ပါလီမန် နားတာ တရားမဝင်ဘူးလို့ ဆုံးဖြတ်အပြီး ဘရက်ဇစ်အရေး ဘာဖြစ်လာမလဲ

ယူကေ ဝန်ကြီးချုပ်ဘောရစ် ဂျွန်ဆင်က ပါလီမန်ကို ရပ်နားထားလိုက်တာဟာ ဥပဒေနဲ့ မညီဘူးလို့ နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးက ဆုံးဖြတ်လိုက်တာဟာ ဝန်ကြီးချုပ်အတွက်တော့ အင်မတန် ကြီးမားတဲ့ ထိုးနှက်ချက်ကြီး ဖြစ်ခဲ့ပါတယ်။

ဒီ ဆုံးဖြတ်ချက်ဟာ ဗြိတိန် ဥရောပသမဂ္ဂက ထွက်ဖို့ အရေးနဲ့ ပတ်သက်ပြီး မရေရာ မသေချာမှုတွေကို ပိုတိုးပြီး ဖြစ်လာစေပါတယ်။ လောလောဆယ်မှာကိုပဲ ယူကေဟာ အီးယူထဲက ဘယ်အချိန်မှာ ဘယ်လိုထွက်မလဲ၊ ထွက်ရော ထွက်မှာလားဆိုတာတွေ အပေါ် ယူကေ နိုင်ငံရေးသမားတွေကြားမှာ သဘောတူညီချက် မရနိုင်ဘဲ ရှိနေပါတယ်။

ယူကေရဲ့ ပါလီမန် နှစ်ရပ်စလုံးကို စက်တင်ဘာလ ၁၀ ရက်နေ့မှာ စတင်ရပ်နားခဲ့တာ ဖြစ်ပြီး လာမယ့်လ အောက်တိုဘာ ၁၄ ရက်နေ့အထိ နားထားခဲ့ပါတယ်။ အချိန်ဇယားအရ ယူကေဟာ အောက်တိုဘာလအကုန်မှာ ဥရောပသမဂ္ဂကနေ နုတ်ထွက်ပေးရဖို့ ရှိပါတယ်။

အခုလို ပါလီမန် နားထားလိုက်တဲ့ အချိန်ဟာ အတော်လေး အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။ အောက်တိုဘာ အကုန်မှာ အီးယူက နုတ်ထွက်ရဖို့ ရှိနေချိန်မှာ အခုလို နားထားလိုက်တဲ့ အတွက် အစိုးရရဲ့ အစီအစဉ်တွေ၊ အစိုးရတင်သွင်းမယ့် ဥပဒေပြဌာန်းချက်တွေကို ပါလီမန်အမတ်တွေက ထောက်ပြ ဆွေးနွေးဖို့ အချိန် အလုံအလောက်မရနိုင်တော့ပါဘူး။

အတိုက်အခံ လွှတ်တော်အမတ်တွေကတော့ ဝန်ကြီးချုပ်ရဲ့ လုပ်ရပ်ဟာ အာဏာသိမ်းတာပဲ လို့ ဆိုကြပါတယ်။ ဝန်ကြီးချုပ်ကတော့ သူ့အစိုးရဟာ လုပ်ငန်းစဉ်အသစ်တွေ၊ ပါလီမန်ကို တင်သွင်းမယ့် ဥပဒေတွေကို ချပြနိုင်ဖို့အတွက် လက်ရှိ ပါလီမန်ကို ရပ်နားထားချင်တာပါလို့ ဆိုပါတယ်။

ဥပဒေနဲ့ မညီဘူးဆိုရင် အစိုးရက ဒါကို ဘာလို့ လုပ်ခဲ့တာပါလဲ

ဝန်ကြီးချုပ်ရဲ့ လုပ်ရပ်ဟာ ပါလီမန်က အစိုးရကို သူ့တာဝန်တွေနဲ့ ပတ်သက်ပြီး ထောက်ပြ မေးခွန်းမထုတ်နိုင်အောင် တားမြစ်လိုက်တာပဲလို့ တရားရုံးချုပ်က တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။

အခုလုပ်ရပ်ဟာ ပုံမှန် ပါလီမန်ကို ရပ်နားခြင်းမဟုတ်ပါဘူး။ နွေရာသီ နားရက်တွေ စချိန်ကနေ အောက်တိုဘာ ၃၁ ရက်နေ့မှာ အီးယူက နုတ်ထွက်ရမယ့် အောက်တိုဘာ ၃၁ ရက်မတိုင်ခင် ကာလအတွင်း ရှစ်ပတ်မှာ ငါးပတ်လောက်က ပါလီမန်ကို အခြေခံဥပဒေက ပေးထားတဲ့ တာဝန်တွေကို မထမ်းဆောင်နိုင်အောင် တားမြစ်ထားလိုက်တာ ဖြစ်တယ်လို့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

အစိုးရဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေတွေက ပါလီမန်ကို ဘယ်အချိန်မှာ ဘယ်လို ရပ်နားထားရမယ်ဆိုတဲ့ ကိစ္စဟာ နိုင်ငံရေးအရ ငြင်းခုံဆွေးနွေးရတဲ့ ကိစ္စဖြစ်တဲ့အတွက် တရားသူကြီးတွေ ဝင်ရောက်ဆုံးဖြတ်ခွင့်မရှိတဲ့ နေရာဖြစ်တယ်ဆိုတဲ့ ငြင်းချက်ကို တရားသူကြီးတွေက လစ်လျူရှုခဲ့ပါတယ်။

ဝန်ကြီးချုပ်ရဲ့ ရည်ရွယ်ချက် ကောင်းခြင်းဆိုးခြင်းကို ဒီနေရာမှာ ထည့်စဉ်းစားမှာ မဟုတ်ဘဲ ပါလီမန်ကို ငါးပတ်ကြာ ဘာကြောင့် ရပ်နားထားသင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ အကြောင်းပြချက် မရှိခဲ့ဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

အခုဆို ပါလီမန်က ဘယ်လို ရှေ့ဆက်သွားမှာလဲ

ပါလီမန်ကို ရပ်နားထားဖို့ အမိန့်ဟာ ဥပဒေနဲ့ မညီဘူး၊ ဒါကြောင့် ပါလီမန်ဟာ တကယ်တမ်း လုံးဝ ရပ်နားသွားတာ မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ပါလီမန်ဟာ တကယ်တမ်း ရပ်မသွားတဲ့အတွက် ရှေ့ကို ဘာဆက်လုပ်မလဲဆိုတာကို ပါလီမန်ကပဲ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အောက်လွှတ်တော် ဥက္ကဌ ဂျွန်ဘားကိုးက ပါလီမန်ကို နောက်တစ်နေ့ စက်တင်ဘာ ၂၅ ရက်နေ့မနက်မှာ ပြန်စဖို့ သူညွှန်ကြားထားပြီလို့ ပြောပါတယ်။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ဥပဒေကြောင်းအရ လုပ်ငန်းစဉ်ကို သူတို့အနေနဲ့ လေးစားပါမယ်။ ဒါပေမယ့် တရားသူကြီးတွေ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့တော့ သူ လုံးဝ သဘောမတူပါဘူး၊ မှန်တယ်လို့လည်း မထင်ပါဘူး၊ ဘာပဲ ဖြစ်ဖြစ် ရှေ့ကို ဆက်သွားပါမယ်။ ပါလီမန်လည်း ပြန်စပါမယ်လို့ ဘီဘီစီကို ပြောပါတယ်။

အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျယ်ရမီကိုဘင်ကလည်း ပါလီမန်ပြန်ခေါ်ဖို့ တောင်းဆိုပါတယ်။

ဘရက်ဇစ်ကို ဆန့်ကျင်သူ အမတ်တစ်ယောက်ဖြစ်တဲ့ တွမ်တူဂင်ဟက်ကတော့ ပါလီမန်မှာ ထိုင်နေတဲ့ သူ့ ပုံကို တွစ်တာမှာ တင်ပြီး ကျွန်တော်တို့ ပါလီမန်မှာ ရောက်နေပါပြီလို့ စာတန်းထိုးထားပါတယ်။

အစိုးရရော ဘာဖြစ်လာမှာလဲ

တရားရုံးချုပ်ရဲ့ အဆုံးအဖြတ်ဟာ ဝန်ကြီးချုပ်အတွက်တော့ ကြီးစွာသော ထိုးနှက်ချက်ကြီးဖြစ်သွားတယ်လို့ ဘီဘီစီရဲ့ လက်ထောက် နိုင်ငံရေးအယ်ဒီတာ နော်မန်စမစ်က ပြောပါတယ်။

အခုတော့ သူ့ကို ဝေဖန်ချက်တွေ ဘက်ပေါင်းစုံက ဝင်လာနေပါပြီ။

လေဘာခေါင်းဆောင် ဂျယ်ရမီကိုဘင်ကတော့ ဘောရစ်ဂျွန်ဆင်ကို နုတ်ထွက်ဖို့ တောင်းဆိုလိုက်ပါတယ်။ "ဘောရစ်ဂျွန်ဆင်ကို သူ့ရာထူးနေရာမှာ ဆက်နေဖို့ သင့်မသင့် စဉ်းစားဖို့ သမိုင်းဝင်စကားတစ်ခု အဖြစ် ကျွန်တော်တောင်းဆိုပါတယ်။ သက်တမ်းအတိုဆုံး တာဝန်ထမ်းခဲ့ရတဲ့ ဝန်ကြီးချုပ်တစ်ယောက် ဖြစ်လာဖို့ပါ။"

ဘရက်ဇစ်ပါတီဥက္ကဌ ရစ်ချတ်တိုက်စ်က "ဘောရစ်ဂျွန်ဆင်ဟာ နုတ်ထွက်စာ တင်ကောင်းတင်ရနိုင်ပါတယ်" လို့ ပြောခဲ့ပြီး ပါတီခေါင်းဆောင် နိုင်ဂျယ်ဖါရပ်ချ်ကလည်း ဝန်ကြီးချုပ်ဟာ "အဆိုးဆုံး နိုင်ငံရေးဆုံးဖြတ်ချက်တစ်ခု" လုပ်ခဲ့တာ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

ယူကေပါလီမန် မှာ ရှိတဲ့ စကော့တလန်အမျိုးသားပါတီရဲ့ ခေါင်းဆောင် အီယန်ဘလက်ဖို့ဒ်ကလည်း တွစ်တာကနေ အခုလို ရေးတင်ပါတယ်။ "ဘောရစ်ဂျွန်ဆင်ဟာ လိမ်ညာပြီးရင်း လိမ်ညာခဲ့တယ်၊ အခုတော့ သူဟာ ဥပဒေနဲ့ မညီပြုမူခဲ့တဲ့ အကြောင်း တရားရုံးက တွေ့ခဲ့ရပြီ။ သူ နုတ်ထွက်ရပါမယ်။"

ဝန်ကြီးချုပ်ဟာ အခုဆို နိုင်ငံရေးအရ အတော်ကြီး အထိနာသွားခဲ့ပါပြီ။ ဒါပေမယ့် ဘရက်ဇစ်အရေးနဲ့ ပတ်သက်ပြီး ဗြိတိသျှ နိုင်ငံရေးသမားတွေအကြားမှာ အကြီးအကျယ် ကွဲလွဲနေကြတာကြောင့် ဘရက်ဇစ်ကို ထောက်ခံသူတွေကတော့ ခေါင်းဆောင်သစ်ရွေးမယ့်အစား သူ့ကိုပဲ ဆက်ထောက်ခံနေကြဦးမယ့် သဘောတွေ့ရပါတယ်။

ဘရက်ဇစ် အရေးရော ဘယ်လို ဖြစ်လာမှာလဲ

တရားဝင်အနေအထားမှာတော့ ဘာမှ အပြောင်းအလဲ မရှိပါဘူး။ ဒါပေမယ့် ညှိနှိုင်းသဘောတူချက်မပါဘဲ အီးယူက နုတ်ထွက်မယ့် ဝန်ကြီးချုပ်ရဲ့ အစီအစဉ်တွေကတော့ အတော်လေး အားလျော့သွားနိုင်ပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့မှာ အီးယူနဲ့ ဘာသဘောတူညီချက်မှ မရပဲ နုတ်ထွက်မယ့် အစီအစဉ်ကို တားမြစ်တဲ့ ဥပဒေတစ်ခုကို ဗြိတိသျှပါလီမန်မှာ ဆုံးဖြတ်အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ မတိုင်ခင် ယူကေနဲ့ အီးယူအကြား သဘောတူညီမှု တစ်ခုခုမရခဲ့ရင်၊ တခါ သဘောတူညီချက်မပါဘဲ နုတ်ထွက်နိုင်ခွင့်ကို ပါလီမန်အမတ်တွေက မဲခွဲအတည်ပြုတာမလုပ်ခဲ့ရင် ဝန်ကြီးချုပ်ဟာ ဗြိတိန် အီးယူကနုတ်ထွက်မယ့် ရက်ကို နောက်ရွှေ့ပေးဖို့ အီးယူကို တောင်းဆိုဖို့ ဥပဒေအရ တာဝန်ရှိတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလမ်းကြောင်းက ဘောရစ်ဂျွန်ဆင်သွားချင်တဲ့ လမ်းမဟုတ်ပါဘူး။ အခုတော့ တရားရုံးချုပ် အဆုံးအဖြတ်မှာ သူရှုံးသွားပြီ ဖြစ်တဲ့အတွက် ဗြိတိန် အီးယူကနေ အောက်တိုဘာ ၃၁ ရက်နေ့မှာ မဖြစ်မနေ ထွက်ဖို့ သူ လုပ်ချင်နေတဲ့ လမ်းကြောင်းအတိုင်း သွားဖို့ကလည်း တော်တော်လေး ခက်သွားပြီ ဖြစ်ပါတယ်။

နောက်တစ်ခု ပါလီမန်ကလည်း ပြန်စနေမှာ ဖြစ်တဲ့အတွက် ပါလီမန်အမတ်တွေက အစိုးရကို ကန့်သတ်တဲ့ ဥပဒေတွေ၊ အဆိုတွေကို တင်နိုင်ဖို့ အချိန်ပိုရသွားပါတယ်။

ဥရောပသမဂ္ဂထဲမှာတော့ ဘရက်ဇစ်နဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာ လမ်းစရှာနေရချိန်ဖြစ်တဲ့အတွက် ဗြိတိသျှ တရားရုံးချုပ်ရဲ့ အဆုံးအဖြတ်နဲ့ ပတ်သက်ပြီး အံ့အားတသင့်ဖြစ်သွားကြတယ် လို့ ဘီဘီစီရဲ့ ဥရောပသတင်းအယ်ဒီတာ ကာတီယာ အက်ဒလာက ပြောပါတယ်။

ဘရက်ဇစ်ကို ဆန့်ကျင်သူတွေအတွက် အခု ဆုံးဖြတ်ချက်က အောင်ပွဲလို့ ယူဆနိုင်စရာ ရှိပေမယ့် ဗြိတိသျှနိုင်ငံရေးမှာတော့ ပိုပြီး ရှုပ်ထွေးသွား၊ ပိုပြီး နက်ရှိုင်းတဲ့ အကျပ်အတည်းကြီးဆီ ဦးတည်သွားစေတယ်လို့ ဆိုနိုင်ပါတယ်။