မြောက်ကိုရီးယား စစ်ခေါင်းဆောင် သုံးယောက် ဖယ်ရှားခံရဆို

မြောက်ကိုရီးယားက ထိပ်တန်း စစ်ခေါင်းဆောင် သုံးယောက် ဖယ်ရှားခံရတယ် ဆိုတဲ့ သတင်းထွက်လာပါတယ်။

အမေရိကန် သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ ထိပ်သီးဆွေးနွေးပွဲ မလုပ်ခင် ရက်ပိုင်းအတွင်း ဖယ်ခံရတာ ဖြစ်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ပတ်ယုံဆစ်နဲ့ သူ့ရဲ့လက်ထောက် စစ်ဦးစီးချုပ် အပြင် တပ်ရဲ့ ပေါ်လစ်ဗျူရို ညွှန်ကြားရေးမှူးပါ အဖြုတ်ခံရပြီး လူငယ် အရာရှိတွေနဲ့ အစားထိုးခံရတယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် အရာရှိတွေ ဆီက သတင်းထွက်လာပါတယ်။

ဒီခေါင်းဆောင်သစ်တွေက ပိုပြီး သဘောထား ပျော့ပျောင်းသူတွေလို့လည်း ဆိုပါတယ်။

ကင်ဂျုံအွန်းနဲ့ ထရမ့်တို့ လက်နက် ဖျက်သိမ်းရေး ကိစ္စ ဆွေးနွေးပွဲ လုပ်ရင် တပ်ထဲက မကျေနပ်တာတွေ ရှိလာမှာကို ကင်ဂျုံအွန်း ပူပန်ပုံ ရတယ် လို့လည်း သုံးသပ်ကြပါတယ်။

မြောက်ကိုရီးယား နိုင်ငံသားတွေအတွက် အမေရိကန် ကို နယ်ချဲ့ ရန်သူ ဆိုပြီး အစဉ်တစိုက် သင်ကြား ခံလာရတာပါ။

ဒါပေမဲ့ မြောက်ကိုရီးယား အစိုးရ ရုပ်သံတွေက ဒီရက်ပိုင်းမှာ အမေရိကန်ကို တိုက်ခိုက်တာတွေ အသံလျော့လာပြီး အမေရိကန်နဲ့ ဆွေးနွေးပွဲ ကိစ္စနဲ့ ကိုရီးယား ကျွန်းဆွယ်မှာ အဏုမြူ လက်နက် ကင်းရှင်းရေး အကြောင်းတွေကို ထည့်သွင်း ပြောဆိုလာပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲ လုပ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား တပ်ထဲမှာ မကျေလည်တာတွေ ရှိနေတယ်လို့ ယူဆနေကြပါတယ်။

အဲဒီ တပ်ထဲမှာ အဏုမြူ လက်နက်တွေ ရှိမှ မြောက်ကိုရီးယား တည်တံ့မယ်လို့ ယူဆနေသူတွေ အများအပြား ရှိတယ် လို့လည်း သိရပါတယ်။

တောင်ကိုရီးယား အစိုးရဘက်ကတော့ မှတ်ချက်တစုံတရာ မပေးသေးပါဘူး။