ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်ပြည်က ဝီဂါမွတ်ဆလင် နှိပ်ကွပ်မှု အကြောင်း သိသင့်သမျှ
- ရေးသားသူ, ရော်နယ်ဟုချ်
- ရာထူးတာဝန်, ဘီဘီစီသတင်း
တရုတ်နိုင်ငံမှာ လူနည်းစု မွတ်ဆလင်တွေကို အမြောက်အမြား နှိပ်ကွပ်နေတယ် ၊ ဖမ်းဆီးထိန်းသိမ်းခံနေရတယ် ဆိုတဲ့ ဝေဖန်သံတွေ ထွက်လာနေပါတယ်။
တရုတ်ပြည် အနောက်ပိုင်းက စင်းကျန်းပြည်နယ်မှာ ဝီဂါ မွတ်ဆလင် တသန်းလောက်ကို ပြန်လည်ပညာရေးပေးစခန်းတွေ ပို့ပြီး ထိန်းသိမ်းထားနိုင်တယ် ဆိုပြီး သြဂုတ်လကမှ ကုလသမဂ္ဂကော်မတီ တခုမှာ ကြားနာခဲ့ပါတယ်။
လူ့အခွင့်အရေး အုပ်စုတွေရဲ့ ဒီစွပ်စွဲချက်ကို တရုတ် အစိုးရက ငြင်းဆိုပေမယ့် စင်းကျန်းနယ်သားတွေကို ဖိနှိပ် စောင့်ကြည့်မှုတွေ ရှိနေတယ် ဆိုတဲ့ အချက်အလက်တွေကလည်း ပိုထွက်လာတာ တွေ့ရပါတယ်။
ဝီဂါဆိုတာ ဘယ်သူတွေလဲ
တရုတ်နိုင်ငံ အနောက်ပိုင်း စင်းကျန်းပြည်နယ် ဒေသမှာ နေကြတဲ့ ၁၁ သန်းလောက် ရှိတဲ့ မွတ်ဆလင်တွေ ဖြစ်ကြပါတယ်။
ဗဟိုအာရှနိုင်ငံတွေက လူမျိုးတွေနဲ့ ယဉ်ကျေးမှု မျိုးနွယ်စု အရ ပိုနီးစပ်တယ်လို့ ဝီဂါတွေက သူတို့ကိုယ်သူတို့ ယူဆကြပါတယ်။ သူတို့ဘာသာစကားကတော့ တူရကီနဲ့ ဆင်တူပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ပြည်မကြီးအရှေ့ပိုင်းက ဟန်မျိုးနွယ်ဝင် တရုတ်လူမျိုးတွေ စင်းကျန်းဘက်ကို အစုအပြုံလိုက် ရွှေ့ပြောင်းလာကြပြီးနောက် ဝီဂါတွေရဲ့ ဘဝနဲ့ ယဉ်ကျေးမှုတွေ ခြိမ်းခြောက်ခံနေရပြီလို့ ခံစားလာကြပါတယ်။
စင်းကျန်းပြည်နယ် ဘယ်မှာလဲ
တရုတ်ပြည် အနောက်ဖျားပိုင်းက နိုင်ငံရဲ့ အကြီးဆုံး ဒေသဖြစ်ပါတယ်။ တရုတ်၊ အာဖဂန်နစ္စတန်၊ မွန်ဂိုလီးယား စတဲ့ နိုင်ငံအတော်များများနဲ့ ထိစပ်နေပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသလည်း ဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ ဗဟိုအစိုးရရဲ့ ချုပ်ချယ်မှုကို အဓိက ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ရာစုနှစ်တွေနဲ့ချီပြီး ပိုးလမ်းမကြီးမှာ တည်ရှိခဲ့တဲ့ စင်းကျန်းပြည်နယ်ဟာ စိုက်ပျိုးရေးနဲ့ ကုန်သွယ်ရေးကို မှီခိုပြီး ဖွံ့ဖြိုးခဲ့ဖူးပါတယ်။
၂ဝ ရာစု အစောပိုင်းမှာ ဝီဂါတွေ အချိန်တိုကာလပိုင်း လွတ်လပ်ရေး ရခဲ့ဖူးပေမယ့်၁၉၄၉ တရုတ်ပြည်မှာ ကွန်မြူနစ် အစိုးရတက်ပြီးနောက် ဒေသကို လုံးဝ ထိန်းချုပ်ခဲ့ပါတယ်။
စင်းကျန်းပြည်နယ်သားတွေ ဘာဖြစ်ကုန်သလဲ
ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ထိန်းသိမ်းရေးစခန်းကြီးလို တရုတ် အစိုးရက ပြောင်းပစ်နေတယ် ဆိုတဲ့ ခိုင်လုံတဲ့ အစီရင်ခံစာတွေ ရှိနေတယ်လို့ ၂ဝ၁၈ သြဂုတ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီမှာ ကြားနာပါတယ်။ အဲဒီမှာ လူတသန်းလောက် ထိန်းသိမ်းထားနိုင်တယ်လို့လည်း ဆိုပါတယ်။
အင်ဒိုနီးရှား၊ ကာဇက်စတန်၊ တူရကီ စတဲ့ စိုးရိမ်ရတဲ့ နိုင်ငံ ၂၆ နိုင်ငံမှာ ဆွေမျိုးရှိသူတွေကို ဖမ်းတာတွေ ရှိတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဆိုပါတယ်။
WhatsApp ဝက်ဆိုက်ကို သုံးပြီး နိုင်ငံခြားကသူတွေနဲ့ ဆက်သွယ်သူမှန်သမျှကိုလည်း ပစ်မှတ်ထားနေတယ်လို့ ဒီအဖွဲ့က ထုတ်ပြန်ပါတယ်။
စခန်းပို့ခံရတဲ့သူတွေကို တရုတ်စာ သင်ခိုင်းတာ၊ သမ္မတ ရှီကျင်းပင်ကို သစ္စာခံကြောင်း ရွတ်ဆိုရတာနဲ့ အစ္စလာမ် အယူကို ဝေဖန်တာ စွန့်ပယ်တာတွေ လုပ်ခိုင်းတာ လုပ်ခိုင်းတယ်လို့လည်း လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။
အများပြည်သူ ဆိုင်ရာ ဌာနတွေမှာ ဝီဂါတွေ လာရင် မျက်နှာကို မှတ်မိအောင် ကင်မရာ တပ်တာ၊ တံခါးမှာ ကုတ်နံပါတ်တပ်ပြီး အထဲမှာ ဘယ်သူ ရှိသလဲ စစ်ဆေးတာ စတဲ့ အနီးကပ် စောင့်ကြည့်တာတွေ ရှိတယ်လို့လည်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဆိုပါတယ်။ လူတွေကို ဒစ်ဂျစ်တယ်နည်းနဲ့ လက်ဗွေယူတာတွေလည်း လုပ်တယ် ဆိုပါတယ်။
ဘီဘီစီက လေ့လာရသမျှ
စင်းကျန်းမှာ မီဒီယာတွေ ဝင်လို့မရတော့ သတင်းကို တိတိကျကျ သိဖို့ ခက်ပါတယ်။ ဒါပေမဲ့ ဘီဘီစီက ဒေသကို ဝင်လို့ ရအောင် ကြိုးစားတဲ့အခါ အဲဒီ ပညာပေးစခန်းတွေ ရှိတဲ့ အထောက်အထားနဲ့ ရဲတွေ အများကြီး နေရာတိုင်းမှာ ချထားတာကို တွေ့ခဲ့ရပါတယ်။ လူတွေ လက်ထဲက ဖုန်းတွေကိုလည်း အာဏာပိုင်တွေက စစ်ဆေးတာကို တွေ့ရပါတယ်။
တခြားနိုင်ငံကို ထွက်ပြေးလာတဲ့ အကျဉ်းသားဟောင်းတွေကိုလည်း ဘီဘီစီက ဆက်သွယ်မေးမြန်းနိုင်ခဲ့ပါတယ်။ သူတို့ပြောတာထဲက တချို့ကတော့
" ကျွန်တော့ကို မအိပ်ခိုင်းဘဲ နာရီနဲ့ချီအောင် ကြိုးနဲ့ဆွဲထားတယ်၊ ရိုက်တယ်။ သစ်သားတုတ်ကြီးတွေ၊ နံပါတ်တုတ်တွေ ၊ ဝိုင်ယာကြိုးနဲ့ လုပ်တဲ့ ကြာပွတ်တွေ၊ အသားကို ဆွဖို့ အပ်တွေ၊ လက်သည်းခွံ ခွာဖို့ ပလာယာတွေ အစုံ သုံးပါတယ်။ ကျွန်တော့ရှေ့က စားပွဲမှာ ဒီပစ္စည်း ကိရိယာတွေ အကုန်ခင်းပြထားတယ်၊ ကြိုက်တဲ့အချိန် ယူသုံးရုံပဲ။ တခြားလူတွေ အော်ဟစ်နေတာလည်း ကြားရတယ်။"- အိုမီယာ
"ညစာစားတဲ့အချိန်ပါ။ လူ ၁၂ဝဝ လောက် အနည်းဆုံး ရှိတယ်။ ပလပ်စတစ်ခွက်တွေ ကိုင်ပြီး စောင့်နေရတာ။ သူတို့ ထမင်းစားရဖို့ တရုတ်အကြိုက် သီချင်းတွေ ဆိုရတယ်။ စက်ရုပ်လိုပဲ ၊ အသက်ဝိညာဉ် ပျောက်နေတယ် ထင်ရတယ် ၊ သူတို့ကြည့်ရတာ။ ဒီထဲက လူတွေ အများကြီးကို သိပါတယ်။ အတူနေထိုင် စားသောက်လာခဲ့တာ။ ခုတော့ သူတို့ ဘာလုပ်လို့ လုပ်မှန်း မသိတြ့ပုံမျိုး၊ ကားတိုက်ခံရပြီး အတိတ်မေ့နေသလိုပဲ။ " - အဇတ်
ဝီဂါ ဆူပူမှုဆိုတာ ဘာလဲ
စင်းကျန်းမှာ မွတ်ဆလင် ခွဲထွက်ရေး အုပ်စု ရန်ကို ရင်ဆိုင်နေရတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။ ဝီဂါ မွတ်ဆလင်တချို့ အိုင်အက်စ်ထဲ ဝင်တာ ရှိနေပေမယ့် စင်းကျန်းက ဆူပူမှုတွေက တရုတ် အစိုးရရဲ့ ဖိနှိပ်မှုတွေက လာတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။
၂ဝဝ၉ တုန်းက ပြည်နယ် မြို့တော် အူရုမ်ဂျီမှာ အဓိကရုဏ်း ဖြစ်လို့ အနည်းဆုံး လူ ၂ဝဝ သေပါတယ်။ သေသူ အများစုက တရုတ်တွေပါ။
အဲဒိနောက်ပိုင်း တိုက်ခိုက်မှုတွေ တော်တော် ဖြစ်လာပြီး ၂ဝ၁၄ ဇူလိုင်က တိုက်ခိုက်မှုမှာတော့ လူ ၁ဝဝ လောက်သေပါတယ်။ ရဲစခန်းနဲ့ အစိုးရရုံးတွေကို တိုက်ခိုက်တာပါ။
စင်းကျန်း ခွဲထွက်ရေး သမားတွေကြောင့် ဆိုတဲ့ တိုက်ခိုက်မှုတွေလည်း ပြည်နယ် အပြင်ဘက်မှာ ဖြစ်ပါတယ်။ ၂ဝ၁၃ အောက်တိုဘာမှာ ဘေဂျင်းမြို့တော်က တီယန်နာမင် ရင်ပြင်မှာလူအုပ်ထဲ ကားနဲ့ ဝင်တိုက်တာ ဖြစ်ခဲ့ပါတယ်။
၂ဝ၁၇ ဖေဖော်ဝါရီမှာ စင်းကျန်းမှာ ဖြစ်တဲ့ ဓားနဲ့တိုက်ခိုက်မှုမှာ လူ ၅ ယောက် သေပြီးနောက် အစိုးရဲ့ နှိမ်နင်းမှုတွေ ဆက်ဖြစ်ပါတယ်။
အကြမ်းဖက်တွေရဲ့ အလောင်းတွေကို ပြည်သူ့စစ် အသွင် ဆင်နွှဲတဲ့ စစ်ပင်လယ်ထဲမှာ မြှုပ်ဖို့ စင်းကျန်း ပြည်နယ် ကွန်မြူနစ် ပါတီ အကြီးအကဲ က အစိုးရ လုံခြုံရေးတွေကို တိုက်တွန်းပါတယ်။
တရုတ်ဘက်က ဘာပြောသလဲ
လူမျိုးစု ခွဲထွက်ရေးနဲ့ အကြမ်းဖက် ရာဇဝတ်မှုတွေကို နှိမ်နင်းနေတယ်လို့ပဲ တရုတ် အစိုးရက တုံ့ပြန်ပါတယ်။
ဝီဂါ တသန်းကို ပြန်လည် ပညာပေး စခန်းကို ပို့ထားတယ် ဆိုတဲ့ သတင်းတွေဟာ လုံးဝ မှားတယ် ဆိုပြီး ၂ဝ၁၈ သြဂုတ်လ ဂျီနီဗာ ကုလသမဂ္ဂ အစည်းအဝေးမှာ တရုတ် အရာရှိတွေက ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ စက်တင်ဘာမှာတော့ တရုတ်အစိုးရက အသက်မွေးဝမ်းကျောင်းပညာ သင်တဲ့ကျောင်းတွေ၊ ပညာပေးရေး ဌာနတွေ ဖွင့်ရမယ် ဆိုပြီး တရုတ် အရာရှိ တယောက်က သတင်းထောက်တွေကို ဂျီနီဗာ အစည်းအဝေး တခုမှာ ပြောကြား ပါတယ်။
ဒီနည်းကို အကောင်းဆုံးလို့ မဆိုနိုင်ပေမယ့် အစ္စလာမ္မစ်နဲ့ ဘာသာရေး အစွန်းရောက်မှုကို ကိုင်တွယ်ရာမှာ လိုအပ်ပါတယ်။ ဒီအစွန်းရောက်မှုကို ဖြေရှင်းရာမှာ အနောက်နိုင်ငံတွေ မအောင်မြင်တာတွေကို တွေ့ရလို့ပါပဲ ဆိုပြီး တရုတ် နိုင်ငံတော် ကောင်စီ ပြန်ကြားရေးရုံးက လူ့အခွင့်အရေး ဗျူရို ညွှန်ကြားရေးမှူး တယောက်က ပြောပါတယ်။
ဘယ်လဂျီယမ်နဲ့ ပြင်သစ်စတဲ့ ဥရောပ နိုင်ငံတွေကို ကြည့်လေ၊ မအောင်မြင်ဘူး မဟုတ်လားလို့လည်း ဆိုပါတယ်။
စင်းကျန်း ပြည်နယ်က အခြေအနေ တွေကို တရုတ် အစိုးရ ဘယ်လို ကိုင်တွယ် နေတယ်ဆိုတာ သူကိုယ်တိုင် ဖြေရှင်းချက် ပေးတာက အလွန် ထူးဆန်းပါတယ်။ အဲဒီပြည်နယ်ကို ဝင်ထွက်ဖို့ ကိစ္စ တွေကို တရုတ်အစိုးရက ထိန်းချုပ်ထားတော့ ဘာတွေ ဖြစ်နေတယ်ဆိုတာ ဘက်မလိုက်တဲ့ သတင်းအချက်တွေ ရဖို့ မလွယ်ပါဘူး။
ကမ္ဘာက ဘာလုပ်နေသလဲ
ဝီဂါတွေအပေါ် တရုတ် ကိုင်တွယ်နေပုံနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဝေဖန်မှုက တိုးလာပေမယ့် ဘယ်နိုင်ငံကမှ ကြေညာချက် ထုတ်တာအပြင် ဆက်မလုပ်ကြသေးပါဘူး။
စင်းကျန်းက မွတ်ဆလင်တွေ ကိစ္စ ဆောင်ရွက်နေပုံကို ဆက်လက် စိုးရိမ်တယ် ဆိုပြီး ဗြိတိသျှ ဝန်ကြီးချုပ် ထရီစာမေရဲ့ ၂ဝ၁၈ ဖေဖော်ဝါရီလက တရုတ်ပြည် ခရီးစဉ် အကြို ဗြိတိသျှ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
စင်းကျန်းမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ပဋိပက္ခမှာ ပါဝင်ပတ်သက်တဲ့ ကုမ္ပဏီတွေနဲ့ အာဏာပိုင်တွေကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ထရမ့်အစိုးရကို အမေရိကန် ကွန်ဂရက် လွှတ်တော်ရဲ့ တရုတ်ရေးရာ ကော်မတီက တိုက်တွန်း ခဲ့ပါတယ်။
မွတ်ဆလင် လူနည်းစု တွေကို အရမ်းကာရော ဖမ်းဆီး နှိပ်စက်တာ၊ ဘာသာရေး ဝတ်ပြုမှုနဲ့ ယဉ်ကျေးမှု ဆိုင်ရာ ကိစ္စတွေမှာ အတင်း အဓမ္မ ချုပ်ချယ်တာတွေ ရှိသလို လူတွေရဲ့ နေ့စဉ်ဘဝမှာ ဒစ်ဂျစ်တယ် နည်းနဲ့ စောင့်ကြည့် စစ်ဆေးနေတာတွေ ရှိတယ်ဆိုပြီး ကွန်ဂရက်ကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။
စင်းကျန်းကို လေ့လာစောင့်ကြည့်သူတွေ ဝင်ခွင့်ပြုဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မင်းကြီး အသစ် ဖြစ်လာတဲ့ မီချဲ ဘချယ်လတ်က တောင်းဆိုထားပါတယ်။
ဒီအတွက် တရုတ် အစိုးရက ဒေါသတကြီးနဲ့ တုံ့ပြန်ခဲ့ပါတယ်။