ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကင်ဂျုံအွန်း အကြံပေး အမေရိကန်ကိုသွား
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ အနီးကပ် အကြံပေးတယောက် အမေရိကန် နိုင်ငံကို သွားရောက် နေတယ်ဆိုတဲ့ သတင်းတွေ ရရှိထားပါတယ်။
ပြုံယမ်း ထောက်လှမ်းရေး ဌာနကို တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးတဲ့ ကင်ယန်ချိုး ဟာ တရုတ် နိုင်ငံ မြို့တော် ဘေဂျင်းကို အရင် ဝင်မှာ ဖြစ်ပြီး အမေရိကန်ကို ခရီးဆက်လိမ့်မယ်လို့ တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်က ပြောပါတယ်။
ဗိုလ်ချုပ်ကြီး ကင်ယန်ချိုး အခုလို ခရီးစဉ် တကယ်ရှိနေတယ် ဆိုရင် အမေရိကန် သူ့ကို ပြည်ဝင်ခွင့် ပြန်ဖွင့် ပေးလိုက်ပုံ ရပါတယ်။
ဂျီနီဗာမှာ ကျင်းပနေတဲ့ နျူကလီယား လက်နက် ဖျက်သိမ်းရေး ကုလသမဂ္ဂ အစည်းအဝေးကို လာတက်နေတဲ့ အမေရိကန် ကိုယ်စားလှယ် ရောဘတ် ဝုဒ်ကလည်း ကင်ဂျုံအွန်းနဲ့ ထရမ့်တို့ရဲ့ စင်္ကာပူ ထိပ်သီး ဆွေးနွေးပွဲ အထမြောက် လာအောင် ဆက်လက် ကြိုးစား နေတယ်လို့ ဆိုပါတယ်။
မျှော်လင့်ထားတဲ့ အစည်းအဝေး လက်တွေ့ ဖြစ်လာဖို့ ကြိုးစားနေတဲ့ အဖွဲ့တွေ ရှိနေပါတယ်၊ ထိပ်သီး ဆွေးနွေးပွဲ အကောင်အထည် ပေါ်လာဖို့ အမေရိကန်က မျှော်လင့်ထားတယ် ဆိုပြီး ရောဘတ် ဝုဒ်က ပြောသွားပါတယ်။
တချိန်တည်းမှာပဲ စင်္ကာပူ နိုင်ငံမှာလည်း မြောက်ကိုရီးယားနဲ့ အမေရိကန် ကိုယ်စားလှယ်တွေ တွေ့ဖို့ ရှိနေတယ်လို့ ဂျပန် မီဒီယာတွေက ပြောနေပါတယ်။