အီရန်ဟာ စစ်ရေးအရ တိုက်ရိုက် ရန်စလိုက်တာလို့ ဆော်ဒီပြော

ဓာတ်ပုံ ရင်းမြစ်, AlMASIRAH
ယီမင်နိုင်ငံမှာ ရှိတဲ့ သူပုန်တွေကို အီရန်နိုင်ငံက မစ်ဆိုင်းဒုံးတွေ ထောက်ပံ့တာဟာ စစ်ရေး အရ တိုက်ရိုက် ရန်စလိုက်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက်ဒ် ဘင် ဆယ်လ်မန်က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
စနေနေ့တုန်းက ပဲ့ထိန်းစနစ်နဲ့ ပစ်လွှတ်လိုက်တဲ့ မစ်ဆိုင်းဒုံးတခုကို ဆော်ဒီ အာရေဗျမြို့တော် ရီယက်ဒ်မြို့နားမှာ ကြားဖြတ် တားဆီးခဲ့ရပါတယ်။
ယီမင် အစိုးရ ထောက်ခံအားပေးပြီး ဆော်ဒီ ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ ဟူသီ သူပုန်တွေကို လက်နက်ထောက်ပံ့ပေးတာမျိုး မရှိဘူးလို့ အီရန်အစိုးရက ငြင်းဆိုထားပါတယ်။
ဆော်ဒီနဲ့ အီရန် အစိုးရတို့ဟာ ဒေသတွင်း မှာ သြဇာ အာဏာ လုနေကြပြီး စစ်အေးတိုက်ပွဲ ဆင်နွဲနေကြတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ဆိုဗီယက် စစ်အေးတိုက်ပွဲလိုပဲ အဲဒီ နှစ်နိုင်ငံက တနိုင်ငံနဲ့ တနိုင်ငံ တိုက်ရိုက် တိုက်ခိုက်မှုတွေ မလုပ်ကြပေမယ့် သူတို့ရဲ့ ကြားခံ နိုင်ငံတွေ တခြား စစ်မြေပြင်မှာ တိုက်နေကြတာပါ။
အီရန်ရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ ဆော်ဒီက ယီမင်နိုင်ငံအရေးထဲ ဝင်စွက်ခဲ့ပေမယ့် ဆော်ဒီ တပ်ဖွဲ့တွေအတွက် အရှုပ်တော်ပုံ နွံထဲ ဆင်းမိရက်သား ဖြစ်ခဲ့ရပါတယ်။
ရှီအာ ကြီးစိုးတဲ့ အစိုးရ ရဲ့ နီးစပ်တဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ အီရတ်နိုင်ငံမှာ အီရန်ရဲ့ သြဇာ ကြီးမားလာနေပြီး ဆီးရီးယားမှာလည်း အာဆာ့ဒ် အစိုးရ ခိုင်မာ တည်ငြိမ်အောင် အကူအညီတွေ ပေးနေတဲ့အတွက် အီရန်က မျက်နှာပန်းလှနေပါတယ်။
ဆီးရီးယား သူပုန်တွေကို အကူအညီပေးနေတဲ့ ဆော်ဒီအစိုးရကတော့ ဘာမှ အကျိုးမဖြစ်ထွန်းခဲ့ပါဘူး။
အခုတော့ ဆော်ဒီ အစိုးရအနေနဲ့ အီရန်ရဲ့ မဟာမိတ်နိုင်ငံတွေကို ပိုအာရုံစိုက်လာနေပုံ ရပြီး ဒီတခါမှာတော့ ဟက်ဇ်ဘိုလာတွေ အမြစ်တွယ် ခြေကုပ်ယူထားတဲ့ လက်ဘနွန်နိုင်ငံဘက်ကို လှည့်လာပါတယ်။
ဒါပေမယ့်လည်း ထိလွယ်ရှလွယ်အခြေအနေမျိုးမှာ ရှိနေတဲ့ လက်ဘနွန်နိုင်ငံကို သွားဆွဖို့က သိပ် အန္တရာယ် ကြီးလွန်းနေပြီး အစ္စရေးနဲ့ ဟက်ဇဘိုလာတွေအကြား တကယ့် စစ်ပွဲကြီးတခု ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေမျိုး အထိ ဖြစ်လာနိုင်တယ်လို့ ဘီဘီစီသတင်းထောက် Jonathan Marcus က သုံးသပ်ထားပါတယ်။








