အင်ဒိုနီးရှား ပါလူမြို့မှာ ငလျင်နဲ့ ဆူနာမီကြောင့် လူရာချီသေဆုံး
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းက ပါလူမြို့မှာ စက်တင်ဘာ ၂၈ ရက် သောကြာနေ့ ဒေသအချိန်ညပိုင်း လှုပ်ခဲ့တဲ့ ရစ်ချ်တာ စကေး ၇.၅ ပြင်းအားရှိတဲ့ ငလျင်ကြီးကြောင့် ဖြစ်လာတဲ့ အားကြီးတဲ့ ဆူနာမီရေလှိုင်းဒဏ်ကြောင့် လူ ၃၈၀ ကျော် သေဆုံးခဲ့ပါတယ်။
ဆူနာမီလှိုင်းတွေ က ၁၀ ပေကျော် မြင့်မားပြီး မြို့ကို ရေတွေလွှမ်းသွားခဲ့ပါတယ်။
လူမှုကွန်ရက်တွေပေါ် ဖြန့်ဝေနေကြတဲ့ ဗီဒီယိုတွေထဲမှာ လူတွေ ထိတ်လန့်တကြား အော်ဟစ် ပြေးလွှားနေကြတာနဲ့ ဗလီတခုအပါအဝင် အဆောက်အဦးတွေ ပျက်စီးနေတာ တွေ့ရပါတယ်။
ငလျင်ကြီးလှုပ်အပြီး နောက်ဆက်တွဲ အင်အားပြင်းတဲ့ ငလျင်ငယ်တွေ ဆက်ပြီး လှုပ်ခတ်ခဲ့ပါတယ်။ ဆေးရုံတွေ ဟော်တယ်တွေ စျေးရုံကြီးတွေနဲ့ အိမ်တွေ ထောင်နဲ့ချီ ပြိုကျသွားခဲ့ပါတယ်။
ကယ်ဆယ်ရေး တွေ စလုပ်နေပေမယ့် လျှပ်စစ်ဓါတ်အားပြတ်တောက်နေတာကြောင့် အဟန့်အတား ဖြစ်နေရပါတယ်။
မြေပြိုသွားတာနဲ့ အရေးပါတဲ့ တံတားတခု ပြိုသွားတာကြောင့် ပါလူမြို့ကိုသွားတဲ့ အဓိကလမ်းမကြီးလည်း ပိတ်နေပါတယ်။
'ကမ်းခြေတလျောက် ရုပ်အလောင်းတွေ အများကြီးတွေ့ရ'
လူပေါင်း ၃၈၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှား ကပ်ဘေးဆိုင်ရာ အဖွဲ့က ပြောဆိုခဲ့ပေမယ့် သေဆုံးသူ အရေအတွက် ဒီ့ထက်ပိုမယ်လို့ ယူဆရပါတယ်။ ဒဏ်ရာရသူက အနည်းဆုံး ၅၄၀ လောက်ရှိတယ်လို့ ဆိုပါတယ်။
ဆူနာမီကြောင့် သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေ အများကြီး ကမ်းခြေတလျောက်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူးလို့ ကပ်ဘေးဆိုင်ရာ အဖွဲ့ရဲ့ ပြောခွင့်ရသူက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မနေ့က ဆူနာမီလှိုင်းရိုက်ခတ်ချိန်မှာ လူတွေက ကမ်းခြေမှာ အလုပ်လုပ်နေကြတုန်းဆိုတော့ ချက်ချင်းပြေးချိန်မရကြဘဲ လှိုင်းဒဏ်ကို ခံခဲ့ကြရတာလို့ သူက ပြောပါတယ်။
တချို့ကတော့ ၁၈ ပေလောက်မြင့်တဲ့ သစ်ပင်တွေပေါ် တက်နိုင်ခဲ့ကြလို့ အသက်ဘေးက လွတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Antara Foto/Rolex Malaha via Reuters

သောကြာနေ့ စောစောပိုင်းကလည်း ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးတဲ့ ဒွန်ဂါလာဆိုတဲ့ မြို့ငယ်လေးမှာ အင်အားသိပ်မကြီးတဲ့ ငလျင်တခု လှုပ်သွားခဲ့လို့ အနည်းဆုံးလူတဦးသေပြီး ၁၀ဦးလောက် ဒဏ်ရာရခဲ့ပါတယ်။
ပါလူမြို့မှာ သောကြာနေ့ညပိုင်း စမယ့် ကမ်းခြေပွဲတော်တခုအတွက် ရာနဲ့ချီတဲ့ လူတွေ ပြင်ဆင်နေခဲ့ကြတာ ဖြစ်ပါတယ်။
မြို့ရဲ့ အဓိကကျတဲ့ ဆေးရုံလည်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့တာကြောင့် ဒဏ်ရာရသူတွေကို ဆေးရုံ အပြင်ဘက် ယာယီလုပ်ထားတဲ့ ဆေးခန်းတွေမှာ ကုသနေရတာကို ဗီဒီယိုတွေမှာ တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images


ဓာတ်ပုံ ရင်းမြစ်, AFP
ပါလူနဲ့ ဒွန်ဂါမြို့တွေမှာ လူစုစုပေါင်း ၆ သိန်းကျော်နေကြတာဖြစ်ပါတယ်။ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေကို အင်အားဖြည့်ဖို့ စစ်တပ်ကို စေလွှတ်ထားတယ်လို့ သမ္မတ ဂျိုကို ဝီဒိုဒို က စက်တင်ဘာ ၂၉ ရက် စနေနေ့က ပြောခဲ့ပါတယ်။
ပါလူရဲ့ အဓိက လေဆိပ်ကို ဆူနာမီရိုက်ခတ်ကတည်းက ပိတ်ထားခဲ့ပါတယ်။ လေယာဉ်ပြေးလမ်းကြောင်း ပျက်စီးသွားပေမယ့် ရဟတ်ယာဉ်တွေ ဆင်းနိုင်မယ်လို့ မျှော်လင့်ရတယ်လို့ ဝန်ကြီးတဦးက ပြောပါတယ်။
အင်ဒိုနီးရှားစစ်တပ်ကလည်း ဂျာကာတာကနေ ထောက်ပံရေးပစ္စည်းတွေတင်ထားတဲ့ ကုန်တင်စစ်လေယာဉ်တွေ စေလွှတ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Antara Foto/Reuters


ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန် ဘူမိဆန်းစစ်လေ့လာရေးအဖွဲ့ က ငလျင်ဟာ ဆူလာဝေဆီ အလယ်ပိုင်းဘက် က မြေအောက် ၁၀ ကီလိုမီတာ အနက် မှာ ဖြစ်ခဲ့တာလို့ ဆိုပြီး ဒေသစံတော်ချိန် ညနေ ၆ နာရီ မတိုင်မီလေးတင် ဖြစ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
ဆူနာမီ လာနိုင်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပေမယ့် တနာရီ အချိန် ကာလ အတွင်းမှာပဲ သတိပေးချက် ကို ရုပ်သိမ်းသွားပါတယ်။ ဒီလိုရုပ်သိမ်းခဲ့တာအတွက် အင်ဒိုနီးရှား မိုးလေဝသနဲ့ဇလဗေဒဌာနကို ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့် သတိပေးချက်ထုတ်ထားချိန်မှာ ဆူနာမီရိုက်ခတ်ခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။


၂၀၀၄ ခုနှစ်က ဆူမတ္တရား ကျွန်းနားမှာ ဖြစ်ခဲ့တဲ့ ငလျင်ကြီးအပြီး ဆူနာမီ ဒဏ်ကြောင့် အင်ဒိုနီးရှား က လူ ၁ သိန်း ၂ သောင်း ကျော် အပါအဝင် အိန္ဒိယ သမုဒ္ဒရာ တဝိုက်က နိုင်ငံတွေ က လူပေါင်း ၂ သိန်း ၂ သောင်း ၆ ထောင် ကျော် သေဆုံးခဲ့ရပါတယ်။
အင်ဒိုနီးရှား ဟာ ငလျင်တွေ လှုပ်တတ်၊ မီးတောင်တွေ ပေါက်တတ်တဲ့ အဝန်းအဝိုင်းပေါ်မှာ တည်ရှိပြီး ငလျင် ခဏ ခဏ လှုပ်တဲ့ ဒဏ်ကို ခံရတဲ့ နိုင်ငံပါ။
ကမ္ဘာတဝန်းက ပင်လယ်ရေမျက်နှာပြင်အထက်မှာရှိတဲ့ မီးတောင်ရှင် တွေ ထဲ က တဝက်ကျော် ဟာ အဲဒီ အဝန်းအဝိုင်းမှာ ရှိနေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကလည်း လွမ်ဘော့ကျွန်းမှာ အင်အားပြင်းတဲ့ ငလျင်တွေ ဆက်တိုက်လိုလို လှုပ်ခတ်ခဲ့လို့ လူ ၄၆၀ ကျော် သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA











