ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘောရစ်ဂျွန်ဆင်ရဲ့ ကက်ဘိနက် ဝန်ကြီးအဖွဲ့သစ် ပထမဆုံးအကြိမ် အစည်းအဝေးထိုင်
ကွန်ဆာဗေးတစ်ပါတီဝင်တွေအကြား မဲခွဲဆုံးဖြတ်ခဲ့အပြီး ပါတီခေါင်းဆောင် ဖြစ်လာခဲ့တဲ့ ဝန်ကြီးချုပ်သစ် ဘောရစ် ဂျွန်ဆင်ဟာ သူ့ရဲ့ ကက်ဘိနက် ဝန်ကြီးအဖွဲ့သစ်နဲ့အတူ ပထမဆုံးအကြိမ် အစည်းအဝေး လုပ်ခဲ့ပါတယ်။
အီးယူထဲကနေ ယူကေနုတ်ထွက်ရေးမှာ ဦးဆောင်လှုပ်ရှားခဲ့သူတွေကို ဘောရစ် ဂျွန်ဆင်က ဇူလိုင်လ ၂၄ ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့ သူ့ရဲ့ ကက်ဘိနက် ဝန်ကြီးအဖွဲ့သစ်အတွင်း အဓိက အရေးပါတဲ့ ကဏ္ဍတွေမှာ ခန့်ထားလိုက်ပါတယ်။
ဆာဂျစ် ဂျာဗစ်ကို ဘဏ္ဍာရေးဝန်ကြီး အဖြစ် ခန့်လိုက်ပြီး ဒေါမနစ် ရာ့ဘ်နဲ့ ပရစ်တီ ပတဲလ် တို့လည်း အစိုးရအဖွဲ့ထဲ ပြန်ပါလာခဲ့ပါတယ်။
မစ္စတာ ရာ့ဘ် ကို နိုင်ငံခြားရေး ဝန်ကြီး၊ မစ်စ် ပတဲလ် ကို ပြည်ထဲရေး ဝန်ကြီး ခန့်လိုက်တာပါ။
သူ့နဲ့ ဝန်ကြီးချုပ်ရာထူး အပြိုင် အရွေးခံခဲ့တဲ့ ဂျယ်ရမီ ဟန့် အပါအဝင် အရင် ဝန်ကြီးချုပ် ထရီစာ မေရဲ့ ကက်ဘိနက် ဝန်ကြီးအဖွဲ့ဝင် တစ်ဝက်ကျော်ဟာ ရာထူးကနေ နုတ်ထွက်သွားသူတွေ ရှိသလို အထုတ်ခံရသူတွေလည်း ရှိပါတယ်။
ဘောရစ် ဂျွန်ဆင် ဘာပြောခဲ့သလဲ
"အားလုံး သိကြတဲ့အတိုင်း ဗြိတိန်နိုင်ငံရဲ့ အရေးပါတဲ့ အခိုက်အတန့် အချိန်ကာလမှာ ဝန်ကြီးသစ်တွေ အနေနဲ့ အရေးကြီးတဲ့ သမိုင်းဝင် လုပ်ငန်းတာဝန်တွေ့ကို ရှေ့လျှောက် ဆောင်ရွက်သွားရဖို့ ရှိတယ်" လို့ ဘောရစ် ဂျွန်ဆင်က သူ့ကက်ဘိနက် ဝန်ကြီးအဖွဲ့ကို ပြောခဲ့ပါတယ်။
"အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဒါမှမဟုတ် ဒါ့ထက် စောပြီး ဖြစ်ဖြစ် အီးယူထဲကနေ ယူကေနိုင်ငံ မဖြစ်မနေ နုတ်ထွက်ဖို့ ကျွန်တော်တို့ အားလုံး သံဓိဌာန်ချထားကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်အတွက် အစီအစဉ်သစ်တွေ ချမှတ်ဖို့ အောက်တိုဘာလ ၃၁ ရက်နေ့အထိ စောင့်နေမှာ မဟုတ်ပါဘူး။ ပြည်သူတွေအတွက် အဓိက အရေးပါတဲ့ ကိစ္စတွေကို ဦးစားပေး ဆောင်ရွက်သွားဖို့ ရှိပါတယ်" လို့ ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။
ထူးကဲပြောင်မြောက်တဲ့ ပါတီထဲက အရည်အချင်း ပြည့်စုံ ထူးချွန်သူတွေနဲ့ အခုလို ဝန်ကြီးအဖွဲ့သစ် ဖွဲ့စည်းနိုင်တာဟာ သိပ်ကို ဝမ်းသာစရာ ကောင်းတယ်လို့လည်း သူက ပြောသွားခဲ့ပါတယ်။
လာမယ့် အောက်တိုဘာလ ၃၁ ရက်နေ့မှာ အီးယူ ဥရောပသမဂ္ဂကနေ ယူကေ နုတ်ထွက်ရေးကို သူ သံန္နိဌာန်ချ လုပ်ဆောင်သွားမယ် ဆိုတဲ့အကြောင်း ဝန်ကြီးချုပ်သစ် ဘောရစ် ဂျွန်ဆင်က ကက်ဘိနက် အစည်းဝေးမှာ ထပ်မံ ပြောကြားလိုက်ပါတယ်။
နဂိုတုန်းက ယူကေနိုင်ငံဟာ အီးယူထဲကနေ မတ်လ ၂၉ ရက်နေ့မှာ နုတ်ထွက်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အီးယူကနေ နုတ်ထွက်ရေးနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်ဟောင်း ထရီစာမေ အဆိုပြုတဲ့ ညှိနှိုင်းချက်ကို ပါလီမန်အမတ်တွေက ၃ ကြိမ်တိုင်တိုင် ပယ်ချခဲ့အပြီးမှာ အီးယူကနေ နုတ်ထွက်မယ့် နောက်ဆုံးနေ့ကို အောက်တိုဘာလ ၃၁ ရက်နေ့ကို ပြောင်းရွှေ့ သတ်မှတ်ခဲ့တာပါ။
ကက်ဘိနက် ဝန်ကြီးအဖွဲ့သစ်ထဲမှာ ဘယ်သူတွေပါသလဲ
မစ္စတာ ဂျာဗစ်၊ မစ္စတာ ရာ့ဘ်နဲ့ မစ်စ် ပတဲလ် တို့အပြင် နောက်ထပ် အရေးပါတဲ့ ဝန်ကြီးနေရာတွေမှာ ခန့်အပ်ခံရသူတွေကတော့
- စတီဖန် ဘာကလေ - အီးယူကနေ ယူကေနုတ်ထွက်ရေးဝန်ကြီး ( အပြောင်းအလဲမရှိ )
- မိုက်ကယ် ဂို့ဗ် - Duchy of Lancaster နယ်မြေရဲ့ ဘဏ္ဍာရေးမှူး၊ ညှိနှိုင်းလိုက်လျောမှု မရှိဘဲ အီးယူကနေ ယူကေနုတ်ထွက်တဲ့အခါ စီမံကိန်းရေးဆွဲသူ
- ဘန် ဝေါလေ့ - ကာကွယ်ရေးဝန်ကြီး
- လဇ် ထရပ်စ် - နိုင်ငံတကာ ကုန်သွယ်ရေးဝန်ကြီး
- မက် ဟန်ကော့က် - ကျန်းမာရေးဝန်ကြီး (အပြောင်းအလဲမရှိ)
- ဂယ်ဗင် ဝီလီယမ်ဆန် - ပညာရေးဝန်ကြီး
- နစ်ကီ မော်ဂန် - ယဉ်ကျေးမှုဝန်ကြီး
- အန်ဒီရီယာ လိဒ်ဆမ် - စီးပွားရေးဝန်ကြီး
- အမ်ဘာ ရပ်ဒ် - လုပ်ငန်းခွင်နဲ့ ပင်စင်လစာ ဝန်ကြီး (အပြောင်းအလဲမရှိ)
- ဂျက်ကော့ဘ် ရီးစ် မော့ဂ် - အောက်လွှတ်တော်ဝန်ကြီးအဖွဲ့ခေါင်းဆောင်
အီးယူကနေ ယူကေထွက်ဖို့ လိုလားသူတွေ ကက်ဘိနက် ဝန်ကြီးအဖွဲ့ကို ကြီးစိုးသွားပြီ ဆိုတဲ့ ပြောဆိုချက်တွေကို အီးယူကနေ ယူကေ နုတ်ထွက်ရေးဆိုင်ရာ ERG ဥရောပ လေ့လာသုတေသနပြုရေးအဖွဲ့ကို ဦးဆောင်ခဲ့သူ အောက်လွှတ်တော် ဝန်ကြီးအဖွဲ့ခေါင်းဆောင်သစ် ဂျက်ကော့ဘ် ရီးစ် မော့ဂ် က ငြင်းဆိုသွားခဲ့ပါတယ်။
ကက်ဘိနက် ဝန်ကြီးအဖွဲ့ထဲမှာ ဘောရစ်ဂျွန်ဆင်က အခုလို ရာထူးတွေ အပြောင်းအလဲ လုပ်ခဲ့တာဟာ တနိုင်ငံလုံးကို ရင်ကြားစေ့ဖို့၊ ပါတီကို ရင်ကြားစေ့ဖို့ ကြိုးစားနေတာပါ လို့ ဆိုပါတယ်။
ဘယ်သူတွေ ရာထူး လက်လွှတ်ခဲ့ရသလဲ
ဘောရစ် ဂျွန်ဆင်ရဲ့ ကက်ဘိနက် ဝန်ကြီးအဖွဲ့သစ်ထဲမှာ ဝန်ကြီးချုပ်ဟောင်း ထရီစာမေရဲ့ ထိပ်တန်း ဝန်ကြီးဟောင်း ၁၇ ဦးဟာ အထုတ်ခံရ ဒါမှမဟုတ် ရာထူးက နုတ်ထွက်သွားခဲ့ကြပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျယ်ရမီ ဟန့် ကို တခြား ရာထူးတစ်ခုမှာ လုပ်ဖို့ ကမ်းလှမ်းခဲ့ပေမဲ့ သူက လက်မခံဘဲ ငြင်းခဲ့ပါတယ်။ အီးယူကနေ ယူကေနုတ်ထွက်ရေး ထောက်ခံအားပေးတဲ့ ထိပ်တန်းဝန်ကြီးတွေ ဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ပဲနီ မော့ဒေါက် နဲ့ နိုင်ငံတကာ ကုန်သွယ်ရေးဝန်ကြီး လီယမ် ဖော့က်စ် တို့နေရာတွေမှာလည်း အစားထိုး ခန့်ခဲ့ပါတယ်။
သူတို့နှစ်ဦးစလုံးဟာ ဝန်ကြီးချုပ်နေရာကို ဘောရစ် ဂျွန်ဆင်နဲ့ အပြိုင်လုခဲ့တဲ့ ဂျယ်ရမီ ဟန့်ကို ထောက်ခံအားပေးခဲ့သူတွေ ဖြစ်ပါတယ်။
ကွန်ဆာဗေးတစ် ပါတီဝင် အီယန် ဒန်ကန် စမစ် ကတော့ အခုလို ဝန်ကြီးနေရာ အပြောင်းအလဲ လုပ်ခဲ့တာနဲ့ ပတ်သက်လို့ ကာကွယ်ပြောသွားခဲ့ပြီး ကက်ဘိနက်ထဲမှာ အီးယူကနေ ယူကေနုတ်ထွက်ရေး စီမံကိန်းကို ယုံကြည်ထောက်ခံသူ ဝန်ကြီးတွေ ပါဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲ အချိန်စော ကျင်းပဖို့ အလားအလာနဲ့ ပတ်သက်လို့ မေးကြည့်ရာမှာတော့ အီယန် ဒန်ကန် စမစ် က ဘယ်အစိုးရမဆို ကြိုတင်ပြင်ဆင်ထားဖို့ လိုမှာပဲ လို့ ပြန်ဖြေခဲ့ပါတယ်။
တကယ်လို့ အစိုးရအဖွဲ့အပေါ် အယုံအကြည်မရှိ မဲခွဲ ဆုံးဖြတ်ခဲ့လို့ ရှုံးနိမ့်ခဲ့မယ် ဆိုရင်တော့ ရွေးကောက်ပွဲကို အချိန် စော ကျင်းပရဖွယ် ရှိပါတယ်။
လစ်ဘရယ် ဒီမိုကရက်တစ် ခေါင်းဆောင် ဂျို ဆွင်ဆန် က ဝန်ကြီးချုပ်အပေါ် အယုံအကြည် မရှိဘူးလို့ ဆိုရင်း ရွေးကောက်ပွဲ အချိန်စော ကျင်းပရေး အဆိုတင်သွင်းဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ သာမန်အားဖြင့် ဒီလို အဆိုတင်သွင်းမှုမျိုးဟာ ကိစ္စတရပ်ရပ်အပေါ် အာရုံစူးစိုက်အောင် လုပ်ချင်တဲ့အခါမျိုးမှာသာ လုပ်လေ့ရှိပြီး အချေအတင် ဆွေးနွေးတာမျိုး သိပ်မရှိလှပါဘူး။