ကန်နဲ့မြောက်ကိုရီးယားကြား စစ်မှန်တဲ့သဘောတူညီချက် ရနိုင်မလား

အမေရိကန်နဲ့ မြောက်ကိုရီးယားကြား စစ်မှန်တဲ့ သဘောတူညီချက်တရပ် ရနိုင်မလားဆိုတာ ကမ္ဘာက မကြာခင်သိရလိမ့်မယ်လို့ အမေရိကန် သမ္မတ ထရမ့်က ပြောပါတယ်။

နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံမှုဟာ အဆင်ပြေချောမွေ့ပေမယ့် အဆုံးမှာတော့ ဒီလို နှစ်ဖက် အရာရှိတွေ တွေ့ဆုံမှုဟာ အဖြေမဟုတ်သေးပါဘူးလို့မစ္စတာ ထရမ့်က ဆိုပါတယ်။

စင်ကာပူမှာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းနဲ့ သမိုင်းဝင်တွေ့ဆုံမှု မလုပ်ခင် အချိန်ပိုင်းအတွင်း တွတ်တာ စာမျက်နှာပေါ်မှာ သူက အခုလိုရေးသားခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ ပထမခြေလှမ်း က ကိုရီးယားစစ်ပွဲ အဆုံးသတ်ကြောင်း ကြေညာဖို့ ၊ ဒုတိယအဆင့် ကတော့ အမေရိကန်နဲ့ မြောက်ကိုရီးယား ငြိမ်းချမ်းရေး စာချုပ်ချုပ်ဖို့ ၊ တတိယက အမေရိကန်နဲ့ မြောက်ကိုရီးယား တရားဝင် သံဆက်ဆံရေး ထူထောင်ဖို့နဲ့ အဲဒီနောက် မြောက်ကိုရီးယားမြေမှာ စစ်ရေးနဲ့ လေကြောင်းက တိုက်ခိုက်မှုတွေ မရှိတော့ဘဲ သူတို့ရဲ့ လုံခြုံရေးနဲ့ ဘေးအန္တရယ် ကင်းရှင်းရေးတို့ အတွက် အာမခံချက် ရှိသွားတော့ မှာပါလို့ ဆိုးလ်မြို့က တောင်ကိုရီးယား အာဏာရ ဒီမိုကရက်တစ် ပါတီအမတ် Pyo Chang Won က ပြောပါတယ်။

မစ္စတာ ထရမ့်နဲ့ မစ္စတာ ကင်တို့ နာရီပိုင်းအတွင်း ဆန်တိုဆာကျွန်းမှာ အတူတကွမျက်နှာချင်းဆိုင် တွေ့ဆုံတဲ့အခါ သူတို့ဟာ ပထမဆုံး တွေ့ဆုံကြတဲ့ အမေရိကန်နဲ့ ကိုရီးယား ခေါင်းဆောင်တွေအဖြစ် သမိုင်း၀င်သွားတော့မှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း တို့ ဟာ စင်ကာပူ နိုင်ငံ စင်တိုဆာ ကျွန်းပေါ်က ကာပဲလား ဟိုတယ် မှာ စင်ကာပူ အချိန် မနက် ၉နာရီ မှာ တွေ့ကြမှာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ နှစ်ဘက် စကားပြန်တွေ ပဲ ပါပြီး နှစ်ယောက်ချင်း သီးသန့်တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပြီးတော့ မှ တခြား အရာရှိကြီးတွေ ပါဝင်တဲ့ ဆွေးနွေးပွဲ ကို ဆက်လက် လုပ်မဲ့ အကြောင်း နဲ့ တခါ နေ့လယ်စာ စားယင်း အလုပ်သဘော ဆက်လက် ဆွေးနွေး ကြမယ် လို့ အမေရိကန် အိမ်ဖြူတော် က သတင်း ထုတ်ပြန် ထားပါတယ်။

ပုံမှန် လုပ်နေကျ ထိပ်သီးဆွေးနွေးပွဲတွေ မှာ ဆိုရင် ပါဝင် ဆွေးနွေးမဲ့ သူတွေဘက် က အကြောင်းအရာ နဲ့ အစီအစဉ် ကို ကြိုတင် ရေးဆွဲလေ့ ရှိကြပေမဲ့ ဒီ နေရာ မှာတော့ အကြမ်းဖျဉ်း ပဲ သိထားကြပါတယ်။

တောင်ကိုရီးယား ကျွန်းဆွယ် မှာ နျူကလီးယား လက်နက် ကင်းစင်ရေးအတွက် ကင်ဂျုံအွန်း ဘက် က လက်နက် ထုတ်လုပ်ရေး စခန်းတွေ ဖျက်သိမ်းပေးရေး ဖြစ်ပါတယ်။

အမှန်တကယ် ဖျက်သိမ်းခြင်းရှိမရှိ ကိုလည်း စစ်ဆေးရေး အဖွဲ့ ဝင်ရောက် ကြည့်ရှုခွင့် ပြုရမှာလို့ ဆိုပါတယ်။

တကယ် လက်တွေ့မှာ ကင်ဂျုံအွန်း က လက်နက်စခန်းတွေ ကို အလွယ်တကူ ဖျက်သိမ်းပေးမှာပါလား၊ ဒီ လက်နက်တွေ ဟာ မြောက်ကိုရီးယား အတွက် အဖိုးမဖြတ်နိုင်တဲ့ ဓါးသဖွယ် အစွမ်းထက်လှပါတယ်။

နောက်တချက် ကလည်း မြောက်ကိုရီးယား မှာ နျူကလီးယား ဒုံး လက်နက်တွေ ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ တချို့က ၂၀ လို့ ခန့်မှန်းသလို၊ အများကတော့ ၆၀ ဝန်းကျင် လို့ ဆိုပါတယ်။

The Rand Corporation ကဆိုရင် လက်နက်ထုတ်လုပ်တဲ့ စခန်းတွေပင် ၁၄၁ ခု ရှိလို့ စစ်ဆေးရေး အဖွဲ့ဝင်ခွင့် ပြုတဲ့ တိုင်အောင်၊ တောင်ထူထပ်တဲ့ နေရာ တွေမှာ မြေအောက်လှိုဏ်ခေါင်း ဖေါက်တဲ့ နေရာမှာ ကျွမ်းကျင်လှတဲ့ မြောက်ကိုရီးယား တို့ လျှို့ဝှက် စခန်းတွေ ကို သိရှိဖို့ မလွယ်ဘူး လို့ ဆိုပါတယ်။

အကောင်းဘက် က တွေးမယ် ဆိုရင်တော့ ကင်ဂျုံအွန်းဟာ ငယ်ရွယ်တဲ့ ခေါင်းဆောင် ဖြစ်တဲ့ အတွက် သူ့နိုင်ငံကို နှစ်ပေါင်းများစွာ ဦးဆောင် အုပ်ချုပ်လိုသူဖြစ်ပါတယ်။

နောက်ပြီး သူ့နိုင်ငံသား တွေ ကိုလည်း စီးပွားရေး ပြုပြင် ပြောင်းလဲမှု လုပ်ပေးပါ့မယ် လို့ ကတိပြုထားတဲ့ အတွက် နိုင်ငံတကာ က စီးပွားရေး ပိတ်ဆို့မှု တွေ ဖယ်ရှားပေးရေး ဟာ သူ့အတွက် အရေးကြီးပါတယ်။

အထီးကျန် အပယ်ခံ နျူကလီးယား လက်နက်ပိုင်ရှင် အာဏာရှင် ဘဝ ကနေ နိုင်ငံတကာ အဆင့်မီ နိုင်ငံရေး ခေါင်းဆောင် အဖြစ်လည်း သူမျှော်မှန်း ထားလို့ သမ္မတထရမ့် ဘက်က သံတမန် အောင်မြင်မှု သရဖူ ကမ်းလှမ်းချိန် မှာ သူ ရယူလိုပုံ ရှိကောင်း ရှိနိုင်ပါတယ်။

ခေါင်းဆောင် နှစ်ဦးဆွေးနွေးပွဲ အခြေအနေဟာ မျှော်မှန်းတာထက် ကောင်းမွန်ရင် ကင်ဂျုံအွန်း ကို အမေရိကန် ပြည်ထောင်စု ကို တရားဝင်ဖိတ်ကြားတဲ့ အဆင့် ရောက်လာဘွယ် ရှိပါတယ်။

မည်သို့ဆိုစေ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ကလည်း နှစ်ဘက် ညှိနှိုင်းဆွေးနွေး ပွဲ အောင်မြင်ဖို့ အတွက် လိုအပ်တဲ့ ကူညီ ပံ့ပိုးမှု အသင့် လို့ ဆိုပါတယ်။

ကုလသမဂ္ဂ ဘက်က ကမ်းလှမ်းမဲ့ အကူအညီတွေ ထဲမှာ မြောက်ကိုရီးယား ပြည်သူ ခြောက်သန်းခန့် အရေးပေါ် လိုအပ်နေ တဲ့ လူသားချင်းစာနာမှု အတွက် အကူငွေ အမေရိကန် ဒေါ်လာ ၁၁၁ သန်း ကို ရှာဖွေ နေတဲ့ အကြောင်း၊ တောင်နဲ့ မြောက် ကိုရီးယား ဘက်ခြမ်းတွေ မှာ ကွဲကွာနေတဲ့ မိသားစုတွေ ပြန်လည် ပေါင်းစည်းရေး၊ စတာတွေ ပါဝင်ပါတယ်။

ဒါကြောင့်မို့ ဘယ်အတိုင်းအတာ အထိ ကိုးရီးယား ကျွန်းဆွယ် အပါအဝင် ကမ္ဘာကြီး နျူကလီးယား လက်နက် ကင်းစင်ရေး မှာ ပါဝင် ပတ်သက်နေတဲ့ ခေါင်းဆောင်တွေတင် မကပဲ နိုင်ငံတကာ ကပါ စိတ်ရှည်ရှည် နဲ့ ပါဝင်ကြဖို့ ကုလသမဂ္ဂ က နှိုးဆော် လိုက်ပါတယ်။