ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပါကစ္စတန်ရွေးကောက်ပွဲ အကြမ်းဖက်မှုကြောင့် လူ ၃ဝ ကျော်သေ
ပါကစ္စတန်နိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပနေပါပြီ။ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက အငြင်းပွားစရာတွေ ဖြစ်ခဲ့သလို အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပါတယ်။
အခုလည်း ပြည်သူ သန်းပေါင်းများစွာ မဲရုံကို သွားနေတုန်းမှာပဲ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာပါ။
ကက်တာ မြို့ ဗုံးပေါက်ကွဲမှုကတော့ အဆိုးဝါးဆုံး ဖြစ်ခဲ့ပြီး အနည်းဆုံး လူ၃၁ ဦး သေဆုံးခဲ့ပါတယ်။
IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ က သူတို့လက်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။
တခြားနေရာတွေမှာလည်း အသေးစား ပေါက်ကွဲမှုတွေ၊ ပါတီ ဝန်ထမ်းတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ အတွင်း ၂ ဦး သေဆုံးပြီး အတော်များများ ဒဏ်ရာ ရခဲ့ပါတယ်။
နိုင်ငံတဝန်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ သိန်းနဲ့ချီ လုံခြုံရေးတွေ အပြည့်အဝ ချထားတဲ့ကြားက အခုလို အကြမ်းဖက် ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တာပါ။
လူထု စစ်တမ်းတွေအရ ခရစ်ကက် ကစားသမားဟောင်း အင်မရမ် ခန်းရဲ့ PTI ပါကစ္စတန် တေရိခ် အီ အင်န်ဆက်ဖ် ပါတီနဲ့ ဝန်ကြီးချုပ်ဟောင်း နဝါ့ဇ် ရှာရစ် ရဲ့ PML-N ပါကစ္စတန် မွတ်ဆလင် အဖွဲ့ချုပ် နဝါ့ဇ် ပါတီ တို့ အကျိတ်အနယ် ဖြစ်ဖို့ ရှိပါတယ်။
မဲပေးသူတဦးက ဘယ်ပါတီပဲ နိုင်နိုင် တိုင်းပြည်မှာ ပညာရေး ပိုကောင်းမွန်လာအောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်လို့ ပြောသွားသလို နောက်မဲဆန္ဒရှင် တဦးကလည်း တိုင်းပြည်မှာ အပြောင်းအလဲတခု ဖြစ်လာဖို့ အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ လူတန်းစားက အထက်တန်းစားတွေနဲ့ တပြေးညီ ဝန်ဆောင်မှုတွေ ခံစားနိုင်မယ့် စနစ်တခု ရှိလာမယ်လို့ မျှော်လင့်ကြောင်း ပြောသွားပါတယ်။
အရပ်သား အစိုးရ အဖွဲ့က သက်တမ်းပြည့် အုပ်ချုပ်ခဲ့အပြီး နောက်အစိုးရကို လွှဲပေးတာ ဒါဟာ ဒုတိယအကြိမ် ဖြစ်တာမို့ အခုဒီရွေးကောက်ပွဲဟာ သိသာထင်ရှားတဲ့ ရွေးကောက်ပွဲ ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် ရွေးကောက်ပွဲ မတိုင်ခင်မှာတော့ အချေအတင် အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ နဝါ့ဇ် ရှာရစ်ဟာ အဂတိ လိုက်စားမှု စွဲချက်နဲ့ လောလောဆယ် အကျဉ်းကျနေပြီး အခု သူ့ ပါတီကို သူ့ညီ ဖြစ်သူ ရှီဘာ့ဇ်က ဦးဆောင်နေပါတယ်။
အင်မရမ် ခန်းနဲ့ သူ့ ရဲ့ PTI ပါတီကို အသာပေးဖို့ တရားရုံးရဲ့ အကူအညီနဲ့ စစ်တပ်က မစ္စတာရှရစ်ရဲ့ PML-N ပါတီကို ပစ်မှတ်ထား နှိပ်ကွပ် ဖမ်းဆီးမှုတွေ လုပ်နေတယ် ဆိုပြီး PML-N ပါတီက ပြောပါတယ်။
PML-N ပါတီဝင် အတော်များများက သူတို့ကို PTI ပါတီထဲ ပြောင်းဖို့ ခြိမ်းခြောက် ပြောဆိုတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ ၇၁ နှစ်ကြာ သမိုင်းစဉ်အတွင်း တဝက်နီးပါးလောက်ကို စစ်တပ်က အုပ်ချုပ်ခဲ့တာပါ။
အဂတိလိုက်စားမှု ပြဿနာကို ကိုင်တွယ် ဖြေရှင်းမယ်လို့ အင်မရမ် ခန်းက မဲဆွယ်စည်းရုံး ကတိပြုထားပေမယ့် သူဟာ စစ်တပ်နဲ့ ပေါင်းတဲ့အတွက် အကျိုးအမြတ်တွေ ရခဲ့တယ် ဆိုပြီး သူ့ပြိုင်ဘက်တွေက စွပ်စွဲနေပါတယ်။
ပါကစ္စတန် ခရစ်ကက်အသင်း ကမ္ဘာ့ဖလားဆု ဆွတ်ခူးနိုင်ခဲ့ပြီး သိပ်မကြာခင် ၁၉၉၀ ပြည့်လွန်နှစ် နှောင်းပိုင်းမှာ ခရစ်ကက် ကစားသမားဟောင်း အင်မရမ် ခန်း နိုင်ငံရေး လောကထဲ ဝင်လာခဲ့တာပါ။
ဒါပေမယ့် ၂၀၁၃ ခုနှစ်လောက်ကျမှ အင်မရမ် ခန်းက အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ လှုပ်ရှား မဲဆွယ်ပြီး ရွေးကောက်ပွဲမှာ သူ့ပါတီ ဝင်ပြိုင်ခဲ့တာပါ။
အဲဒီရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးခဲ့ပေမယ့် လူအများအကြား အငြင်းပွားစရာ လှုပ်ရှားမှုတွေကို ဆက်ဦးဆောင်ခဲ့ပါတယ်။
အခု ဒီရွေးကောက်ပွဲကတော့ အင်မရမ် ခန်းအတွက် ဝန်ကြီးချုပ် ဖြစ်နိုင်မယ့် အလားအလာ အများဆုံး ရွေးကောက်ပွဲ ဖြစ်ပါတယ်။
ဒီတော့ ဒီတကြိမ် ရွေးကောက်ပွဲမှာ အင်မရမ် ခန်း အနိုင်ရပြီး ဝန်ကြီးချုပ် ဖြစ်လာမလား ဒါမှမဟုတ် အကျဉ်းကျ ခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း နဝါ့ဇ် ရှာရစ်ကို သနားပြီး ထောက်ခံမဲပေးကြမလား ဆိုတာကတော့ ကြာသပတေးနေ့ အစောပိုင်း မဲရလဒ်တွေ ထွက်လာတဲ့အခါ အဖြေပေါ်လိမ့်မယ်လို့ အစ္စလာမ်မာဘတ် မြို့က ဘီဘီစီသတင်းထောက် M Ilyas Khan က သုံးသပ်ထားပါတယ်။