ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စရေးနဲ့ မြန်မာ ပညာရေးသဘောတူညီချက် ပြန်ရုပ်သိမ်းတော့မလား
မြန်မာအစိုးရနဲ့ အစ္စရေး အစိုးရကြား ပညာရေးနဲ့ ဆိုင်တဲ့ သဘောတူညီမှု တခုကို ပြန်ရုပ်သိမ်းပေးဖို့ အစ္စရေးပညာရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတချို့က တောင်းဆိုလိုက်ပါတယ်။
အဲဒီသဘောတူညီမှုကို အစ္စရေးရဲ့ ဒုနိုင်ငံခြားရေး ဝန်ကြီးနဲ့ မြန်မာသံအမတ်တို့က ပြီးခဲ့တဲ့မေလက လက်မှတ်ရေးထိုးခဲ့ကြတာပါ။
လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားအပေါ် ရာဇဝတ်မှု ကျူးလွန်တာတွေနဲ့ လူမျိုးစု သုတ်သင်ရှင်းလင်းရေး စတာတွေနဲ့ စွပ်စွဲခံနေရတဲ့ မြန်မာနိုင်ငံကို ပညာရေးအရ ပူးပေါင်းဆောင်ရွက်တာဟာ မြန်မာအစိုးရကို တရားဝင် အသိအမှတ်ပြုလိုက်သလို ဖြစ်နေတဲ့အတွက် ဒီသဘောတူညီချက်ကို ပြန်ရုပ်သိမ်းဖို့ အစ္စရေး ပညာရှင်နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ခုနှစ်ယောက်တို့က အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟု ကို စာရေးတောင်းဆိုလိုက်တာပါ။
လက်ရှိ မြန်မာနဲ့ အစ္စရေးအကြား ဆက်ဆံရေးကို အစ္စရေးပြည်သူတွေက မလိုလားဘူး ဆိုတာ မြန်မာစစ်တပ်ကို ကျနော်တို့ အသိပေးရမယ် ။ ဒါဟာ အရေးကြီးတဲ့ မက်ဆေ့ချ် ဖြစ်တယ်လို့ ဂျေရုစလင်မြို့ အခြေစိုက် အစ္စရေး လူ့အခွင့်အရေးရှေ့နေ မစ္စတာ အီတေမာခ်က ဘီဘီစီကို ပြောပါတယ်။ ၏
ဒီပညာရေး သဘောတူညီမှုဟာ မြန်မာအစိုးရနဲ့ အစ္စရေးနိုင်ငံက လက်ယာယိမ်း အစိုးရအဖွဲ့က ထိုးတာဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်သူနဲ့ အစ္စရေးပြည်သူရဲ့ သဘောထားမပါပါဘူး။
မြန်မာစစ်တပ်က သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ ဖျက်ဆီးပစ်ဖို့ ကြိုးစားနေတယ်။
ရိုဟင်ဂျာ မွတ်ဆလင်တွေ မြန်မာပြည်မှာ မရှိဘူးဆိုတာ ပြချင်တယ်။ သမိုင်းကိုဖျောက်ချင်တယ် ဆိုတော့ ဒီပညာရေး သဘောတူညီမှုကို ဖျက်လိုက်မယ် ဆိုရင် သမိုင်းကို ဖျောက်ဖျက်လို့ မရဘူးဆိုတာ အသိပေးလိုက်တဲ့ သဘောပဲ ၊ ရာဇဝတ်မှုဆိုတာ ဖျောက်ဖျက်လို့မရဘူး တာဝန်ယူမှု တာဝန်ခံမှု ဆိုတာရှိရမယ်လို့ မစ္စတာ အီတေမာ့ခ်က ပြောသွားပါတယ်။
အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကလည်း မစ္စတာ အီတေမာခ် ဦးဆောင်ပြီး အစ္စရေး လူ့အခွင့်အရေး လှုပ်ရှားသူ ၂၃ ယောက်က မြန်မာပြည်ကို လက်နက်တွေ ရောင်းပေးတဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူရဲ့ လက်နက်ကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးဖို့ အစ္စရေးနိုင်ငံရဲ့ ရှေ့နေချုပ်ကို စာရေး တောင်းဆိုခဲ့ပါသေးတယ်။
စစ်ရေးမဟုတ်တဲ့ ပညာရေး သဘောတူညီမှုကို လက်မခံရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး မစ္စတာ အီတေမာ့ခ်က မြန်မာပြည်က တာဝန်ရှိသူတွေ ရာဇဝတ်မှု ကျူးလွန်နေတဲ့အချိန်မှာ ပညာရေး ဘက်မှာလည်း ပူးပေါင်းဆောင်ရွက် လို့မရဘူးလို့ဆိုပါတယ်။
မြန်မာကို လက်နက်ရောင်းတဲ့အတွက် ပြည်သူတွေရဲ့ ဝေဖန်ထောက်ပြမှုကြောင့် အစ္စရေး အစိုးရက အကန့်အသတ်နဲ့ လုပ်ကိုင်လာခဲ့ရပါတယ်။ အဲဒါကြောင့် ပြည်သူတွေနဲ့ ယုံကြည်မှု တည်ဆောက်ချင်တယ်။ အဲဒီအတွက် ပညာရေး သဘောတူညီမှုကို လက်မှတ်ထိုးတယ်။ ဒါပေမယ့် ဘာမှ မထူးဘူး လို့ လူ့အခွင့်အရေးရှေ့နေ မစ္စတာ အီတေမာခ်က ပြောသွားတာပါ။
အခုလို သဘောတူ လက်မှတ်ရေးထိုးတာဟာ ရာဇတ်ဝတ်မှု ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို တရားဝင် အသိအမှတ်ပြုရာရောက်တယ်လို့ သူက ဆိုပါတယ်။
၂၀၁၅ စက်တင်ဘာလမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစ္စရေးနိုင်ငံကို သွားရောက်ခဲ့ပြီး စစ်ပစ္စည်းတချို့ ဝယ်ယူခဲ့တုန်းကလည်း မြန်မာပြည်ကို လက်နက်မရောင်းဖို့ အစ္စရေး လူ့အခွင့်အရေး လှုပ်ရှားသူတွေက တောင်းဆိုခဲ့ပါတယ်။
အမေရိကန်နဲ့ အီးယူနိုင်ငံက မြန်မာအစိုးရကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချမှု မလုပ်ပဲ ဖိအားပေးနေချိန်မှာ အစ္စရေးနိုင်ငံကလည်း မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှု မလုပ်သင့်ဘူးလို့ မစ္စတာ အီတေမာခ်က ဆိုပါတယ်။