၂၀၁၉ အိန္ဒိယ ရွေးကောက်ပွဲ - သိသင့်တဲ့ အချက် ၁၁ ချက်

ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဝန်ကြီးချုပ် နာရန်ဒရာမိုဒီဟာ ဘီဂျေပီပါတီအတွက် အဓိက ပုံရိပ်အဖြစ်ဆက်ရှိနေဆဲပါ
    • ရေးသားသူ, ဆိုတစ် ဘစ်စ်ဝါစ်
    • ရာထူးတာဝန်, အိန္ဒိယ သတင်းထောက်

အိန္ဒိယနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို ဧပြီလနဲ့ မေလအတွင်းမှာ အပိုင်း ခုနစ်ပိုင်း ခွဲပြီး ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

လုတ်ခ်စာဘားလို့ ခေါ်တဲ့ အောက်လွှတ်တော် ရွေးကောက်ပွဲကို ဧပြီလ ၁၁ ရက်ကနေ မေလ ၁၉ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ မဲရေတွက်တာကိုတော့ မေလ ၂၃ ရက်မှာ ပြုလုပ်မှာပါ။

မဲပေးနိုင်သူ သန်း ၉၀၀ ရှိတဲ့ ရွေးကောက်ပွဲဟာ ကမ္ဘာမှာ လူအများဆုံး မဲပေးနိုင်မယ့် ရွေးကောက်ပွဲအဖြစ် မြင်ကြရမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီရဲ့ ဘီဂျေပီပါတီဟာ အဓိက ပြိုင်ဘက်ပါတီ ဖြစ်တဲ့ ကွန်ဂရက်ပါတီ အပြင် ပြည်နယ်တွေက ဒေသခံ ပါတီတွေနဲ့ပါ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲ အနိုင်အရှုံး အဓိက အဆုံးအဖြတ် ပေးမယ့် ပြည်နယ်တစ်ခု ဖြစ်တဲ့၊ လူဦးရေ အထူထပ်ဆုံး အူတာပရာဒက်ရှ် ပြည်နယ်မှာ ဒေသခံ အင်အားကြီး ပါတီနှစ်ခုက ခေါင်းဆောင်တွေဟာ ဘီဂျေပီပါတီကို ယှဉ်ပြိုင်ဖို့ မဟာမိတ် ဖွဲ့ထားကြပါတယ်။

အောက်လွှတ်တော်မှာ ရွေးကောက်ခံ အမတ်တွေအတွက် ၅၄၃ နေရာရှိပါတယ်။ အစိုးရ ဖွဲ့နိုင်ဖို့ ဆိုရင် ပါတီတစ်ခုတည်းက ဖြစ်စေ ညွန့်ပေါင်းအစိုးရ ဖြစ်စေ အနည်းဆုံး ၂၇၂ နေရာ လွှတ်တော်ထဲ ရောက်လာဖို့ လိုပါတယ်။

အဲဒီတော့ ဒီရွေးကောက်ပွဲဟာ ဘာတွေ ထူးခြားနေလဲ

၁။ အင်မတန် ရှုပ်ထွေးနက်နဲတယ်

အိန္ဒိယ ရွေးကောက်ပွဲနဲ့ ပတ်သက်သမျှ အားလုံးဟာ ဧရာမတွေချည်းပါပဲ။ ဒါကြောင့် အိန္ဒိယရွေးကောက်ပွဲဟာ ဆင်ပြောင်ကြီးတစ်ကောင် တအိအိနဲ့ ခရီးကြမ်း စတင်လိုက်တာနဲ့ အလားတူတယ်လို့ Economist မဂ္ဂဇင်းက တင်စားခဲ့ပါတယ်။

အခု ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ် ကျော်တဲ့ မဲပေးသူ သန်း ၉၀၀ ကျော်က မဲရုံ တစ်သန်းမှာ မဲပေးကြမှာပါ။

ရာဟူးလ် ဂန္ဒီ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရာဟူးလ် ဂန္ဒီဟာ ပိုမိုပြတ်သားပြီး တက်ကြွတဲ့ ခေါင်းဆောင်အဖြစ် သူ့ကိုယ်သူ ပြောင်းလဲခဲ့ပါတယ်။

အိန္ဒိယနိုင်ငံသားတွေဟာ မဲပေးဖို့ အင်မတန် စိတ်ပါဝင်စားကြသူတွေ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က မဲလာပေးသူ ရာခိုင်နှုန်းဟာ အိန္ဒိယမှာ ရွေးကောက်ပွဲ ပထမဆုံး စလုပ်တုန်းက မဲလာပေးသူထက် များခဲ့ပြီး အိန္ဒိယရဲ့ အကြီးဆုံး အထွေထွေ ရွေးကောက်ပွဲ ဖြစ်ခဲ့ပါတယ်။ ၂၀၁၄ မှာ မဲပေးသူ ၆၆ ရာခိုင်နှုန်းရှိခဲ့ပြီး ၁၉၅၁ ခုနှစ်တုန်းက ၄၅ ရာခိုင်နှုန်း မဲပေးခဲ့ကြတာပါ။

၂၀၁၄ ရွေးကောက်ပွဲမှာ အမတ်လောင်း ၈၂၅၀ က ပါတီပေါင်း ၄၆၄ ပါတီကနေ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲဒါကလည်း ပထမဆုံး ရွေးကောက်ပွဲက အရေအတွက်ထက် စာရင် ခုနစ်ဆ ပိုများခဲ့တာ ဖြစ်ပါတယ်။

၂။ အချိန်ကြာလွန်းတယ်

မဲပေးရမယ့် နေ့တွေဟာ ဧပြီ ၁၁၊ ၁၈၊ ၂၃၊ ၂၉ ရက်နဲ့ မေ ၆၊ ၁၂ နဲ့ ၁၉ ရက် ဖြစ်ပါတယ်။

တချို့ပြည်နယ်တွေမှာ မဲပေးတာကို အကြိမ်တွေ ခွဲလုပ်ဖို့ ရှိပါတယ်။

အိန္ဒိယရဲ့ ပထမဆုံး ရွေးကောက်ပွဲကို ၁၉၅၁-၅၂ ခုနှစ်မှာ စတင် ကျင်းပခဲ့ပြီး အစအဆုံး ပြီးဖို့ သုံးလကြာခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်ကြားမှာ ရွေးကောက်ပွဲတွေဟာ ၄ ရက်ကနေ ၁၀ ရက်ကြာ လုပ်ရတဲ့ ရွေးကောက်ပွဲတွေ ဖြစ်တယ်။ ၁၉၈၀ ပြည့်နှစ်မှာ ၄ ရက်ကြာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ အိန္ဒိယ ရွေးကောက်ပွဲ သမိုင်းမှာ အတိုဆုံး ရွေးကောက်ပွဲ ဖြစ်တယ်။

ရွေးကောက်ပွဲ အတွက် အချိန်တွေ အကြာကြီး ပေးရတာဟာ မဲရုံတွေ လုံခြုံရေး ပြင်ဆင်ရလို့ ဖြစ်တယ်။

ဒေသခံ ရဲတွေက ပါတီစွဲ ရှိကြတယ်။ အဲဒါကြောင့် ပြည်ထောင်စု အစိုးရက ရဲတွေ ချထားပေးရတယ်။ အဲဒီ ရဲတပ်ဖွဲ့တွေကို သူတို့ မူလ တာဝန်တွေအစား ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံး အနှံ့ ရွှေ့ပြောင်း နေရာချထားပေးရပါတယ်။

၃။ ငွေကုန်ကြေးကျ အင်မတန်များတယ်

နိုင်ငံရေး ပါတီတွေနဲ့ အမတ်လောင်းတွေက ၂၀၁၄ ရွေးကောက်ပွဲမှာ အမေရိကန် ဒေါ်လာ ၅ ဘီလျံ သုံးခဲ့ကြတယ်လို့ အိန္ဒိယ မီဒီယာ လေ့လာရေး ဌာနက ခန့်မှန်းထားတယ်။

ရွေးကောက်ပွဲ လေ့လာသုံးသပ်သူတွေက အခုရွေးကောက်ပွဲဟာ မစ္စတာမိုဒီအတွက် လူထုထောက်ခံမှု စစ်တမ်းပဲ ဖြစ်တယ်လို့ ယုံကြည်ကြတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲ လေ့လာသုံးသပ်သူတွေက အခုရွေးကောက်ပွဲဟာ မစ္စတာမိုဒီအတွက် လူထုထောက်ခံမှု စစ်တမ်းပဲ ဖြစ်တယ်လို့ ယုံကြည်ကြတယ်။

၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲနဲ့ ကွန်ဂရက် ရွေးကောက်ပွဲတွေမှာ အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ ဘီလျံ သုံးခဲ့တာနဲ့ ယှဉ်ကြည့်မယ်ဆိုရင် အိန္ဒိယရွေးကောက်ပွဲတွေဟာ ဘယ်လောက် အကုန်အကျ များတယ်ဆိုတာ သိနိုင်ပါတယ်။

ရွေးကောက်ပွဲ အသုံးစရိတ် ဘယ်က ရလာသလဲဆိုတာ နိုင်ငံရေးပါတီတွေကို ကြေညာခိုင်းထားပေမယ့် အဲဒီလို မဖြစ်ဘဲ ဆက်ပြီး ဝေဝေဝါးဝါး ဖြစ်နေဦးမယ်။

မိုဒီ အစိုးရဟာ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲ ဘွန်း(ငွေကြေးလက်မှတ်)တွေ စတင်ထုတ်ရောင်းခဲ့ပါတယ်။ အဲဒီ စနစ်ကြောင့် စီးပွားရေး အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေဟာ သူတို့နာမည်တွေ ထုတ်ပြောစရာ မလိုဘဲ ပါတီတွေကို ငွေထောက်ပံ့ လှူဒါန်းတာ လုပ်နိုင်ပါတယ်။

အဲဒီဘွန်းကနေ အလှူရှင်တွေက အမေရိကန် ဒေါ်လာ သန်း ၁၅၀ နီးပါး သုံးခဲ့ကြတယ်။ အဲဒီထဲက အများစုဟာ ဘီဂျေပီ ပါတီဆီ ရောက်သွားတယ် လို့ အစီရင်ခံစာတွေအရ သိရတယ်။

၄။ အမျိုးသမီးတွေက အနိုင်အရှုံး အဆုံးအဖြတ်ပေးသူတွေလား

ရွေးကောက်ပွဲ သမိုင်းတစ်လျှောက် အခုနှစ် မဲပေးကြမယ့်သူတွေထဲမှာ အမျိုးသမီး ဦးရေက အမျိုးသားထက် ပိုများနိုင်ခြေ ရှိပါတယ်။

မဲပေးတဲ့ ကျား-မ ကွာခြားချက်က ပိုကျဉ်းမြောင်းလာပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက အမျိုးသမီး ၆၅ ရာခိုင်နှုန်းကျော်နဲ့ အမျိုးသား ၆၇ ရာခိုင်နှုန်း ကျော် မဲပေးခဲ့ကြပါတယ်။

၂၀၁၂ နဲ့ ၂၀၁၈ ဒေသတွင်း ရွေးကောက်ပွဲတွေတုန်းက ပြည်နယ် သုံးပုံနှစ်ပုံမှာ အမျိုးသမီး မဲပေးသူက အမျိုးသား မဲပေးသူထက် ပိုများခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေက အမျိုးသမီးတွေကို မဲဆန္ဒနယ် တစ်ခုသဖွယ် စပြီး သဘောထားခဲ့ကြတယ်။ ပညာရေး ချေးငွေ၊ ချက်ပြုတ်ဖို့ ဓာတ်ငွေ့အိုး၊ မိန်းမစီး စက်ဘီး စတာတွေ ပေးပြီး မဲဆွယ်ကြတယ်။

အမျိုးသမီး မဲပေးသူ အရေအတွက် များမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမျိုးသမီး မဲပေးသူ အရေအတွက် များမယ်

၅။ မိုဒီရဲ့ခေါင်းဆောင်မှု

မိုဒီက သူ့ရဲ့ ဘီဂျေပီ ပါတီနဲ့ သူတို့ရဲ့ မဟာမိတ်ပါတီတွေကို ၂၀၁၄ ခုနှစ် သမိုင်းဝင် ရွေးကောက်ပွဲ အနိုင်ရအောင် ဦးဆောင်ခဲ့တယ်။

ဘီဂျေပီ ပါတီ တစ်ခုတည်းက ၄၂၈ နေရာ ဝင်ပြိုင်ပြီး ၂၈၂ နေရာ အနိုင်ရခဲ့တယ်။ အဲဒါဟာ ၁၉၈၄ ခုနှစ်က စပြီး အထွေထွေ ရွေးကောက်ပွဲမှာ ပါတီ တစ်ခုတည်းက မဲအများစု ပြတ်ပြတ်သားသား အနိုင်ရတာ ဖြစ်တယ်။ မဲပေးသူတွေရဲ့ သုံးပုံတစ်ပုံဟာ ဘီဂျေပီ ပါတီကို မဲပေးခဲ့ကြတာ ဖြစ်တယ်။

အဲဒီ အံ့အားသင့်ဖွယ် အနိုင်ရမှုဟာ မိုဒီ သူ့ကိုယ်သူ ပုံဖော်တဲ့ ဆုံးဖြတ်ချက် ခိုင်မာပြီး ကြိုးကြိုးစားစား လုပ်တတ်တဲ့ အရည်အသွေးရှိတဲ့ ခေါင်းဆောင် ဖြစ်တယ် ဆိုတာ ပုံပေါ်လာစေဖို့ အများကြီး အထောက်အကူ ဖြစ်ခဲ့တယ်။ မိုဒီဟာ အကျင့်ပျက် ခြစားမှုကင်းစင်တဲ့ ပိုကောင်းတဲ့ နိုင်ငံ အဖြစ် လမ်းပြမယ်လို့ ကတိပေးခဲ့သူ ဖြစ်ပါတယ်။

သူ့ကတိတွေ အကောင်အတည်ဖော်ရာမှာ စင်းလုံးချော မဟုတ်ပေမယ့် မိုဒီဟာ သူ့ပါတီ အတွက် မဲအများဆုံး ရအောင် မဲဆွယ်ပေးတဲ့ ပုံရိပ် ဖြစ်နေဆဲပါ။ သူ့ပါတီတွင်းက ထောက်ခံမှုကိုလည်း သူရထားပါတယ်။

ထောက်ခံသူရော မုန်းတီးသူတွေပါ များတဲ့ ဝန်ကြီးချုပ်မိုဒီ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ထောက်ခံသူရော မုန်းတီးသူတွေပါ များတဲ့ ဝန်ကြီးချုပ်မိုဒီ

အတိုက်အခံတွေရဲ့ ရည်မှန်းချက်က ဝန်ကြီးချုပ် မိုဒီကိုပဲ တိုက်ခိုက်ဖို့ အဓိက ဦးတည်ပါလိမ့်မယ်။ သူဟာ တစ်ဘက်မှာ ထောက်ခံမှုရထားသလို အခြားတစ်ဘက်မှာလည်း သူ့ကို သေလောက်အောင် မုန်းတီးသူတွေ ရှိနေပါတယ်။

ဒါကြောင့် ခေါင်းဆောင်ချင်း ထိပ်တိုက် ယှဉ်ပြိုင်သလို ဖြစ်မယ့် ရွေးကောက်ပွဲအဖြစ် မြင်ကြရဖွယ် ရှိပါတယ်။ မိုဒီ အမှတ်တံဆိပ် ဆက်ပေါက်ဦးလား ဆိုတာတော့ မဲတွေရေမှသာ သိနိုင်ပါလိမ့်မယ်။

၆။ ကွန်ဂရက်ပါတီ ပြန်လာမလား

၁၃၃ နှစ်သက်တမ်း ရှိပြီ ဖြစ်တဲ့ သက်တော်ရှည် ပါတီကြီး ကွန်ဂရက်ပါတီ ချောက်ကမ်းပါး အစွန်းကနေ ပြန်တက်လာနိုင်ဦးမလား။

၂၀၁၄ ရွေးကောက်ပွဲမှာ ကွန်ဂရက်ပါတီဟာ သူတို့ပါတီ သက်တမ်းတစ်လျှောက် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၆ နေရာ ဝင်ပြိုင်ပြီး ၄၄ နေရာပဲ နိုင်ခဲ့တယ်။ မဲပေးသူအားလုံးရဲ့ ငါးပုံတစ်ပုံကသာ သူတို့ကို မဲပေးခဲ့ကြတာ ဖြစ်တယ်။

အဲဒီလို စိတ်ပျက်ဖွယ် အရှုံးက ဆက်ရှိနေပြီး ပြီးခဲ့တဲ့ လေးနှစ်အတွင်း လုပ်ခဲ့တဲ့ ပြည်နယ် ရွေးကောက်ပွဲတွေမှာ ကွန်ဂရက်ပါတီ အရှုံးတွေ့ခဲ့ပါတယ်။ ၂၀၁၈ နှစ်လယ်တုန်းက ကွန်ဂရက်ပါတီနဲ့ မဟာမိတ်တွေဟာ ပြည်နယ် သုံးခုမှာပဲ အစိုးရ ဖွဲ့နိုင်ခဲ့ပြီး ဘီဂျေပီနဲ့ မဟာမိတ်တွေကတော့ ပြည်နယ် ၂၀ အထိ အစိုးရ ဖွဲ့ နိုင်ခဲ့ပါတယ်။

ပိတ်ကားပေါ် ပြန်လာဖို့ အရှိန်ယူနေတဲ့ ကွန်ဂရက်ပါတီ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ပိတ်ကားပေါ် ပြန်လာဖို့ အရှိန်ယူနေတဲ့ ကွန်ဂရက်ပါတီ

ကွန်ဂရက်ပါတီအပေါ် ထောက်ခံမှုဟာ ဆက်ပြီး အကြာကြီး ကျသွားမယ်လို့ ထင်ရတဲ့ အခြေအနေထိ ဖြစ်ခဲ့တယ်။ ပါတီ ခေါင်းဆောင် ရာဟူးလ် ဂန္ဒီလည်း ဆိုရှယ် မီဒီယာတွေမှာ ဟာသကြီး လုံးလုံး ဖြစ်နေပါတယ်။ ရာဟူးလ် ဂန္ဒီဟာ အိန္ဒိယ နိုင်ငံရေး သမိုင်းမှာ အရေးပါတဲ့ နေရူး-ဂန္ဒီ မိသားစုကြီးရဲ့ စတုတ္ထမြောက် မျိုးဆက်ပါ။

ဒါပေမဲ့ ဒီဇင်ဘာ အရောက်မှာတော့ ပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်မယ့် အရိပ်အခြည်မျိုး တွေ့လာရပါတယ်။

ဂန္ဒီရဲ့ ဦးဆောင်မှုနဲ့ ဘီဂျေပီပါတီ နှစ်ပါင်းများစွာ အနိုင်ရခဲ့တဲ့ ပြည်နယ် နှစ်ခုကို ပြန်ရခဲ့တာ ဖြစ်ပါတယ်။

မိုဒီရဲ့ တွန်းတွန်းတိုက်တိုက် လုပ်တတ်တဲ့ ခေါင်းဆောင်မှုနဲ့ ယှဉ်ရင် ဂန္ဒီဟာ ပိုပွင့်လင်းပြီး နားလည်မှုရှိတဲ့ ခေါင်းဆောင်ပုံစံမျိုးနဲ့ နေသူပါ။ ပိုအံ့သြဖို့ ကောင်းတာက လူကြိုက်များတဲ့ သူ့ညီမ ပရီယန်ကာက ပါတီရဲ့ မဲဆွယ်လုပ်ငန်းတွေကို အားသစ် လောင်းပေးဖို့ နိုင်ငံရေး လောကထဲ ပြန်ဝင်လာတာ ဖြစ်ပါတယ်။

၇။ တုံ့နှေးနှေး စီးပွားရေး

အာရှရဲ့ တတိယအကြီးဆုံး စီးပွားရေး ဈေးကွက်ကြီးဖြစ်တဲ့ အိန္ဒိယဟာ မိုဒီအစိုးရ လက်ထက်မှာ အရှိန်ကျသွားတယ်။

လယ်ယာထုတ်ကုန်ကနေ ရတဲ့ ဝင်ငွေတွေ တန့်သွားတယ်။ စိုက်ပျိုးရေး ထုတ်ကုန်တွေ ရောင်းလိုအားက များပြီး ဈေးကျတာမျိုးတွေ ဖြစ်ခဲ့လို့ပါ။ အဲဒီလိုကနေ လယ်သမားတွေ အကြွေးနစ်ပြီး ဒေါသထွက်လာကြတယ်။

၂၀၁၆ ခုနှစ်က လုပ်တဲ့ ဒေသအခေါ် ငွေမည်းတိုက်ဖျက်ရေး လုပ်တဲ့ အငြင်းပွားဖွယ် ငွေစက္ကူတွေ ရုပ်သိမ်းမှုနဲ့ အသစ် ပြဌာန်းလိုက်တဲ့ ရှုပ်ထွေး ဆိုးရွားတဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှု အခွန်ကလည်း အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို နစ်နာစေခဲ့ပါတယ်။ တစ်နိုင်တစ်ပိုင် အသွင်ဆန်တဲ့ ပုံစံနဲ့ အိန္ဒိယ စီးပွားရေးထဲက အဲဒီလို လုပ်ငန်းငယ်တွေ အများကြီး ရပ်တန့်သွားတယ်။

ပို့ကုန်တွေ ကျသွားတယ်။ အလုပ်လက်မဲ့တွေ ပိုများလာတယ်။ မိုဒီဟာ အဲဒီလို အနုတ်ပြနေတဲ့ အချက်အလက်တွေကို ထိမ်ချန်ထားတယ်လို့ စွပ်စွဲခံနေရတယ်။ ပိုဆိုးတာက အိန္ဒိယ အစိုးရပိုင် ဘဏ်တချို့ ထုတ်ချေးထားတဲ့ ငွေတွေနဲ့ နစ်နေတာပါ။

၂၀၁၆ ခုနှစ် ငွေမည်း တိုက်ဖျက်ရေးမှာ ငွေစက္ကူအားလုံးရဲ့ ၈၆ ရာခိုင်နှုန်းကို တရားမဝင် ကြေညာခဲ့တယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၆ ခုနှစ် ငွေမည်း တိုက်ဖျက်ရေးမှာ ငွေစက္ကူ အားလုံးရဲ့ ၈၆ ရာခိုင်နှုန်းကို တရားမဝင် ကြေညာခဲ့တယ်

ငွေကြေး ဖောင်းပွမှုကိုတော့ ထိန်းချုပ်ထားတယ်။ အစိုးရက အခြေခံ အဆောက်အဦတွေ အတွက်နဲ့ အများပြည်သူ အတွက် သုံးစွဲတဲ့ နေရာမှာ ငွေပိုသုံးခဲ့လို့ စီးပွားရေး ရှေ့ဆက်နိုင်ခဲ့တယ်။ အခုဘဏ္ဍာနှစ်မှာ စီးပွားရေး တိုးတက်မှု ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိမယ်လို့ မျှော်မှန်းထားတယ်။

တကယ်တော့ အိန္ဒိယက သန်းပေါင်းများစွာသော သူတွေကို ဆင်းရဲတွင်းက ဆွဲထုတ်ဖို့ဆိုရင် ဂျီဒီပီက ၇ ရာခိုင်နှုန်းထက် ပိုမြန်မြန် တိုးတက်ဖို့ လိုနေပါတယ်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုက တိုးတက်နေပါတယ်လို့ မိုဒီကတော့ ပြောပါတယ်။ ပြည်သူတွေက သူ့ကို ဆက်သည်းခံကြဦးမလား ဆိုကတော့ ရွေးကောက်ပွဲက သက်သေပြပါလိမ့်မယ်။

၈။ နိုင်ငံရေးပါတီတွေ အများကြိုက်နောက်လိုက်လာသလား

မိုဒီအစိုးရက လယ်သမားတွေလက်ထဲ ငွေတိုက်ရိုက် ရောက်အောင် လုပ်ပေးတာနဲ့ စိုက်ပျိုးချေးငွေ လျှော်ပေးတာတွေ လုပ်ခဲ့တယ်။ ဘာသာရေးနဲ့ ဇာတ်ခွဲခြားမှုတွေကြောင့် အခွင့်အလမ်း ပိုနည်းနေသူတွေအတွက် အလုပ်နေရာ ခွဲတမ်းတွေ ပေးမယ်လို့ ကတိပေးခဲ့တယ်။

ရာဟူးလ် ဂန္ဒီကတော့ သူအစိုးရ ဖွဲ့နိုင်ရင် ဆင်းရဲသူတွေ အတွက် အနိမ့်ဆုံး ဝင်ငွေတစ်ရပ်ကို အာမခံ ပေးမယ်လို့ ဆိုတယ်။

တခြားပါတီတွေကတော့ တီဗီတွေ၊ လက်ပ်တော့တွေ အခမဲ့ ပေးမယ်လို့ မက်လုံးပေးကြတယ်။

၉။ မျိုးချစ်ဝါဒက ပြန်ထိန်းကျောင်းသွားမလား

မိုဒီရဲ့ ပြင်းထန်တဲ့ မျိုးချစ်ဝါဒနဲ့ လူများစု ဦးစားပေး နိုင်ငံရေး အယူအဆတွေကြောင့် အိန္ဒိယ နိုင်ငံရေး အကွဲအပြဲ နက်ရှိုင်းခဲ့တယ်လို့ ဝေဖန်သူတွေက ပြောတယ်။

ဒါပေမဲ့ မိုဒီ ထောက်ခံသူတွေကတော့ အဲဒါတွေက ပိုအားကောင်းပြီး သူ့တို့ပါတီ ပိုစည်းလုံးစေတယ်လို့ ဆိုတယ်။ ဟိန္ဒူအများစု နေတဲ့ အိန္ဒိယနိုင်ငံအနေနဲ့ ဟိန္ဒူတွေကို အဓိကထား စဉ်းစားတဲ့ နိုင်ငံရေးက မမှားဘူးလို့ သူတို့က ယုံကြည်ကြတယ်။

အစွန်းရောက် ဟိန္ဒူဝါဒ ကျင့်သုံးသူတွေကို ဝေဖန်သူတွေကို မျိုးချစ်စိတ် မရှိသူတွေလို့ တံဆိပ်တပ် ခံရတယ်။

သန်း ၁၇၀ ရှိတဲ့ မူဆလင်တွေကို လူနည်းစုလို့ မြင်နေကြတယ်။ အောက်လွှတ်တော်မှာ ဘီဂျေပီပါတီက မူဆလင် အမတ် တစ်ယောက်မှ မရှိဘူး။ ၂၀၁၄ ခုနှစ်က သူတို့ပါတီက ၇ ယောက် ဝင်ပြိုင်ခဲ့ပေမဲ့လည်း အကုန်လုံးရှုံးခဲ့တယ်။

၁၀၊ အိန္ဒိယ-ပါကစ္စတန် တိုက်ခိုက်မှုက မိုဒီရဲ့ ခပ်မာမာပုံစံ ပုံရိပ်ကို ပိုအားကောင်းစေသလား

ဖေဖော်ဝါရီလကုန်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန် လေကြောင်းတိုက်ခိုက်မှုက အမျိုးသားရေး ပိုလှုပ်နှိုးသလို ဖြစ်ခဲ့တယ်။

အိန္ဒိယမြေကို ထိပါးတာတို့ ပါကစ္စတန်အခြေစိုက် စစ်သွေးကြွတွေက ရန်စတာမျိုးလုပ်ရင် လက်တုံ့ပြန်ဖို့ နှောင့်နှေးနေမှာ မဟုတ်ဘူးလို့ မိုဒီက ရှင်းရှင်းလင်း ပြောထားတယ်။ မိုဒီက အမျိုးသား လုံခြုံရေးကို အဓိကထား မဲဆွယ်မယ်ဆိုတာ သိသိသာသာ မြင်နေရတယ်။

ဘီဂျေပီကို အနိုင်ရဖို့ အတိုက်အခံပါတီတွေ အချင်းချင်း ပူးပေါင်းလိုက်ကြတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဘီဂျေပီကို အနိုင်ရဖို့ အတိုက်အခံပါတီတွေ အချင်းချင်း ပူးပေါင်းလိုက်ကြတယ်။

၁၁။ ဘယ်ပြည်နယ်က ရွေးကောက်ပွဲ အနိုင်အရှုံးအဆုံးအဖြတ်ပေးမလဲ

အိန္ဒိယ နိုင်ငံရေးမှာ နိုင်ငံမြောက်ပိုင်းက အူတာပရာဒက်ရှ် ပြည်နယ်က အလွန်အရေးပါတယ်။

လူခြောက်ယောက်မှာ တစ်ယောက်က အဲဒီ ပြည်နယ်မှာနေကြတယ်။ အဲဒီ ပြည်နယ်ကနေ အမတ် ၈၀ ရွေးပေးမှာ ဖြစ်တယ်။ ပြီးတော့ အဲဒီ ပြည်နယ်က လူမှုရေး အသိုင်းအဝိုင်းတွေ အကွဲပြားဆုံး ပြည်နယ်လည်း ဖြစ်တယ်။

အဲဒီ ပြည်နယ်မှာ ၂၀၁၄ ရွေးကောက်ပွဲမှာ ဘီဂျေပီက နေရာ ၈၀ မှာ ၇၁ နေရာတောင် နိုင်ခဲ့တယ်။ မိုဒီရဲ့ လူကြိုက်များမှုနဲ့ လူတန်းစား အလွှာစုံရဲ့ ထောက်ခံမှုကြောင့် ဒေသတွင်းက အင်အားကြီး ပါတီတွေကို အနိုင်ယူနိုင်ခဲ့တယ်။

သန်းပေါင်းများစွာသော ဇာတ်နိမ့်တွေလို့ ဆိုသူတွေကို ကိုယ်စားပြုတဲ့ ပါတီနဲ့ ဆိုရှယ်လစ်ပါတီလို့ လက်တွဲလိုက်ကြပြီး အခုရွေးကောက်ပွဲမှာ အစိုးရဖွဲ့ဖို့ ဘီဂျေပီ ပါတီ သွားမယ့် ခရီးကို တားကြမှာဖြစ်တယ်။ သူတို့က အခုရွေးကောက်ပွဲမှာ အမတ်နေရာ ၅၀ မက နိုင်မယ်လို့ မျှော်လင့်ထားကြတယ်။