မြောက်ကိုရီးယားမှာ မလေးရှားသံရုံးပြန်ဖွင့်မယ်

မြောက်ကိုရီးယား,မလေးရှား

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, မလေးရှားမြို့တော် ကွာလာလမ်ပူက မြောက်ကိုရီးယားသံရုံးကိုလုံခြုံရေးတင်းကျပ်ထားတဲ့ ၂၀၁၇ ခုနစ် မတ်လက တွေ့ရစဉ်

ကင်ဂျုံအွန်းရဲ့ ဖအေတူ မအေကွဲအကိုဟာ မလေးရှားနိုင်မှာ လုပ်ကြံခံရပြီးနောက် နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု ရပ်နားဖို့ စဉ်းစားခဲ့တဲ့ မလေးရှားအနေနဲ့ ပြုံးယမ်းမှာ သူတို့ရဲ့ သံရုံးကို ပြန်ဖွင့်ဖို့ ရှိနေတယ်လို့ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောပါတယ်။

မဟာသီယာမိုဟာမက်ရဲ့ ဂျပန်ခရီးစဉ်အတွင်း လွန်ခဲ့တဲ့ တနလာၤနေ့တုန်းက ဂျပန်အခြေစိုက် နီကေး အေရှင်ရီဗျူးသတင်းဌာနရဲ့ မေးမြန်းခန်းမှာ မဟာသီယာမိုဟာမက်က သံရုံးပြန်ဖွင့်ဖို့ စီစဉ်နေတဲ့အကြောင်း ပြောဆိုခဲ့မှုကို ရိုက်တာ သတင်းက ပြန်လည်ဖော်ပြခဲ့တာပါ။

တချိန်တုန်းက မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကောင်းခဲ့ဖူးတဲ့ မလေးရှားဟာ ကင်ဂျုံအွန်းရဲ့ အစ်ကို ကင်ဂျုံနမ်အသတ်ခံရခဲ့တဲ့ ၂၀၁၇ ခုနစ် ဖေဖော်ဝါရီလက စလို့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို အဆင့်လျှော့ချခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက မလေးရှားရောက်နေတဲ့ ကင်ဂျုံနမ်ဟာ ကွာလာလမ်ပူလေဆိပ်မှာ အမျိုးသမီးနှစ်ဦးက VX အာရုံကြောထိခိုက်စေတဲ့ အဆိပ်နဲ့ မျက်နှာကို ပက်ဖျန်းခံရပြီးနောက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

အဲဒီ အရည်ကိုပျက်ဖျန်းခဲ့သူ အမျိုးသမီးနှစ်ဦးကတော့ သူတို့အနေနဲ့ အမှန်တကယ်ဖြစ်ရပ်ဆန်ဆန်ရိုက်ကူးတဲ့ တီဗီပြကွက်တခုမှာ ပါဝင်သရုပ်ဆောင်နေရတယ်လို့ ယုံကြည်ခဲ့တာဖြစ်ပြီး သူတို့ကိုင်ထားတာဟာ အဆိပ်မှန်းမသိခဲ့ဘူးလို့ တရားခွင်မှာထွက်ဆိုခဲ့တာပါ။ အဲဒီ တရားခွင့် စစ်ဆေးမှုဟာ အခုထိလည်း မပြီးပြတ်သေးပါဘူး။

အမေရိကန်နဲ့ တောင်ကိုရီးယားကတော့ အဲဒီ သတ်ဖြတ်မှုဟာ ပြုံးယမ်းက စီစဉ်ထားခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။

အဲဒီဖြစ်ရပ်နောက်ပိုင်းမှာတော့ မလေးရှားဟာ မြောက်ကိုရီးယားမှာ ရှိတဲ့ သူတို့သံအမတ်ကို ပြန်လည်ခေါ်ယူခဲ့သလို သူတို့နိုင်ငံသားတွေကို မြောက်ကိုရီးယားကို သွားလာခွင့် ပိတ်ပင်ခဲ့တာပါ။

ဒါ့အပြင် မြောက်ကိုရီးယားနဲ့ မလေးရှားအကြား ဗီဇာမလိုပဲ သွားလာနိုင်ခွင့်ကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။

အပြန်အလှန်အနေနဲ့ မြောက်ကိုရီးယားကလည်း မလေးရှားနိုင်ငံသားတွေ ပြုံးယမ်းကို လာရောက်ခွင့် ပိတ်ခဲ့သလို အဲဒီလိုပိတ်ပင်တဲ့အတွက် သံတမန်သုံးဦးနဲ့ မိသားစုဝင် ၆ ဦးဟာ ပိတ်မိနေခဲ့တာပါ။

မြောက်ကိုရီးယားပြန်သွားတဲ့ နိုင်ငံသား ၃ ဦးကို မေးမြန်းဖို့အတွက် မလေးရှားကို ပြန်လည်စေလွှတ်ပေးဖို့နဲ့ ကင်ဂျုံနမ်ရဲ့ အလောင်းကို မြောက်ကိုရီးယားကို ပြန်ပေးဖို့ကိုတော့ သဘောတူခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီမေးမြန်းခံရသူ မြောက်ကိုရီးယား ၃ ဦးကို မလေးရှားက ပြန်လွှတ်ပေးခဲ့ပါတယ်။

ပြုံးယမ်းမှာ ရှိတဲ့ မလေးရှားသံရုံးမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနစ် ဧပြီလကတည်းက ဝန်ထမ်းတဦးမှ မရှိတော့ပါဘူး။

ကင်ဂျုံအွန်း,ကင်ဂျုံနမ်,မြောက်ကိုရီးယား,မလေးရှား

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကင်ဂျုံအွန်းရဲ့ ဖအေတူ မအေကွဲ အစ်ကို ကင်ဂျုံနမ်

မလေးအစိုးရအနေနဲ့ အဲဒီသံရုံးကို ပိတ်ပစ်ပြီး ပေကျင်းကို ပြောင်းရွှေ့ကာ သံနဲ့ ကောင်စစ်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတွေလုပ်ဖို့ စဉ်းစားထားခဲ့တာဖြစ်ပါတယ်။

အဲဒီ အင်တာဗျူးဟာ စကာၤပူမှာ ဇွန်လ ၁၂ ရက်နေ့ ပြုလုပ်တဲ့ ကင်ဂျုံအွန်းနဲ့ သမ္မတ ထရမ့်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်တရက်မှာ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့ အကျိုးစီးပွားကို အခြေခံ ထိန်းသိမ်းပြီး အမေရိကန်ကို တတ်နိုင်သမျှလိုက်လျောဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်မှာပါ။ အမေရိကန်မှာလည်း သူတို့ စိတ်ဝင်းစားမှုနဲ့ သူ့အကျိုးစီးပွားရှိပါတယ်လို့ မဟာသီဟာက ပြောပါတယ်။

သံသယဖြစ်တိုင်းသာ မယုံကြည်ဘူးဆိုပြီး အလုပ်မလုပ်ဘူးဆိုရင် ကျွန်တော်တို့ဟာ လူတွေနဲ့ အလုပ်လုပ်ဖို့ ဖြစ်နိုင်မှာ မဟုတ်ပါဘူးလို့ မဟာသီယာက ပြောပါတယ်။