ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ကိုရီးယား နျူကလီယား ဆက်လက်လုပ်ဆောင်နေလို့ ကုလပြော
မြောက်ကိုရီယားဟာ ကုလသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ချိုးဖောက်ပြီး သူ့ရဲ့ နျူကလီးယား လုပ်ငန်းစဉ်တွေနဲ့ မစ်ဆိုင်းဒုံး အစီအစဉ်တွေကို ရပ်နားထားတာ မရှိဘဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
စွမ်းအင်အဖြစ် သုံးတဲ့ လောင်စာဆီတွေ တင်သွင်းနိုင်ဖို့အတွက် လက်နက်ပစ္စည်းတွေကို ပြင်ပနိုင်ငံတွေကို ရောင်းတဲ့နည်းလမ်းကို အားကိုးအားထားပြုခဲ့ရတယ်လို့ ပြောပါတယ်။
လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေက ပြုစုရေးသားထားတဲ့ အစီအရင်ခံစာကို ကုလ လုံခြုံရေးကောင်စီက သောကြာနေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားဘက်ကတော့ ဒီအစီအရင်ခံစာနဲ့ ပတ်သက်လို့ တစုံတရာ မှတ်ချက်ပေးပြောဆိုတာ မရှိသေးပါဘူး။
သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားအကြား နျူကလီးယား လျှော့ချရေး သဘောတူခဲ့ပေမယ့် ပြုံးယမ် အနေနဲ့ မစ်ဆိုင်းဒုံးအသစ် တည်ဆောက်မှု လုပ်နေတာကိုတွေ့ရတယ်လို့ အမေရိကန်ဘက်ကလည်း ပြီးခဲ့တဲ့အပတ်က သတင်းထုတ်ပြန်ပါတယ်။
အမေရိကန် ထောက်လှမ်းရေး ဂြိုလ်တုဓာတ်ပုံတွေအရတော့ မစ်ဆိုင်းဒုံးတွေ ဆက်လက်ထုတ်လုပ်နေတဲ့ နေရာကိုတွေ့ရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိက ဝါရှင်တန်ပိုစ့်သတင်းကို ပြောပါတယ်။
မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့ မစ်ဆိုင်း အစီအစဉ်ကို မရပ်ဘဲ ဆက်လုပ်နေသလို လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း အာခံနေတယ်။ တရားမဝင် သင်္ဘောတွေနဲ့ လောင်စာဆီတွေနဲ့ ကျောက်မီးသွေးတွေကို တင်ဆောင်နေတာလည်း တွေ့ရတယ်လို့ အစီအရင်ခံစာအကြောင်း ဖော်ပြတဲ့ မီဒီယာအချို့က ရေးသားထားပါတယ်။
မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုတွေဟာ ထိရောက်မှု မရှိဘူးလို့ အကဲခတ်တွေက ဆိုပါတယ်။