ကမ္ဘာ့အကောင်းဆုံး စားတော်ဆက်က ပြင်သစ်မှာရှိ

france

ဓာတ်ပုံ ရင်းမြစ်, lucentius

ဓာတ်ပုံ ပုံစာ, ရှုခင်းလှတဲ့ ပြင်သစ်တောင်ပိုင်းကမ်းခြေဒေသ

စင်္ကာပူမှာ ပေးတဲ့ ကမ္ဘာ့အကောင်းဆုံး စားတော်ဆက်ဆုကို ပြင်သစ်က မီဟာဇူရာ စားသောက်ဆိုင်က ရရှိသွားပါတယ်။

ပြင်သစ်တောင်ပိုင်း ကမ်းခြေဒေသမှာ ရှိတဲ့ ဒီဆိုင်က နှစ်စဉ်ကျင်းပနေကျ ကမ္ဘာ့အကောင်းဆုံး ဆိုင် ၅ဝ ဆု ပြိုင်ပွဲမှာ ထိပ်ဆုံးဆု ရခဲ့တာ ဖြစ်ပါတယ်။

france

ဓာတ်ပုံ ရင်းမြစ်, VALERY HACHE

ဓာတ်ပုံ ပုံစာ, ပြင်သစ်တောင်ပိုင်းကမ်းခြေအလှနဲ့ စားသောက်နိုင်

အာဂျင်တီးနားက စားဖိုမှူးတယောက်က အုပ်ချုပ်တဲ့ ဒီဆိုင်မှာ နာမည်ကြီး ဟင်းလျာတွေ ရှိပါတယ်။ ဒီထဲက တခုကတော့ သူ့နောက်ဖေးခြံထဲမှာ စိုက်တဲ့ သကြားမုန်လာကို ဆားနဲ့မံ မီးဖုတ်ပြီး ကားဗီးယားငါးဥအနှစ် ဆမ်းထားတာပါ။

၂ဝဝ၂ ခုနှစ် ကတည်းက စပေးတဲ့ ဒီဆုဟာ အခုဆိုရင် နာမည်ကြီး မစ်ရှယ်လင်းကြယ်ပွင့်ရ ဆိုင်တွေနဲ့အပြိုင် ဖြစ်နေပါပြီ။ တချို့ အစားအသောက် အကဲခတ်တွေကတော့ သူတို့ရဲ့ ဆုပေးနည်းကို မေးခွန်းထုတ်ကြပါတယ်။

ဒီစာရင်းကို ကျွမ်းကျင်သူ တထောင်ကျော်က မဲပေးပြုစုကြတာ ဖြစ်ပါတယ်။

စပိန်နိုင်ငံက ထိပ်ဆုံး ၁ဝ ဆိုင်စာရင်းမှာ သုံးဆိုင်စာရင်းဝင်ပြီး ပြင်သစ်၊ ဒိန်းမတ်နဲ့ ပီရူးတို့က နှစ်ဆိုင်စီ ပါလာကြပါတယ်။

ဗြိတိန်ကတော့ ထိပ်ဆုံး ဆိုင် ၅ဝ မှာ နှစ်ဆိုင် စာရင်းပေါက်ပါတယ်။ လေးညှင်းပွင့်ကလပ်နဲ့ လိုင်း ဆိုတဲ့ ဒီနှစ်ဆိုင်စလုံးကလည်း လန်ဒန် အရှေ့ပိုင်းက ရှောဒစ်အရပ်မှာ ရှိပါတယ်။

france

ဓာတ်ပုံ ရင်းမြစ်, VALERY HACHE

ဓာတ်ပုံ ပုံစာ, စိုက်ထားတဲ့ အသီးအရွက်ခြံထဲက ထွက်တဲ့ အချိုဆုံး သီးနှံတွေသုံး

ဘာကြောင့် ကမ္ဘာ့အကောင်းဆုံးရလဲ

ဗြိတိန်အခြေစိုက် ဝီလျံရိဒ် စီးပွားရေးမီဒီယာက ပြုစုတဲ့ ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင် ၅ဝ စာရင်းမှာ မီဟာဇူရာက စားသောက်ဆိုင် အတွေ့အကြုံကို အပြည့်ပေးတယ်လို့ ဆိုပါတယ်။

ပြင်သစ် တောင်ပိုင်းကမ်းခြေအလှကို စီးပြီးမြင်ရတဲ့ရှုခင်း၊ သုံးဆင့်စီပြီး စိုက်ထားတဲ့ အသီးအရွက်ခြံထဲက ထွက်တဲ့ အချိုဆုံး သီးနှံတွေနဲ့ အင်မတန် ထက်မြက်တဲ့ စားဖိုမှူးတွေကို ထားနိုင်လို့ အထင်ကြီးလေးစားစရာ ဖြစ်တယ် ဆိုပြီး ဖော်ပြထားပါတယ်။

france

ဓာတ်ပုံ ရင်းမြစ်, Mauro Colagreco, Restaurant Mirazur

ဓာတ်ပုံ ပုံစာ, အာတီချုပ်နဲ့ ဖန်နယ် သီးနှံတွေကို သံပုရာနှစ်နဲ့ လိဆော့အစိမ်းဆမ်းပြီး မှိုဥနဲ့သုပ်

ဆိုင်ကို ကြီးကြပ်တဲ့ အာဂျင်တီးနားက စားဖိုမှူး မော်ရို ကိုလာဂရာကိုကတော့ ကောင်းကင်ပေါ် ရောက်နေသလို ခံစားရတယ်လို့ပြောကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

ဒီလို နာမည်ကြီးတဲ့ဆုကို ရလိုက်တဲ့အတွက် အိပ်မက်တွေကို အကောင်အထည်ဖော်အောင် လုပ်နိုင်တယ်ဆိုတာကို ပြလိုက်တာပဲလို့လည်း သူက ဆိုပါတယ်။

ဒီဆိုင်ကို ၂ဝဝ၆ က ဖွင့်ခဲ့ပြီး မစ်ရှယ်လင်းကြယ်ပွင့် သုံးခု ရထားပါပြီ။

Mirazur's chef Mauro Colagreco poses in his restaurant in southern France. Photo: April 2019

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, မီဟာဇူရာရဲ့ စားတော်ကဲ မော်ရို ကိုလာဂရာကိုက ကောင်းကင်ပေါ် ရောက်သလို ခံစားရတယ်ဆို

ဘာကြောင့် ဝေဖန်ကြသလဲ

ထိပ်ဆုံး ဆိုင် ၅ဝ စာရင်းကို ကမ္ဘာတဝန်းက နာမည်ကြီး အစားအသောက် ပညာရှင်တွေက စာရင်းပေးရွေးကြတာပါ။

ဒီလို စားသောက်ဆိုင်တွေကို အကဲဖြတ်ရာမှာ သေချာတိကျစွာ သတ်မှတ်ထားတဲ့ အချက်တွေ မရှိဘူးဆိုပြီး တချို့က ဝေဖန်နေကြပါတယ်။

အရင်က ထိပ်ဆုံးဆု အရွေးခံရတဲ့ဆိုင်တွေကို ဖယ်ထားဖို့လည်း ဒီနှစ်စည်းမျဉ်းတွေကို ပြောင်းလဲထားပါတယ်။

beetroot

ဓာတ်ပုံ ရင်းမြစ်, HELENE VALENZUELA

ဓာတ်ပုံ ပုံစာ, ဟင်းချက်ရာမှာသုံးတဲ့ သကြားမုန်လာ

ထိပ်ဆုံး ၁ဝ ဆိုင်စာရင်းကတော့

၁။ မီဟာဇူရာ၊ မန်တန် (ပြင်သစ်)

၂။ နိုမာ၊ ကိုပင်ဟေဂင် (ဒိန်းမတ်)

၃။ အဆာဒါ အက်ချဘရီးယား၊ အက်ရှ်ပေး (စပိန်)

၄။ ဂတ်ဂန်၊ ဘန်ကောက် (ထိုင်း)

၅။ ဂျရေနီယမ်၊ ကိုပင်ဟေဂင် (ဒိန်းမတ်)

၆။ စင်ထရယ် ၊ လီမာ (ပီရူး)

၇။ မူဂါဟိဇ်၊ စန် ဆီဘက်စတီယန် (စပိန်)

၈။ အာ့က်ပေးရှား၊ ပဲရစ်(ပြင်သစ်)

၉။ ဒစ်ဖရူတာ၊ ဘာစီလိုနာ (စပိန်)

၁ဝ။ မိုင်ဒို၊ လီမာ (ပီရူး)