၂၀၁၅ မှာ သဘောတူညီ ခဲ့တဲ့ အီရန် နျူကလီးယား ဖျက်သိမ်းရေး စာချုပ်အရ ပိတ်ဆို့မှုရုပ်သိမ်းထားတာကို အမေရိကန်ပယ်ဖျက်

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရန် နိုင်ငံ အနေနဲ့ လုံးလုံးလျားလျား ပြောင်းလဲ မှုတွေ မလုပ်မခြင်း အရေးယူ ပိတ်ဆို့မှုတွေကို မရပ်မနား လုပ်ဆောင် သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွန်ပီယို က သတိပေး ပြောဆို လိုက်ပါတယ်။
၂၀၁၅ ခုနှစ်မှာတုန်း က သဘောတူညီ ထားခဲ့တဲ့ အီရန်ရဲ့ နျူကလီးယား ဖျက်သိမ်းရေး စာချုပ်အရ အရေးယူ ပိတ်ဆို့မှု တွေဖယ်ရှား ထားတာ ကို လက်ရှိ အမေရိကန် အစိုးရ က ပယ်ဖျက် လိုက်တဲ့ အပေါ်မှာ သူက အခုလို ပြောဆို လိုက်တာ ဖြစ်ပါတယ်။
ဒါပေမယ့် အီရန် သမ္မတ ဟာဆန် ရိုဟာနီ ကတော့ သူ့ နိုင်ငံ အနေနဲ့ ရေနံ ထုတ်ကုန် တွေ ကို ဆက်လက် ရောင်းချ သွားမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ အီရန် အနေနဲ့ ပိတ်ဆို့ အရေးယူမှု တွေကနေ ဖောက်ထွက် နိုင်မှာ ဖြစ်တယ်လို့လည်း စီးပွားရေး ဆိုင်ရာ အစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ သူက ပြောကြား ခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွန်ပီယို ကတော့ အီရန် အစိုး ရ အနေနဲ့ နိုင်ငံ တရားမဝင် အစိုးရ အဖြစ် ကနေ ၁၈၀ ဒီဂရီ အချိုးအကွေ့ နဲ့ ပြုပြင် ပြောင်းလဲမှု လုပ်မလား ဒါမှမဟုတ် စီးပွားရေး ပြိုလဲ တာကို မြင်ချင် လား ဆိုပြီးတော့ သတင်းထောက် တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောဆို လိုက်ပါတယ်။
နောက်ပြီး နိုင်ငံပေါင်း ၂၀ ကျော် ကလည်း အီရန် နိုင်ငံကနေ ရေနံ ဝယ်ယူမှု မလုပ်ဖို့ သဘောတူညီ ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ လောလောဆယ် မှာ အီရန် ရဲ့ ရေနံ တင်ပို့မှုက တနေ့ကို ရေနံစိမ်း စည် တသန်း တင်ပို့ နေမှု ကနေ လျော့ကျသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
၂၀၁၅ ခုနှစ် နျူကလီးယား စာချုပ် ကို သဘောတူညီ ထားခဲ့တဲ့ ဥရောပ သမဂ္ဂ ကတော့ အမေရိကန် ရဲ့ ပိတ်ဆို့မှုကို ရှောင်လွှဲပြီး အီရန်ရဲ့ စီးပွားရေး ကို ကူညီ မယ်လို့တော့ ပြောဆိုပါတယ်။ ဒါပေမယ့် ဒါကလည်း အောင်မြင်ဖို့ ရာခိုင်နှုန်း နည်းတယ်လို့ လေ့လာသူတွေက သံသယ ရှိနေကြပါတယ်။
၂၀၁၈ ခုနှစ် အစောပိုင်း တုန်း က အီရန်နဲ့ ချုပ်ဆို ထားတဲ့ နျူကလီးယား သဘောတူညီမှု ဟာ အဆိုးဆုံး သဘောတူညီမှု အဖြစ် ပြစ်တင် ဝေဖန် ထားခဲ့တာပါ။
၂၀၁၅ ခုနှစ်တုန်း က နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ အီရန် ရဲ့ နျူကလီယား ထုတ်လုပ်မှု တွေကို ထိန်းချုပ်ဖို့ အတွက် ပိတ်ဆို့ အရေးယူမှုတွေကို ဖယ်ရှား ပေးဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာ အနုမြူ ကာကွယ် တားဆီးရေး အေဂျင်စီ IAEA ကတော့ အီရန် အနေနဲ့ သဘောတူ စာချုပ် အတိုင်း လုပ်ဆောင် ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သမ္မတ ဒေါ်နယ် ထရမ့် အစိုးရ က အီရန်နဲ့ နျူကလီးယား အရေး ကို နောက်ထပ် ဆွေးနွေးဖို့ ဆန္ဒ ရှိနေခဲ့တာဖြစ်ပါတယ်။ နောက်ပြီး အီရန် အစိုးရ အနေနဲ့ အွန်လိုင်း တိုက်ခိုက်မှုတွေမှာ မပါဝင်ဖို့၊ ပြီးတော့ တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်မှုတွေ မလုပ်ဖို့ နဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေကို မထောက်ပံ့ဖို့ တောင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အီရန် အနေနဲ့ အရှေ့အလယ်ပိုင်းမှာ မတည်မငြိမ် ဖြစ်အောင် လုပ်ဆောင် နေတာတွေ ရပ်တန့်ဖို့ နဲ့ ဆီးရီယား သမ္မတ ဘာရှာ အာဆတ် ကို ထောက်ပံ့ မှုတွေ မလုပ်ဆောင်ဖို့ အမေရိကန် တို့က တောင်းဆို ထားပါတယ်။
နောက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရုံးရဲ့ အဆိုအရ အီရန် ဟာ အရှေ့ အလယ်ပိုင်းမှာ မတည်မငြိမ် ဖြစ်အောင် လုပ်ဆောင်ဖို့ အကြမ်းဖက် အဖွဲ့အစည်းတွေကို ၂၀၁၂ ခုနှစ် ကတည်းက ငွေကြေး ဒေါ်လာ ၁၆ ဘီလီယံ ထောက်ပံ့ခဲ့တယ်လို့ စွပ်စွဲ ပြောဆို ထားပါတယ်။ ဒါပေမယ့် အမေရိကန် ရဲ့ စွပ်စွဲ ပြောဆိုမှုတွေကိုတော့ အီရန် တို့ ဘက် က ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လတုန်း က အမေရိကန် နိုင်ငံဟာ အီရန် အပေါ်မှာ အရေးယူ ပိတ်ဆို့မှု အများအပြား ကို ထပ်မံ ပြုလုပ်ခဲ့ပြီး အဲဒီ အထဲမှာ လူ ၇၀၀ ကျော် ပါဝင် ပါတယ်။ နောက်ပြီး ရေနံတင်ပို့တဲ့ ကုမ္ပဏီတွေ၊ ဘဏ်လုပ်ငန်း တွေ နဲ့ ရေကြောင်း ပို့ဆောင်ရေး ကုမ္ပဏီတွေကိုပါ ပိတ်ဆို့မှုတွေ ချမှတ် ခဲ့ပါတယ်။
အီရန် နိုင်ငံရဲ့ နိုင်ငံတကာ ငွေကြေး လည်ပတ် မှုတွေကို ရပ်တန့် နိုင်ဖို့ အတွက် ဘယ်လ်ဂျီယံ နိုင်ငံမှာ ရှိတဲ့ ဘဏ်လုပ်ငန်း တခုကလည်း အီရန် နဲ့ အဆက်အသွယ် ဖြတ်တောက်မယ် ဆိုပြီး ပြောဆိုထားပါတယ်။
ဒါပေမယ့် ဒေါ်နယ် ထရမ့် အစိုးရ ဟာ အီရန် နဲ့ ရေနံ ရောင်းဝယ်ရေး လုပ်နေတဲ့ တရုတ်၊ အိန္ဒိယ၊ အီတလီ၊ ဂရိ၊ ဂျပန်၊ တောင်ကိုရီးယား၊ တိုင်ဝမ် နဲ့ တူရကီ စတဲ့ နိုင်ငံ ခြောက် နိုင်ငံ ကိုတော့ ပိတ်ဆို့မှု စာရင်း ကနေ ချန်လှပ် ထားခဲ့ပါတယ်။ ဒီစာရင်း အရ အီရန် နဲ့ တရုတ် နိုင်ငံတို့ ဟာ ကြီးမားတဲ့ ကုန်သွယ်ဖက် နိုင်ငံ အဖြစ် ဆက်လက် ရှိနေမှာ ဖြစ်ပါတယ်။









