အမေရိကန် အာကာသ တပ်ဖွဲ့သစ် ဖွဲ့ဖို့ ဒု သမ္မတ တိုက်တွန်း

အမေရိကန် နိုင်ငံ အနေနဲ့ အနာဂတ် ကာလ အာကာသ စစ်မြေပြင်မှာ ခုခံ ကာကွယ်မှုတွေ လုပ် ရမှာ ဖြစ်တဲ့ အတွက် အာကာသ တပ်ဖွဲ့သစ် ကို ဖွဲ့စည်း ပြင်ဆင်ဖို့ ဒုတိယ သမ္မတ မိုက် ပန့်စ် တိုက်တွန်း လိုက်ပါတယ်။

၂၀၂၀ ခုနှစ်မှာ ဆဌမမြောက် တပ်မကြီး ကို တိုးချဲ့ ဖွဲ့စည်းဖို့ ကွန်ဂရက် ကို တောင်း ဆို ခဲ့ပြီး၊ နောက် ငါးနှစ်တာ ကာလ အတွင်း အမေရိကန် ရဲ့ အာကာ သ လုံခြုံ ရေး အစီအစဉ်မှာ ဒေါ်လာ ၈ ဘီလျံ အပိုဆောင်း ချမှတ် ပေးဖို့ သူက ပြောကြား ခဲ့ ပါတယ်။

အဲဒါ ကလည်း တရုတ် နဲ့ ရုရှား တို့ဟာ ကမ္ဘာပတ် လမ်းကြောင်း ထဲမှာ ဂြိုလ်တု သွားလာ လှုပ်ရှား မှုတွေ ပိုမိုဆောင်ရွက် နေပြီး အမေရိကန် ရဲ့ အာကာသ စနစ် ကို ခြိမ်းခြောက်မှုတွေ လုပ်နေတာကြောင့် ဖြစ်တယ်လို့ သူက ဆို ခဲ့ပါတယ်။

အမေရိကန် သမ္မတ ထရမ့် က မကြာခန ဆိုသလို အာကာသ တပ်ဖွဲ့ ဖွဲ့စည်းရေး အတွက် စိတ်ထက်သန်မှု ရှိနေတဲ့ အကြောင်း ဖွင့်ပြောလေ့ ရှိသလို လာမဲ့ ၅ နှစ် အတွင်းမှာ ဒီစီမံကိန်း အတွက် ဒေါ်လာ ၈ ဘီလီယံ ချပေးဖို့ လည်း ကွန်ဂရက် ကို တောင်းခံပါတယ်။ လတ်တလော အမေရိကန် ကာကွယ်ရေး ဘတ်ဂျက် ကပဲ ဒီနှစ် အတွက် ဒေါ်လာ ၇၁၆ ဘီလျံ သုံးစွဲနေတာ ဖြစ်ပါတယ်။

သြဂုတ်လ ၉ ရက်နေ့ ကတော့ ဒုတိယ သမ္မတ မိုက်ပန့်စ် က ပင်တဂွန် စစ်ဌာနချုပ် မှာ နောင်လာမဲ့ စစ်မြေပြင် အတွက် ပြင်ဆင်ချိန် ကျပြီဖြစ်လို့ အာကာသ တပ်ဖွဲ့ မလွှဲမသွေ လိုအပ်ပြီ လို့ ဖွင့်ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ၇ ပတ်ထဲက သမ္မတ ထရမ့် က ကာကွယ်ရေး ဌာန ကို လက်နက်ကိုင်တပ်ဖွဲ့ တွေ ထဲမှာ ဆဌမ မြောက် တပ်ဖွဲ့ အနေနဲ့ အာကာသ တပ်ဖွဲ့ ဖွဲ့စည်းရေး ဟာ လိုအပ်လာပြီ ဆိုတာ ကို လည်းပြောပါတယ်။

ဒီတပ်ဖွဲ့ ဟာ တခြား ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေ အပြင်၊ မရိန်း တပ်ဖွဲ့၊ ကမ်းခြေစောင့် တပ်ဖွဲ့တွေ နည်းတူ နိုင်ငံ့ ကာကွယ်ရေး အတွက် အာကာသသိပ္ပံ နည်းပညာရပ်တွေ နဲ့ ကျွမ်းကျင်သူတွေ ကို လေ့ကျင့် ခန့်အပ်ရမှာပါ။ သမ္မတကြီးရဲ့ လမ်းညွှန်ချက် အရ နဲ့ သူ့မျှော်မှန်းချက် ကို အကောင်အထည် ဖေါ်ဖို့ ဖြစ်ပါတယ် လို့ သူက ဆိုပါတယ်။

အမေရိကန် အစိုးရ အမြင်မှာ အာကာသအတွင်း လှည့်လည်နေတဲ့ အမေရိကန် ဆက်သွယ်ရေး ဂြိုလ်တု တွေ အနီးမှာ ရုရှား နဲ့ တရုတ် ဂြိုလ်တု တွေ က မလှမ်းမကမ်း က လိုက်ပါလာပြီး အမေရိကန်ရဲ့ အာကာသ စနစ်တွေ အပေါ် နှောင့်ယှက် အန္တရာယ် ပြုတဲ့ အသွင်ဆောင်နေကြောင်း၊ ဒါတွေ ကို ဟန့်တားနိုင်အောင် သေးငယ်တဲ့ မစ်ဆိုင်းလ် အချက်ပေး အာကာသယာဉ် ငယ် တွေ အပြင်၊ ဆက်သွယ်ရေး စနစ် တွေ ကို ပိတ်ဆို့နိုင်ရေး စနစ်တွေ ကိုပါ တည်ဆောက် ဖို့ လိုလာတဲ့ အကြောင်းတွေ ကို မစ္စတာ ပန့်စ် က ရှင်းပြသွားပါတယ်။