၂၀၁၉ အိန္ဒိယ ရွေးကောက်ပွဲ မိုဒီ ရဲ့ ဟိန္ဒူ အမျိုးသားရေး ဝါဒီ ပါတီက အပြတ် အနိုင်ရ

ဓာတ်ပုံ ရင်းမြစ်, Reuters
အိန္ဒိယ နိုင်ငံ ရွေးကောက်ပွဲ ရလဒ် တွေကို ထုတ်ပြန် ကြေညာ နေရာမှာ လက်ရှိ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ ရဲ့ BJP ပါတီ က ဦးဆောင် နေပါတယ်။
လတ်တလော ထုတ်ပြန် ထားတဲ့ ရလဒ် တွေအရ BJP ပါတီ ဟာ အောက် လွှတ်တော် အမတ် နေရာ ၃၀၀ ကျော် အထိ အနိုင် ရရှိထားပြီး အသာ ရရှိ နေပါတယ်။
အိန္ဒိယ နိုင်ငံမှာ ပြီးခဲ့တဲ့ ၆ ပတ် အတွင်း ရွေးကောက်ပွဲ ကို ကျင်းပ ခဲ့ရာမှာ မဲပေးသူ လူဦးရေ သန်း ၆၀၀ ကျော် ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
လက်ရှိ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ အနေနဲ့ အဓိက အင်အားကြီး ပြိုင်ဘက် ကွန်ဂရက် ပါတီ ကို ယှဉ်ပြိုင် ရတာပါ။
ဆန္ဒမဲ ပေးမှုတွေဟာ မေလ ၁၉ ရက်နေ့၊ တနင်္ဂနွေ နေ့မှာ အဆုံးသတ် ခဲ့ပြီး ဒေသ စံတော်ချိန် ညနေ ၂ နာရီ ခွဲမှာ မဲရေတွက် မှုတွေကို စတင် ခဲ့တာလည်း ဖြစ်ပါတယ်။
ကျင်းပ ပြီးစီး သွားတဲ့ ရွေးကောက်ပွဲ ဟာလည်း ဝန်ကြီးချုပ် နာရန် ဒရာ မိုဒီ ရဲ့ အရည်အချင်း ကို စမ်းသပ်ခံတဲ့ ဆန္ဒ ခံယူ ပွဲ အဖြစ် လူတွေက ရှုမြင် ကြသလို အိန္ဒိယ နိုင်ငံ ကို ကွဲပြားမှုတွေ ဖြစ်ပေါ် စေခဲ့တဲ့ ပွဲ အဖြစ်လည်း ရှုမြင် ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟိန္ဒူ အမျိုးသားရေး ဝါဒီ BJP ပါတီဝင်တွေ ကတော့ ရွေးကောက်ပွဲ အောင်မြင်မှု အတွက် အောင်ပွဲ ခံနေကြပါတယ်။ မစ္စတာ မိုဒီ ဟာလည်း မေလ ၂၄ ရက် လာမယ့် ကြာသပတေး နေ့မှာ ဒေလီမှာ ရှိတဲ့ ပါတီ ဌာနချုပ် ကို လာရောက် ဖို့ ရှိပါတယ်။
မစ္စတာ မိုဒီ ရဲ့ BJP ပါတီက ကိုယ်စားလှယ် အရေအတွက် ၃၀၀ ကျော် နဲ့ ဦးဆောင် နေသလို၊ ရာအူး ဂန္ဒီ ဦးဆောင် တဲ့ ကွန်ဂရက် ပါတီ ကလည်း လွတ်တော် ကိုယ်စားလှယ် နေရာ ၁၀၀ ကျော် ရရှိထားပါတယ်။
အောက်လွှတ်တော်မှာ ကိုယ်စားလှယ် စုစုပေါင်း ၅၄၃ နေရာ ရှိပြီး အစိုးရ ဖွဲ့ နိုင်ဖို့ ဆိုရင် ၂၇၂ နေရာ ရရှိဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲ တုန်း ကတော့ မစ္စတာ မိုဒီ ရဲ့ BJP ပါတီ က ၂၈၂ နေရာ အနိုင် ရရှိပြီး အစိုး ရ ဖွဲ့ နိုင်ခဲ့ပါတယ်။ အဲဒီ အနိုင် ရရှိမှု ဟာ နှစ်ပေါင်း ၃၀ အတွင်းမှာ ပါတီ တစ်ခု ရဲ့ အကြီးမားဆုံး အောင်မြင်မှုလည်း ဖြစ်ပါတယ်။
လောလောဆယ်မှာ ရွေးကောက်ပွဲ ရလဒ် တွေကို ကော်မရှင် က တပြည်နယ်ချင်း အလိုက် ထုတ်ပြန်နေပြီး နောက်ဆုံး ရလဒ် တွေကို ဘယ်အချိန် ထုတ်ပြန် မလဲ ဆိုတာ မသိရသေးပါဘူး။









