ကိုယ်ဝန် ၁၄ပတ်အတွင်း ဖျက်ချခွင့် အာဂျင်တီးနားမှာ ရှုံးနိမ့်

အာဂျင်တီးနားနိုင်ငံမှာ ကိုယ်ဝန် ၁၄ ပတ် အတွင်း ဖျက်ချနိုင်ခွင့် ဥပဒေကို အတည်ပြုမလား ဆိုတာ လွှတ်တော်ထဲ မဲခွဲခဲ့ကြတာမှာ မဲပွတ်ကာသီကာနဲ့ ဥပဒေ အတည်ဖြစ်မလားပဲ ရှုံးနိမ့် သွားပါတယ်။

သန္ဓေဖျက်ချတာကို တားမြစ်တဲ့ ရိုမန်ကက်သလစ် ခရစ်ယာန် အယူဝါဒ လွှမ်းမိုးရာ အာဂျင်တီးနားမှာ ဒီဥပဒေ အတည် ဖြစ်မလာဖို့ အရေး ကက်သလစ် ကျောင်းတော်က ဦးစီးဦးဆောင်လုပ်ပြီး အသည်းအသန် ကန့်ကွက် နေခဲ့ပါတယ်။

လက်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဆိုရင်လည်း အာဂျင်တီးနား နိုင်ငံမှာ ဖွားမြင်ခဲ့သူ ဖြစ်ပါတယ်။

မြို့တော် ဘွေနိုအေးရီးစ်ရဲ့ လွှတ်တော် အဆောက်အဦးရှေ့ ကိုယ်ဝန်ဖျက်ချခွင့် မလိုလားသူတွေဟာ မဲခွဲတဲ့ရလဒ် ထွက်လာတဲ့အခါ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး အောင်ပွဲ ခံခဲ့ကြပါတယ်။

တခါ၊ ကိုယ်ဝန်ဖျက်ချခွင့် လိုလားသူတွေကတော့ မဲရှုံးသွားတဲ့အခါ မကျေမနပ် ဖြစ်ခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ကြားမှာပါ ထိပ်တိုက်ရင်ဆိုင်တာတွေ ပေါ်ပေါက် လာခဲ့ပါတယ်။

အုံကြွသူတွေဘက်က ခဲတွေနဲ့ ပစ်ပေါက် ခဲ့ကြသလို လုံခြုံရေးတပ်ဖွဲ့တွေကလည်း မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး ဖြိုခွင်း ခဲ့ကြပါတယ်။

လက်ရှိ အာဂျက်တီးနား ဥပဒေအရ အဓမ္မ ပြုကျင့် ခံရတာကနေ ကိုယ်ဝန်ရှိသွားတဲ့ အခါမျိုးမှာ ဖြစ်စေ၊ မိခင်ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခါမျိုးမှာဖြစ်စေ အဲဒီလို အခြေအနေမျိုးတွေမှာမှ ကိုယ်ဝန် ဖျက်ချခွင့် ပေးထားပါတယ်။