ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဝန်ကြီးချုပ် ထရီဆာမေ ၁၉မဲ နဲ့ ကပ်နိုင်
ဗြိတိန် အစိုးရအပေါ် အယုံအကြည်မရှိ အဆိုကို အတိုက်အခံ လေဘာပါတီက ပါလီမန်မှာ တင်ခဲ့ပြီး မဲခွဲဆုံးဖြတ်ရာမှာ အစိုးရက အနိုင်ရရှိသွား ပါတယ်။
ဗြိတိန် အစိုးရကို ထောက်ခံမဲ ၃၂၅ မဲပေးခဲ့ပြီး ဆန့်ကျင်မဲ ၃၀၆ မဲ ပေးခဲ့ကြတာ ဖြစ်ပါတယ်။ အတိုက်အခံတွေ တင်သွင်းတဲ့ အယုံအကြည်မရှိ အဆိုကို စကော့တစ်ရှ် အမျိုးသား ပါတီ၊ လစ်ဘရယ် ဒီမိုကရက်တွေက ထောက်ခံခဲ့ကြပါတယ်။
ဗြိတိန် ဥရောပသမဂ္ဂအဖွဲ့(အီးယူ)ကနေ နုတ်ထွက်ရေး ဝန်ကြီးချုပ် ထရီဆာမေနဲ့ အီးယူအကြားရယူထားတဲ့ ဘရက်ဇစ် သဘောတူညီချက်ကို ဗြိတိန်ပါလီမန်ကနေ မဲခွဲဆုံးဖြတ်ပြီး ဇန်နဝါရီ ၁၅ရက်နေ့က ကန့်ကွက်ပယ်ချ လိုက်ပါတယ်။
ဒီလို ကန့်ကွက်ပယ်ချပြီးတဲ့နောက် အတိုက်အခံ လေဘာပါတီက ဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိ အဆိုကို ပါလီမန်မှာ တင်ခဲ့ပြီး အခုလို မဲခွဲဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
အခု အယုံအကြည်မရှိတဲ့အဆိုကို အနိုင်ရပြီးတဲ့နောက် ဝန်ကြီးချုပ် ထရီဆာမေက တခြားပါတီခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြောဆိုပြီး လွှတ်တော်အမတ်တွေ ထောက်ခံမယ့် ဘရက်ဇစ် သဘောတူညီချက်ကို ညှိနှိုင်းသွားမယ်လို့ ပြောပါတယ်။
ဒီတာဝန်က လွှတ်တော်ထဲမှာရှိတဲ့သူတွေ အားလုံး အတူထမ်းဆောင်ရ မယ်လို့ ယုံကြည်တာကြောင့် အဆင့်မြင့် လွှတ်တော် အမတ်တွေနဲ့ အစိုးရ ကိုယ်စားလှယ်တွေနဲ့ လာမယ့် ရက်တွေမှာ ဆွေးနွေးသွားဖို့ရှိသလို တခြား ပါလီမန်က သက်ဆိုင်တဲ့သူတွေနဲ့တော့ တဦးချင်းစီ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ချင်တယ်လို့ သူက ပြောပါတယ်။
အတိုက်အခံခေါင်းဆောင် ဂျယ်ရမီ ကိုဘင်က အပြုသဘောဆောင်တဲ့ ဆွေးနွေး တာတွေ မလုပ်ခင်မှာ အီးယူနဲ့ သဘောတူညီချက်မယူဘဲ နုတ်ထွက်ဖို့ကိစ္စ ရှောင်ရှားဖို့ လိုတယ်လို့ ပြောပါတယ်။
အီးယူကနေ သဘောတူညီချက်မယူဘဲ ထွက်ရင် ဖြစ်လာနိုင်တဲ့ ကစဉ့်ကလျား အခြေအနေတွေနဲ့ ပတ်သက်ပြီး အစိုးရက ရှင်းရှင်းလင်းလင်း လုပ်ရမယ်လို့ မစ္စတာ ကိုဘင်က ပြောပါတယ်။
စကော့တစ်ရှ်အမျိုးသားပါတီ ခေါင်းဆောင်က ထရီဆာမေက စကားပြောဖို့ ကမ်းလှမ်းချက်ကို ကြိုဆိုလိုက်ပြီး အစိုးရနဲ့အပြုသဘောဆန်ဆန် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်မေရဲ့ အာဏာရ ကွန်ဆာဗေးတစ်ပါတီအမတ်တွေက စည်းလုံး ညီညွတ်မှုကို ပြသခဲ့ပြီး လွှတ်တော်အမတ် ၃၁၄ ဦးစလုံး အစိုးရကို ထောက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် ဘရက်ဇစ်နဲ့ပတ်သက်ပြီး ဘယ်လို ရှေ့ဆက်မလဲ ဆိုတဲ့အပေါ်မှာ သဘောထားကွဲလွဲနေဆဲ ဖြစ်ပါတယ်။