ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကွန်ဂိုမှာ အီဘိုလာ မပျံ့အောင် တားမယ်လို့ WHO ပြော
ကွန်ဂိုဒီမိုကရက်တစ် သမ္မတ နိုင်ငံမှာ အီဘိုလာ ဗိုင်းရပ်ပိုး နောက်ထပ် မပျံ့အောင် တားဆီးနိုင်ဖို့ ပြတ်ပြတ်သား ကိုင်တွယ် ဆောင်ရွက် သွားမယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။
ကျေးလက်ဒေသကနေ ဘန်ဒါကာ မြို့အထိ အီဘိုလာ ရောဂါပျံ့နှံ့ ဖြစ်ပွားလာပြီးနောက် ဒီရောဂါ ဖြစ်ပွားမှု တွေ ထိန်းလို့မနိုင်အောင် တိုးလာနိုင်ဖွယ်ရှိတယ်လို့ WHO က သတိပေးထားပြီး စိုးရိမ်ကြောင်းလည်း ပြောပါတယ်။
ဘန်ဒါကာ မြို့မှာ လူ တသန်းနေထိုင်ပြီး ဒီလဆန်းက အီဘိုလာရောဂါသည်တွေ ပြန်စတွေ့တဲ့ နေရာနဲ့ မိုင် ၈ဝ လောက်ပဲ ဝေးတဲ့နေရာ ဖြစ်ပါတယ်။
အဲဒီမှာ ရောဂါသည် တယောက် စတွေ့ရပြီလို့ ကွန်ဂို (CDR) ကျန်းမာရေး ဝန်ကြီးက ဆိုပါတယ်။
ဒီမြို့ဟာ ကင်ရှာဆာ မြို့တော်ကို သွားတဲ့ ခရီးလမ်းဆုံ မြို့ကြီးလည်း ဖြစ်ပါတယ်။
အခုထိ အီဘိုလာ လူနာ ၄၂ ယောက် တွေ့ထားပြီး သေသူ ၂၃ ယောက် ရှိနေပါပြီ။
ဒီရောဂါကို တိုက်ဖျက်နိုင်ဖို့ အရင်ကထက် ပိုကောင်းတဲ့ နည်း လမ်းတွေလည်း ရှိနေပြီလို့လည်း WHO က ဆိုပါတယ်။
ဒါပေမဲ့ ဘန်ဒါကာလို လမ်းဆုံမြို့ကြီးကို ရောဂါရောက်လာတာဟာ သိပ်ကြောက်စရာ ကောင်းတယ်လို့ WHO အကြီးတန်း ကျန်းမာရေး အရာရှိတွေက ဆိုပါတယ်။
မြို့ပေါ်မှာ ကူးတဲ့ အီဘိုလာက ရွာမှာ ဖြစ်တာနဲ့ သိပ်ကွာပါတယ်၊ ရောဂါသည်တွေ ချက်ချင်း တအားတိုးသွားဖို့ ဖြစ်နိုင်ခြေတွေ ရှိနေပြီလို့ WHO အရေးပေါ် ပြင်ဆင် ကုသရေး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ပီတာ ဆာလာမာက ဘီဘီစီကို ပြောပါတယ်။
ကွန်ဂိုမြစ် တလျှောက် အောက်က မြို့ရွာတွေနဲ့ မြို့တော်ထိ၊ နောက် အနားက နိုင်ငံတွေကို ရောဂါကူးမှာကို WHO က စိုးရိမ်နေပါတယ်။
ဒါကြောင့် အပူချိန် အင်မတန် နိမ့်တဲ့ အနေအထားနဲ့ အအေးခံ ထားရတဲ့ စမ်းသပ် ကာကွယ်ဆေးတွေကို WHO က ဖြန့်ဖို့ ပြင်ဆင်နေပါပြီ။
ဒီဆေးတွေ ဘယ်လို အထားခံအောင် စီစဉ်ရမလဲ ဆိုတာကလည်း မီးမှန်မှန် မလာတဲ့ နေရာတွေမှာ အခက်အခဲ ရှိပါတယ်။
အီဘိုလာကို နိုင်ငံတကာ ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာမလား သောကြာနေ့မှာ ဆုံးဖြတ်ဖို့ ရှိပါတယ်။
၂၀၁၄ က နေ ၂၀၁၆ ကာလကြား အနောက်အာဖရိကမှာ အီဘိုလာ ပျံ့နှံ့ဖြစ်ပွားခဲ့တုန်း က လူပေါင်း တသောင်း တထောင့် ၃ ရာ အသက်ဆုံးခဲ့ရတာပါ။
ဆိုးလှတဲ့ ဒီဗိုင်းရပ်စ်ပိုးဟာ ရောဂါ လက္ခဏာတွေ သိပ်ပြတတ်တာမဟုတ်ဘဲ ကိုယ်တွင်းသွေးယို စီး စေပြီး လူသေဆုံးတဲ့အထိ ဖြစ်တတ်တာပါ။
ရောဂါ ကုသနိုင်ဖို့ ဆေးဝါး ကလည်း စမ်းသပ် ဆေးဝါး အဆင့်မှာပဲရှိပါသေးတယ်။
အနောက်ဥရောပလောက် ကျယ်တဲ့ ဒီ ကွန်ဂို နိုင်ငံထဲမှာ ဝေးလံ ခေါင်ဖျားဒေသတွေကို သွားဖို့က ခက်ပါတယ်။
ဒီဆေးက စမ်းသပ်ကုသတုန်းက ထိရောက်မှု ရှိတယ်လို့ ဆိုပေမယ့် တခြား အခက်အခဲတွေ ရှိနေပါတယ်။
ဒေသတွင်း ၁၃ နိုင်ငံ မှာ နယ်စပ်ဖြတ်ကျော်တဲ့သူတွေ ကို ဆေးစစ်ကြည့်ဖို့ အတွက် အားဖြည့်ဆောင်ရွက်နေတယ်လို့ WHO က ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်းက အနောက်အာဖရိကမှာ အီဘိုလာ ဘယ်လောက် ဒုက္ခပေးခဲ့တယ်ဆိုတာ လူအများ က မေ့နိုင်ကြမှာ မဟုတ်ပါဘူး။
အခုတကြိမ်တော့ အရင်လို မဖြစ်ရအောင် စောစောစီးစီး အမြစ်ဖြုတ်နိုင်ဖို့ အတွက် လူအများ က မျှော်လင့်နေကြပါတယ်။