ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘောရစ်ဂျွန်ဆင် ရာထူးကထွက်ပြီ
ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင် ရာထူးက နုတ်ထွက် သွားပြီ ဖြစ်ပါတယ်။
ဥရောပ သမဂ္ဂ အဖွဲ့ အီးယူထဲက ဗြိတိန်နှုတ်ထွက်ရေး ဘရက်ဇစ် လုပ်ငန်းစဉ်မှာ ဝန်ကြီးချုပ် ထရီဆာမေ အစိုးရ အနေနဲ့ အီးယူနဲ့ကြား ဘယ်လို သဘောတူ မှုတွေ ရယူမလဲ ဆိုတဲ့အပေါ် မစ္စစ်မေနဲ့ မစ္စတာဂျွန်ဆင်ကြား သဘောကွဲလွဲ ခဲ့တာ ဖြစ်ပါတယ်။
အီးယူထဲက နုတ်ထွက်ဖို့ ၉ လ တောင် မလိုတော့တဲ့ အချိန် ဗြိတိသျှရေး အင်မတန် မငြိမ်မသက် ဖြစ်လာပြီး အစိုးရ ကက်ဘိနက်ထဲ သဘောထားတွေ ကွဲလွဲ နေပါတယ်။
ဘရက်ဇစ် ညှိနှိုင်းရေးကို ကြီးကြပ်ဖို့ တာဝန်ယူထားတဲ့ ဒေးဗစ်ဒေးဗစ်လည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။
အီးယူထဲက ထွက်ပေမယ့်လည်း လွတ်လပ်စွာ ကုန်သွယ်ရေး ဆက်လက် ထားရှိမယ် ဆိုတဲ့ ထရီဆာမေရဲ့ သဘောထားအပေါ် လက်မခံသူတွေ အခုလို အစိုးရ ရာထူးတွေကနေ နှုတ်ထွက် နေတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် နေအိမ် အမှတ် ၁ဝ ဒေါင်းနင်းလမ်းရဲ့ ထုတ်ပြန်ချက် ထဲမှာတော့ မစ္စတာ ဂျွန်ဆင် ဆောင်ရွက်ခဲ့တာတွေ အတွက် ကျေးဇူး တင်ပါကြောင်း ဖော်ပြထားပါတယ်။
နိုင်ငံခြားရေး ဝန်ကြီး နေရာမှာ ဘယ်သူ့ကို အစားထိုးမလဲ ဆိုတာ မကြာခင် ကြေညာသွားမယ် လို့လည်း ဆိုပါတယ်။
အခုလို မစ္စတာ ဂျွန်ဆင် နုတ်ထွက်သွားတာဟာ ထရီဆာမေ အစိုးရအတွက် မျက်နှာပျက် အရှက်ရစရာ ဖြစ်လာစေပြီး အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင် လာရဖွယ် ရှိတယ်လို့ ဘီဘီစီရဲ့ နိုင်ငံရေး ဆိုင်ရာ သတင်းထောက် လော်ရာ ကူးန်စ်ဘာ့ဂ်က ပြောပါတယ်။
မစ္စတာ ဂျွန်ဆင်ဟာ ဘရက်ဇစ် အတွက် ဦးဆောင် ဆော်ဩခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။
ဝန်ကြီးချုပ် မေ အနေနဲ့ အယုံအကြည်မရှိ အဆို တင်ခံလာရတဲ့ အထိ ဖြစ်လာနိုင်တယ် ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။