အရေပြားကင်ဆာ ကုနည်းသစ်တွေ့သူတွေ ဆေးပညာ နိုဘယ်ဆုရ

၂၀၁၈ ခုနှစ်အတွက် ဆေးပညာနဲ့ ခန္ဓာဗေဒ ဆိုင်ရာ နိုဘယ်ဆုကို ကိုယ်ခံအားစနစ်ကို ပြန်သုံးပြီး ကင်ဆာကုနည်း ပူးတွဲ တွေ့ရှိခဲ့တဲ့ ဆေးပညာ ပါမောက္ခ နှစ်ဦးဖြစ်တဲ့ အမေရိကန်က ဂျိမ်းမ်စ် အဲလစ်ဆင်နဲ့ ဂျပန်က တာဆူကူ ဟွန်ဂျိုတို့ ရရှိသွားပါတယ်။

မစ္စတာ အဲလစ်ဆင်ဟာ အမေရိကန် တက္ကဆက် တက္ကသိုလ်က ဖြစ်ပြီး မစ္စတာ ဟွန်ဂျိုကတော့ ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်က ဖြစ်ပါတယ်။

ကိုယ်ခံအားစနစ်က ပိုင်ရှင် ခန္ဓာကိုယ်မှာ ရှိနေတဲ့ ကင်ဆာ အကျိတ်ကို ကိုယ်တွင်း အင်္ဂါအဖြစ်နဲ့ ယူဆလို့ မတိုက်ခိုက်ဘဲ ဖြစ်နေတာကို ပရိုတိန်း အသားဓာတ် ပြုပြင်တဲ့နည်းလမ်းနဲ့ ကင်ဆာ အကျိတ်ကို တိုက်ခိုက်အောင် မစ္စတာ အဲလစ်ဆင်နဲ့ မစ္စတာ ဟိုဂျိုတို့က လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို တွေ့ရှိမှုကြောင့် အရေပြား ကင်ဆာသက် ရင့်နေသူတွေအတွက်နဲ့ ကုလို့မရ ဖြစ်နေတဲ့ အခြေအနေအတွက် ဆေးဝါးသစ် စမ်းသပ်မှုတွေ ဖြစ်ပေါ်လာစေခဲ့ပြီး လူနာတွေအတွက် မျှော်လင့်ချက် ရှိစေခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကုသနည်းဟာ လူတိုင်းမှာတော့ ထိရောက်မှု မရှိသေးပေမယ့် ကင်ဆာအကျိတ်တွေ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားတဲ့ လူနာတွေမှာတောင် မကြုံစဖူး အကျိတ်တွေ လုံးဝပျောက်သွားအောင် လုပ်နိုင်တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။

အခုလို ကိုယ်တွင်း ခုခံအား အသုံးပြုတဲ့ စနစ်ကို ကင်ဆာရောဂါရင့်နေတဲ့ လူနာတွေမှာလည်း စတင် အသုံးပြုနေပြီ ဖြစ်ပါတယ်။

လူတိုင်းမှာရှိတဲ့ ကိုယ်တွင်းခုခံအားစနစ်ကို သုံးတဲ့ အဲဒီ ကုသနည်းကြောင့် melanoma အရေပြား ကင်ဆာသက် ရင့်နေသူတွေ အပါအဝင် ကုစရာ နည်းလမ်း ကုန်သွားတဲ့ အဆုတ်နဲ့ ကျောက်ကပ် ကင်ဆာသက်ရင့်သူတွေ အတွက်လည်း မျှော်လင့်ချက် ရောင်ခြည်သန်းသွားစေခဲ့လို့ ဆုရသူတွေကို ကျေးဇူးတင် ဂုဏ်ပြုပါတယ်လို့ ယူကေ ကင်ဆာ သုတေသန အဖွဲ့က ပါမောက္ခ ချားလ်စ် ဆွမ်တန်က ဘီဘီစီကို ပြောပါတယ်။

ကိုယ်ခံအား စနစ် သုံးပြီး ရောဂါကုသရေး လေ့လာမှုတွေဟာ အခုမှ အစပဲ ရှိသေးတဲ့အတွက် နောက်ထပ် ဘယ်လို တိုးတက်မှုနဲ့ ကုသရေး အခွင့်အလမ်းတွေ တိုးလာမလဲ ဆိုတာ စိတ်လှုပ်ရှားစရာပဲလို့ သူက ပြောပါတယ်။

အခုလို ဆုရရှိသူ မစ္စတာ အဲလစ်ဆင်နဲ့ မစ္စတာ ဟိုဂျိုတို့ဟာ အမေရိကန် ဒေါ်လာ တသန်းလောက်နဲ့ ညီမျှတဲ့ ဆွီဒင် ကရိုနာငွေ ကိုးသန်းကို ခွဲဝေ ရရှိမှာ ဖြစ်ပါတယ်။

ကဏ္ဍအလိုက် နိုဘယ်ဆုတွေကို နှစ်စဉ် ချီးမြှင့်နေရာမှာ ဆေးပညာဆိုင်ရာဆုကို ပထမဆုံး ပေးအပ်တာ ဖြစ်ပါတယ်။

လတ်တလော နှစ်များအတွင်း ဆေးပညာ နိုဘယ်ဆုရှင်များနဲ့ သူတို့ရဲ့ တွေ့ရှိချက်များ

၂၀၁၇ - ဂျက်ဖရီဟော၊ မိုက်ကယ် ရော့စ်ဘတ်စရှ်နဲ့ မိုက်ကယ် ယန်းတို့က ခန္ဓာကိုယ်ရဲ့ ဇီဝ နာရီလို့ခေါ်တဲ့ တနေ့တာ အချိန်နဲ့အညီ ကိုယ်အင်္ဂါတွေ အလုပ်လုပ်ပုံကို တွေ့ရှိ။

၂၀၁၆ - ရိုရှီနိုရီ အိုဆူမီက ခန္ဓာကိုယ်က ဆဲလ်တွေရဲ့ ဆဲလ်အသေရှင်းလင်းမှု ဆိုင်ရာ မျိုးရိုးဗီဇကို တွေ့ရှိ။

၂၀၁၅ - ဝီလီယံ ကမ်းဘဲ၊ ဆာတိုရှီ အာမူရာနဲ့ ယူယူတူ တို့က ပါရာဆိုက် ပိုးမွှား တိုက်ဖျက်ရေး ဆေးဝါးသစ် တွေ့ရှိ။

၂၀၁၄ - ဂျွန်အိုကိဖ်၊ မေ-ဘရစ် မော်ဆာနဲ့ အက်ဒ်ဗတ်ဒ် မော်ဆာတို့က လူတွေရဲ့ လိုရာဒေသရောက်အောင် သိမှတ်သွားလာမှုကို ဦးနှောက်က ဘယ်လို အလုပ်လုပ်သလဲဆိုတာ တွေ့ရှိ။