ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မက်ဒေါနား အသက် ၆ဝ ပြည့်ပြီ
ဂီတ သက်တမ်း ၃၅ နှစ် လုံးလုံး နိုင်ငံတကာ ဖျော်ဖြေရေး လောကမှာ အောင်မြင်မှု သရဖူတွေ ထပ်ဆင့် ထပ်ဆင့်ဆောင်းထား နိုင်ခဲ့တဲ့ မက်ဒေါနား မနက်ဖြန် ကြာသပတေး နေ့ (ဩဂုတ်လ ၁၆ ရက်) ဆိုရင် အသက် ၆ဝ ပြည့်ပြီ ဖြစ်ပါတယ်။
၁၉၈၃ ပွဲဦးထွက် အယ်လ်ဘမ် စပြီး အောင်မြင်ကတည်းက မက်ဒေါနားရဲ့ ဂီတ အယ်လ်ဘမ်တွေဟာ ကမ္ဘာတလွှား သန်း ၃ဝဝ ကျော် ရောင်းထားရပြီး နိုင်ငံတကာ ဖျော်ဖြေရေး ခရီးစဉ်ပေါင်း ၁ဝ ခု ထွက်ခဲ့သူ ဖြစ်ပါတယ်။
မက်ဒေါနားဟာ အမျိုးသမီး အဆိုရှင်တွေထဲ သမိုင်းတလျှောက် တေးအယ်လ်ဘမ်ချပ်တွေ အရောင်းရဆုံးသူ အဖြစ် ကမ္ဘာ့ဂင်းနစ် စံချိန် တင်သူ ဖြစ်ပါတယ်။
ယူကေနိုင်ငံမှာ ဆိုရင်လည်း အရောင်းရဆုံး ဇယားရဲ့ နံပါတ် ၁ နေရာကို မက်ဒေါနားရဲ့ အယ်လ်ဘမ် ၁၂ ချပ် ရောက်ခဲ့ပါတယ်။
ဒီ စံချိန်ကို ယှဉ်နိုင်တာဆိုလို့ ဘီတဲလ်စ် အဖွဲ့နဲ့ အဲလ်ဗစ်ပရက်စလေ တို့ပဲ ရှိပါတယ်။
၁၉၉ဝ မှာ ထွက်တဲ့ The Immaculate Collection ဆိုတဲ့ အယ်လ်ဘမ်ဆိုရင် နံပါတ်တစ် နေရာမှာ နှစ်လကျော် ရှိနေခဲ့ပြီး အရောင်းရဆုံး ဇယားထဲ သီတင်းပတ်ပေါင်း ၃၃၈ ပတ်ထိ နေရာယူ ထားနိုင်ခဲ့ပါတယ်။
မက်ဒေါနားရဲ့ နာမည်အကြီးဆုံး သီချင်းလို့ပြောမယ် ဆိုရင်တော့ "အပျိုစင်လေးလို" Like A Virgin သီချင်းလို့ ပြောနိုင်ပါတယ်။
၁၉၈၄ မှာ ထွက်ခဲ့တဲ့ Like A Virgin သီချင်းဟာ ပေါ့ပ်ဂန္ထဝင် သီချင်းလို့ ပြောရင်လည်း မမှား နိုင်ပါဘူး။
ဒိုးဒိုးဒွန့်ဒွန့် သံစဉ်တွေ လွှမ်းထားတဲ့ ကြားကပဲ မက်ဒေါနားရဲ့ သီချင်းတွေဟာ ၁၉၈ဝ ပြည့်ကျော်နှစ် အနောက်နိုင်ငံတွေက ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ ခံစားမှု၊ လူမှုပြဿနာတွေကို ထင်ဟပ် နေခဲ့တယ်လို့ ဂီတဝေဖန်ရေး ပညာရှင်တွေက ဆိုပါတယ်။
၁၉၈၆ မှာ ထွက်တဲ့ ထရူးဘလူး True Blue ဆိုရင် သံစဉ်ကတော့ မြူးမြူးကြွကြွ ရှိနေပေမယ့် အကြောင်းအရာကတော့ ဆယ်ကျော်သက် အရွယ် ကိုယ်ဝန်ရှိသွားတဲ့ အကြောင်း၊ မိဘတွေနဲ့ အဆင်မပြေ ဖြစ်တဲ့ အကြောင်း စတာတွေကို ဖော်ပြ ထားတာ ဖြစ်ပါတယ်။
မက်ဒေါနားရဲ့ အယ်လ်ဘမ်တွေ အားလုံးကို ခြုံငုံကြည့်ရင် သူဟာ မတူတဲ့ ကီးပေါင်း ၂၄ မျိုး အထိ အမျိုးမျိုး သီဆိုထားတဲ့ ဂီတပညာရှင် ဖြစ်တာ တွေ့ရပါတယ်။ အထူးသဖြင့် အားပြု ဆိုတဲ့ ကီးကတော့ ဂျီမေဂျာ G major ဖြစ်တာလည်း တွေ့ရပါတယ်။