ဆေးလိပ်ငွေ့ ရှူရတဲ့ ကလေးငယ်တွေ ပြင်းထန်တဲ့ အဆုတ်ရောဂါရနိုင်

ဆေးလိပ်ငွေ့ဟာ မသောက်သူကိုလည်း အန္တရာယ်ဖြစ်စေတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆေးလိပ်ငွေ့ဟာ မသောက်သူကိုလည်း အန္တရာယ်ဖြစ်စေတယ်

ကိုယ်တိုင်ဆေးလိပ်မသောက်နိုင်သေးပေမယ့် ဆေးလိပ်သောက်တဲ့ မိဘတွေနဲ့ ကြီးပြင်းလာတဲ့ ကလေးငယ်တွေဟာ သေဆုံးတဲ့အထိ ပြင်းထန်တဲ့ နာတာရှည် အဆုတ်ရောဂါကို ရနိုင်တယ်လို့ အမေရိကန် သုတေသီတွေက ဆိုပါတယ်။

သုတေသီတွေရဲ့ အပြောအရ ဆေးလိပ်ကြောင့်သေဆုံးတဲ့ လူတသိန်းမှာ ခုနှစ်ယောက်ခန့်က ကလေးတွေဖြစ်ပြီး အဲဒီကလေးတွေက ဆေးလိပ်ငွေ့ရှုနေရသူတွေဖြစ်ပါတယ်။

အမေရိကန် ကင်ဆာ အဖွဲ့အစည်းက ဦးဆောင်ပြီး ဆေးလိပ်မသောက်တဲ့ အမျိုးသား အမျိူးသမီး ၇၀၉၀၀ ဦးကို လေ့လာခဲ့ပါတယ်။

ကျွမ်းကျင်သူတွေ အဆိုအရတော့ ဆေးလိပ်ဖြတ်လိုက်တာဟာ ကလေးတွေကို ကာကွယ်စောင့်ရှောက်တဲ့ အကောင်းဆုံးနည်းလမ်းလို့ ဆိုပါတယ်။

တကယ်လို့ အရွယ်မရောက်ခင်က ဆေးလိပ်သောက်သူနဲ့ နေထိုင်ခဲ့သူဟာ အသက်ကြီးတဲ့အခါ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှု တခုခုတော့ရှိတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

အပတ်တိုင်း ၁၀နာရီထက်ပိုပြီး ဆေးလိပ်သောက်သူနဲ့ ထိတွေ့နေထိုင်ခဲ့မယ် ဆိုရင် တခြားသူတွေနဲ့ နှိုင်းယှဉ် လေ့လာကြည့်ပါက နှလုံးရောဂါ ဖြစ်နိုင်ခြေ ၂၇ ရာခိုင်နှုန်း၊ လေဖြတ်နိုင်မှု ၂၃ ရာခိုင်နှုန်း နဲ့ ပြင်းထန်တဲ့ အဆုတ်ရောဂါ ရရှိမှုက ၄၁ ရာခိုင်နှုန်း ပိုမိုမြင့်မားတာကို တွေ့ရပါတယ်။

လေ့လာစောင့်ကြည့်နေသူတွေကို သူတို့ရဲ့ ဘဝတလျှောက်လုံး ဆေးလိပ်သောက်သူတွေနဲ့ ထိတွေ့မှုတွေကို မေးခွန်းထုတ်ခဲ့ကြသလို သူတို့ကျန်းမာရေးကိုလည်း လာမယ့် ၂၂ နှစ် အထိ အမေရိကန် ကင်ဆာအဖွဲ့အစည်းက စောင့်ကြည့်သွားမှာဖြစ်ပါတယ်။

ဆေးလိပ်သောက်ခြင်းနဲ့ ကျန်းမာရေးကို လှုံ့ဆောင်နေတဲ့ ဟေဇယ်ချိမန်းက ကလေးတွေကို ဆေးလိပ်ငွေ့ အန္တရာယ်က ကာကွယ်ဖို့ ဆေးလိပ်ကို အပြင်မှာ သောက်သင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။ အကောင်းဆုံးကတော့ မိဘတွေက ဆေးလိပ်ကို ဖြတ်သင့်တယ်လို့ သူမက ဆိုပါတယ်။

အင်္ဂလန်က လူထုကျန်းမာရေးအဖွဲ့ရဲ့ အချက်အလက်တွေကို ကိုးကားပြီး ဆေးလိပ်ဖြတ်ဖို့ အကူအညီပေးတဲ့ ရန်ပုံငွေတွေကိုလည်း တိုးသင့်တယ်လို့ ဟေဇယ်ချိမန်းက ပြောပါတယ်။