ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယနိုင်ငံမှာ ဓမ္မတာလာနေလို့ သီးခြားခွဲ ထားခံရတဲ့ မိန်းကလေး မုန်တိုင်းအတွင်း သေဆုံး
အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီလ် နာဒူးပြည်နယ်က ရွာတရွာမှာ ဓမ္မတာ လာနေလို့ အိမ်အပြင်က တဲတတဲမှာ သတ်သတ် ခွဲခံရတဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် တဦး မုန်တိုင်းအတွင်း သေဆုံးသွားခဲ့တဲ့အတွက် ရွာသူရွာသားတွေ ဝမ်းနည်း ပူဆွေးနေကြပါတယ်။
ဗီဂျာယာလက်ရှမီး ဆိုတဲ့ အဲဒီ မိန်းကလေးဟာ ဂါဂျာ ဆိုင်ကလုန်း မုန်တိုင်း ကျရောက်ချိန်မှာ တယောက်တည်း တဲထဲမှာ ပိတ်မိပြီး သေဆုံးခဲ့တာလို့ သူ့မိသားစုက ဘီဘီစီကို ပြောပြပါတယ်။
ဗီဂျာယာလက်ရှမီးရဲ့ မိသားစုက မုန်တိုင်း လာတော့မယ် ဆိုတာ သိပေမယ့် ရွာနဲ့ အလှမ်းဝေးတဲ့ အုန်းတောထဲမှာ နေကြတဲ့အတွက် ဗီဂျာယာလက်ရှမီးကို သူတို့အိမ်နားက တဲတတဲမှာပဲ ခွဲထားခဲ့တာလို့ ဆိုပါတယ်။
မုန်တိုင်းအတွင်း တဲပေါ်ကို အုန်းပင်ပြိုကျခဲ့ပြီး အထဲမှာ ပိတ်မိနေခဲ့တဲ့ ဗီဂျာယာလက်ရှမီးကို ရွာသားတွေ ရောက်လာမှ ကယ်ထုတ်ပြီး ဆေးရုံကို ပို့ခဲ့ပေမယ့် ဆေးရုံအရောက်မှာ အသက် မရှိတော့ပါဘူး။
တမီလ် နာဒူးပြည်နယ်မှာ ဂါဂျာ ဆိုင်ကလုန်းကြောင့် အနည်းဆုံး လူ ၄၆ ဦး သေဆုံးခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ဓမ္မတာ လာနေတဲ့ မိန်းကလေးတွေကို ခွဲထားလေ့ ရှိတဲ့ ရှေးရိုးဓလေ့ကို ပြန်ပြင်ဖို့ သတိပေး လိုက်သလိုပဲလို့ ဒေသခံ တချို့က ပြောပါတယ်။
ဓမ္မတာ လာနေတဲ့ အမျိုးသမီးတွေဟာ မသန့်ရှင်းဘူးလို့ အိန္ဒိယနိုင်ငံက ကျေးလက်ဒေသ အတော်များများမှာ ယုံကြည်ထားကြတာ ဖြစ်ပြီး ဆင်းရဲ ချမ်းသာမရွေး မိသားစုအတော်များများက ဒီရှေးရိုးထုံးစံအတိုင်း ဓမ္မတာ လာတဲ့ အမျိုးသမီးတွေကို မိသားစုနဲ့ တအိမ်ထဲမှာ မထားဘဲ ခွဲပြီး အပြင်မှာ အိပ်ခိုင်းလေ့ ရှိပါတယ်။
ဓမ္မတာ လာနေချိန်မှာ ဟိန္ဒူ ဘုရားကျောင်းတွေ၊ မွတ်ဆလင် ဗလီကျောင်းတွေထဲလည်း သွားခွင့် မရှိပါဘူး။
အခုအခါမှာတော့ အိန္ဒိယနိုင်ငံက ပြည်နယ်တချို့မှာ ဒီရှေးရိုးထုံးစံကို ပယ်ဖျက်ဖို့ ကြိုးစားမှုတွေ ရှိလာနေပြီ ဖြစ်ပါတယ်။