ ပတ်သက်လို့ အစပျိုးခဲ့ကြပေမဲ့ နောက်ပိုင်းမှာ ဒီမိုကရေစီ အပြည့်အဝ ကျင့်သုံးရေးနဲ့ တရုတ်ပြည်မကြီးက ဝင်ရောက်စွက်ဖက်တာ လျှော့ချရေးတို့ကိုပါ ဟောင်ကောင်ဆန္ဒပြသူတွေက တောင်းဆိုလာခဲ့ကြပါတယ်။