ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ကိုရီးယားအရေး အာဆီယံ ဒေသတွင်းဆွေးနွေးပွဲမှာ ဆွေးနွေး
သြဂုတ် ၄ရက်နေ့မှာ ကျင်းပတဲ့ အာဆီယံ ဒေသတွင်း ဆွေးနွေးပွဲမှာ မြောက်ကိုရီးယား အရေးကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးခဲ့ တယ်လို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး Vivian Balakrishnanက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြောက်ကိုရီးယား အရေးနဲ့ပတ်သက်ရင် တိုးတက်မှုတွေရှိလာတယ်ဆိုတာကို လူတွေက အသိအမှတ်ပြုသလို ထိပ်သီး ဆွေးနွေးပွဲက အခြေအနေတွေကို ပြောင်းလဲစေနိုင်ပြီး နောက်ဆုံးမှာ ငြိမ်းချမ်းတဲ့ ဆုံးဖြတ်ချက်အတွက် အထောက်အကူ ပေးမယ်လို့ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။
ဒီဆွေးနွေးပွဲကို မြောက်ကိုရီးယားနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေပါ တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲ မစတင်မီက မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Ri Yong Hoက မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ဆက်လက် ထိန်းသိမ်းဖို့ အမေရိကန်ရဲ့ ရပ်တည်ချက်ကို ဝေဖန်သွားပါတယ်။
အမေရိကန် သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်းတို့ တွေ့ဆုံခဲ့စဉ်က သဘောတူညီချက်တွေအပေါ် မြောက်ကိုရီးယားက ခိုင်ခိုင်မာမာ ရပ်တည်နေတယ်လို့ သူက ပြောပါတယ်။
မြောက်ကိုရီးယားဘက်က အခုလို လုပ်ဆောင်နေပေမယ့် အမေရိကန်ဘက်ကတော့ အရင် ရပ်တည်ချက်အတိုင်း ပြန်သွားနေပြီး ခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်ကနေ ဝေးကွာလာတယ်လို့ မစ္စတာ Ri ကပြောပါတယ်။
အဲဒီမတိုင်ခင်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeoက အလုံးစုံ နျူးကလီးယား ဖျက်သိမ်းရေး အောင်မြင်ဖို့ အတွက် မြောက်ကိုရီးယားအပေါ် သံတမန်နဲ့ စီးပွားရေး ဖိအားတွေ ဆက်လက် ထားရှိဖို့ ကုလသမဂ္ဂအစီရင်ခံစာ ထွက်လာအပြီး ပြောကြားခဲ့တာကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ထောက်လှမ်းရေး တာဝန်ရှိသူတွေက မြောက်ကိုးရီးယား နိုင်ငံက တိုက်ချင်းပစ် ဒုံးကျည်တွေ တည်ဆောက်နေ တယ်လို့ ပြောဆိုခဲ့ပြီးတဲ့ နောက် မရှေးမနှောင်းဆိုသလိုဘဲ မြောက်ကိုရီးယားက နျူးကလီးယားနဲ့ ဒုံးတည် ဆောက်ရေး အစီအစဉ်တွေကို မရပ်တန့်ဘူးလို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားအပေါ် ချမှတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အကောင်ထည်ဖော်ရေးကို စောင့်ကြည့်နေတဲ့ ကျွမ်းကျင်သူတွေကလည်း အစီရင်ခံစာကို လုံခြုံရေး ကောင်စီမှာ သြဂုတ် ၃ ရက်နေ့က တင်သွင်းခဲ့ပါတယ်။ ဒီအစီရင်ခံစာကို မီဒီယာတချို့က သြဂုတ် ၄ ရက် ကြည့်ရှုခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
အစီရင်ခံစာထဲမှာ ပြုံယမ်းက ရေနံထွက် ပစ္စည်းတွေကို သင်္ဘောတခု ကနေ တခု ပြောင်းပြီး တရားမဝင် တင်သွင်းတာတွေနဲ့ လစ်ဗျား၊ ယီမင်နဲ့ ဆူဒန်စတဲ့ နိုင်ငံ ရပ်ခြားကို မြောက်ကိုရီးယားက လက်နက်တင်ပို့တာတွေ ပိုများလာတယ်လို့ ဖော်ပြပါတယ်။
ဒီလိုလုပ်ဆောင်တာကြောင့် မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေက ထိရောက်မှု မရှိဘူးလို့ အစီရင်ခံစာကို ပြုစုတဲ့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
ဒါကြောင့်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက မြောက်ကိုးရီးယား အပေါ် ဆက်လက် ဖိအားပေးဖို့ ပြောကြားခဲ့တာပါ။ ဒါပေမယ့်လည်း အာဆီယံ ဒေသတွင်း ဆွေးနွေးပွဲမှာ မစ္စတာ Riနဲ့ မစ္စတာ Pompeoတို့ လက်ဆွဲ နှုတ်ဆက် ခဲ့ကြသလို မျက်နှာခြင်းဆိုင် ခဏတွေ့ဆုံခဲ့ပြီး စကားအနည်းငယ် ပြောခဲ့ကြပါတယ်။
ဒါအပြင် အမေရိကန်ကိုယ်စားလှယ်တွေက သမ္မတ ထရမ့်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းအတွက် ပေးလာတဲ့ စာကို မြောက်ကိုးရီးယား ကိုယ်စားလှယ်တွေကို ပေးခဲ့တယ်လို့ ဆိုပါတယ်။
စာထဲမှာ ဘာတွေ ရေးသားထားသလဲ ဆိုတာကိုတော့ ခုထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ မီဒီယာတွေက ရေးသားနေပါ တယ်။